Thailand

ထိုင်းနိုင်ငံ၏ ကျောက်မျက်နှင့်လက်ဝတ်ရတနာ ပြည်ပတင်ပို့မှုကျဆင်းနေခြင်း

Last Updated:

ထိုင်းနိုင်ငံ၏ ကျောက်မျက်နှင့်လက်ဝတ်ရတနာကဏ္ဍသည် ကပ်ရောဂါ၏ရိုက်ခတ်မှုကိုခံစားနေရပြီး ပြည်ပသို့ ကျောက်မျက်နှင့်လက်ဝတ်ရတနာတင်ပို့မှုအနေဖြင့်လည်း ယခုနှစ်အတွက်ကျဆင်းနိုင် သည်ဟု ကျောက်မျက်နှင့်လက်ဝတ်ရတနာသိပ္ပံ Gem and Jewellery Institute (GIT)ကခန့်မှန်းထားပါသည်။

(GIT) ၏ ညွှန်ကြားရေးမှူး Duangkamol Jiambutr က ကျောက်မျက်နှင့်လက်ဝတ်ရတနာတင်ပို့မှု မည်မျှကျဆင်းမည်ဆိုသည်မှာ ကပ်ရောဂါ ဘယ်လောက်ကြာမြင့်မည်ဆိုသည့်အပေါ် မူတည်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကပ်ရောဂါမဖြစ်မီက GIT အနေဖြင့် ကျောက်မျက်နှင့်လက်ဝတ်ရတနာ ပြည်ပတင်ပို့မှု(၃%)တိုးတက်မည်ဟု ခန့်မှန်းထားခဲ့ပါသည်။

ကျောက်မျက်နှင့်လက်ဝတ်ရတနာ ပြည်ပတင်ပို့မှုသည် မော်တော်ကားနှင့်အစိတ်အပိုင်းများ၊ ကွန်ပျူတာနှင့်အစိတ်အပိုင်းများတင်ပို့မှုပြီးပါက ထိုင်းနိုင်ငံ၏ စုစုပေါင်းပြည်ပတင်ပို့မှုတန်ဖိုး၏ တတိယနေရာတွင်ရှိနေပါသည်။ ကျောက်မျက်နှင့် လက်ဝတ်ရတနာ လုပ်ငန်းတွင် ဝန်ထမ်းပေါင်း (၇၀၀,၀၀၀) ကျော်ရှိပါသည်။ ယမန်နှစ်က ရွှေအပါအဝင် ကျောက်မျက်နှင့်လက်ဝတ်ရတနာ ပြည်ပတင်ပို့မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၅.၇) ဘီလီယံ (ဘတ်၄၈၉ဘီလီယံ) ရှိခဲ့ပြီး ယခင်နှစ်ကထက် (၃၀.၃%) မြင့်တက်ခဲ့ခြင်း ဖြစ်ပါသည်။ ဘတ်ငွေတန်ဖိုးအရ ပြည်ပတင်ပို့မှုတန်ဖိုးမှာ ဘတ်(၄၈၆)ဘီလီယံရှိခဲ့ပြီး ယမန်နှစ်ကထက်(၂၆.၆%) မြင့်တက်ခဲ့ခြင်း ဖြစ်ပါသည်။

ရွှေမပါဝင်ပါက ကျောက်မျက်နှင့်လက်ဝတ်ရတနာ ပြည်ပတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၈.၀၉)ဘီလီယံရှိပြီး ၂၀၁၈ ခုနှစ်ကထက် (၆.၃၄%) မြင့်တက်ခဲ့ခြင်း ဖြစ်ပါသည်။ ဘတ်ငွေတန်ဖိုးအရဆိုပါက စုစုပေါင်းဘတ်ငွေ(၂၅၁)ဘီလီယံ ရှိခဲ့ပြီး (၂.၇၀%) မြင့်တက်ခဲ့ခြင်းဖြစ်ပါသည်။ အဓိက ပြည်ပတင်ပို့သောဈေးကွက်များမှာ အာဆီယံ၊ အိနိ္ဒယ၊ အရှေ့အလယ်ပိုင်းနှင့် ဟောင်ကောင်တို့ ဖြစ်ပါသည်။ မိမိတို့အနေဖြင့် တန်ဖိုးကြီးထုတ်ကုန်များတင်ပို့မှု အများစုကို လေကြောင်းလမ်းဖြင့်ပေးပို့ရန်အတွက် မေလတွင် ရှင်းလင်းမှုရှိ/မရှိကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ အကယ်၍ တရုတ်ခရီးသွားဧည့်သည်များ ပြန်လည်ရောက်ရှိလာပါက မြန်မြန်ပြန်လည်နာလန်ထူလာနိုင်မည်ဖြစ်ကြောင်း သူမက ပြောကြားခဲ့ပါသည်။

Ms.Dyangkamol က ကျောက်မျက်နှင့်လက်ဝတ်ရတနာများမှာ တရုတ်လူမျိုးများ အများဆုံးဝယ်ယူကြသည့် ဈေးဝယ်စာရင်းများထဲမှ ထိပ်တန်း (၁၀) မျိုးထဲမှ တစ်ခုဖြစ်ကြောင်း၊ သို့ဖြစ်၍ ထိုင်းလုပ်ငန်းရှင်များအနေဖြင့် တရုတ်ခရီးသွားများ ပြန်လည် ရောက်ရှိလာမှုအတွက် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ပြောကြားခဲ့ပါသည်။ သူမက GIT အနေဖြင့် ထိုင်းဘဏ်လုပ်ငန်းရှင်များ အသင်းနှင့်ကျောက်မျက်နှင့် လက်ဝတ်ရတနာလုပ်ငန်းမှ ကိုယ်စားလှယ်များနှင့် (၂၉.၄.၂၀၂၀) ရက်နေ့တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း၊ အကျပ်အတည်းကာလအတွင်း အလုပ်သမားများ ဆက်လက်ရှင်သန်စေရေးအတွက် ကုမ္ပဏီများ၏ ငွေကြေးဖြစ်လွယ်မှုအပေါ်  ဘဏ်များအနေဖြင့် Soft Loan ချေးငွေ ထုတ်ချေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအပေါ် ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ဘဏ်လုပ်ငန်းရှင်များနှင့် ဆွေးနွေးရာတွင် ၎င်းတို့က SMEs များအနေဖြင့် အခုအချိန်တွင် (၆)လစာအတိုးမဲ့ဖြင့် တစ်နှစ်လျှင် အတိုးနှုန်း(၂%)ဖြင့် ချေးငွေရယူနိုင်ပြီဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                                

Category: Thailand