Thailand

ထိုင်းနိုင်ငံ၏ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးကျဆင်းနေ

Last Updated:

ဘတ်ငွေတန်ဖိုးမြင့်တက်နေမှု၊ မတည်ငြိမ်သောနိုင်ငံခြားငွေကြေးလဲလှယ်မှုနှင့် ကာလ ကြာရှည်နေသော ကုန်သွယ်ရေးစစ်ပွဲတို့ကြောင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးမှာ၂၀၁၉ ခုနှစ် တွင် (၃.၄%) ကျဆင်းခဲ့ရပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြား ကုန်သွယ်မှုဉီးစီးဌာနက ယမန်နေ့ (၂၉.၁.၂၀၂၀ရက်နေ့) ကပြောကြားခဲ့ရာတွင် တစ်ဆင့် ဖြတ်သန်းကုန်သွယ်မှုအပါအဝင် တိုင်းပြည်၏ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတစ်ခုလုံးအနေဖြင့် ဘတ်ငွေ (၁.၃၃၇) ဘီလီယံရှိခဲ့ကြောင်း၊ ၎င်းမှာရည်မှန်းချက် (Target) ဖြစ်သည့် ဘတ်ငွေ (၁.၆) ထရီလီယံထက် လျှော့နည်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါတစ်ဆင့် ဖြတ်သန်းကုန်သွယ်မှုတွင် တစ်နိုင်ငံထက်ပိုသောနိုင်ငံများကို ဖြတ်သန်း သယ်ဆောင်မှုများပါဝင်နေခြင်းဖြစ်ပါသည်။

စုစုပေါင်းကိန်းဂဏန်းများအရ ထိုင်းနိုင်ငံမှ ပို့ကုန်တင်ပို့နိုင်မှုမှာ စုစုပေါင်းဘတ်ငွေ (၇၄၉.၄၂) ဘီလီယံရှိခဲ့ပြီး၊ ယမန်နှစ်ကထက် (၂.၇%) ကျဆင်းခဲ့ကြောင်း၊ သွင်းကုန်တင်သွင်းမှု အနေဖြင့် (၄.၃%) ကျဆင်းခဲ့ပြီးတန်ဖိုးအားဖြင့် ဘတ်ငွေ(၅၈၇.၈၆)ဘီလီယံရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်အတွက် ကုန်သွယ်မှု ပိုငွေအနေဖြင့် ဘတ်ငွေ (၁၆၁.၅၆) ဘီလီယံ ပိုငွေပြခဲ့ကြောင်း သိရှိ ရပါသည်။

နိုင်ငံခြားကုန်သွယ်မှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် KeeratiRushchano ၏ ပြောကြားချက်အရ ထိုင်းနိုင်ငံ၏ အိမ်နီးချင်း (၄) နိုင်ငံနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုမှာ တန်ဖိုး အားဖြင့် ဘတ်ငွေ (၁.၀၆) ထရီလီယံ ရှိခဲ့ကြောင်း၊ ၎င်းမှာ ၂၀၁၈ခုနှစ်ကထက် (၄.၆%)  ကျဆင်း သွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါအိမ်နီးချင်း (၄) နိုင်ငံသို့ ထိုင်းနိုင်ငံမှ ပို့ကုန်တင်ပို့မှု မှာဘတ်ငွေ (၆၁၂.၄၉) ဘီလီယံရှိခဲ့ပြီး (၅.၃%) ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသို့ အဆိုပါ (၄) နိုင်ငံမှ သွင်းကုန်တင်သွင်းမှုမှာ ဘတ်ငွေ (၄၅၆.၇၆) ဘီလီယံ ရှိခဲ့ကြောင်း၊ (၃.၆%) ကျဆင်း သွားခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အဆိုပါ အိမ်နီးချင်း (၄) နိုင်ငံနှင့် ကုန်သွယ်မှု ပိုငွေ အနေဖြင့် ဘတ် (၁၅၅.၇၂) ဘီလီယံရရှိခဲ့ပါသည်။

မလေးရှားနိုင်ငံမှာ အကြီးဆုံးအိမ်နီးချင်းနယ်စပ်ဖြတ်ကျော် ကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုမှာ ဘတ်ငွေ (၅၁၄.၀၆) ဘီလီယံရှိခဲ့ကြောင်း၊ ၎င်း နောက်တွင် လာအိုနိုင်ငံနှင့်ကုန်သွယ်မှုမှာ ဘတ်ငွေ (၁၉၇.၅၂) ဘီလီယံရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ နှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုမှာဘတ်ငွေ (၁၉၆.၄၀) ဘီလီယံရှိခဲ့ကြောင်း၊ ကမ္ဘော ဒီးယာနိုင်ငံနှင့် ကုန်သွယ်မှုမှာ ဘတ်ငွေ (၁၆၁.၂၆) ဘီလီယံအသီးသီးရှိခဲ့ကြောင်း သိရှိရပါသည်။

ဌာန၏ ပြောကြားချက်အရစင်္ကာပူ၊ ဗီယက်နမ်၊ တရုတ်ပြည်တောင်ပိုင်းတို့နှင့် တစ်ဆင့် ဖြတ်သန်းကုန်သွယ်မှုတို့မှာ ယမန်နှစ်ကတိုးတက်ခဲ့ကြောင်း၊ စုစုပေါင်း တစ်ဆင့်ဖြတ်သန်း ကုန်သွယ်မှုပမာဏဘတ်ငွေ (၂၆၈.၀၃) ဘီလီယံရှိခဲ့ကြောင်း၊ ယမန်နှစ်ကထက်(၁.၄%) တိုးတက်ခဲ့ကြောင်း၊ ပို့ကုန်တင်ပို့မှုအနေဖြင့်(၁၀.၇%) တိုးလာပြီး တန်ဖိုးအားဖြင့် ဘတ်ငွေ (၁၃၆.၉၃) ဘီလီယံရှိခဲ့ကြောင်း သွင်းကုန်တင်သွင်းမှုအနေဖြင့် (၆.၇%) ကျဆင်းခဲ့ပြီး တန်ဖိုးအားဖြင့် ဘတ်ငွေ (၁၃၁.၀၉) ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။

တရုတ်ပြည်တောင်ပိုင်းသို့ တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှု ပမာဏမှှာ အမြင့်မားဆုံးအဖြစ် ဘတ်ငွေ (၁၃၀.၄၄) ဘီလီယံရရှိခဲ့ကြောင်း၊ ၎င်းနောက်တွင်စင်္ကာပူနှင့် တစ်ဆင့်ဖြတ်သန်း ကုန်သွယ်မှုပမာဏမှာ ဘတ်ငွေ (၇၂.၇) ဘီလီယံရှိကြောင်း၊ ဗီယက်နမ်နှင့်တစ်ဆင့်ဖြတ်သန်း ကုန်သွယ်မှုပမာဏဘတ်ငေွ (၆၄.၈၄) ဘီလီယံရှိကြောင်း သိရှိရပါသည်။

Mr. Keerati က နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုမှာဘတ်ငွေတန်ဖိုးမြင့်တက်နေမှု၊ ကမ္ဘာ့စီးပွားရေးနှေးကွေးမှု၊ မပြီးသေးသော အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲနှင့် ငွေလဲနှုန်း မတည်ငြိမ်မှုစသည့် အနှုတ်လက္ခဏာဆောင်သောအချက်များ၏ ဖိအားဒါဏ်ကို ခံနေရကြောင်း ပြောကြားခဲ့ပါသည်။

မလေးရှားနိုင်ငံနှင့်ကုန်သွယ်မှုမှာရာဘာ၊ ကွန်ပျူတာများ၊ ရာဘာထုတ်ကုန်များအနေဖြင့် ဆက်တိုက်ဆိုသလိုကျဆင်းနေကြောင်း၊ လာအိုနှင့် ကုန်သွယ်မှုမှာလည်းကျဆင်းနေကြောင်း၊ ဒီဇယ်၊ မော်တော်ကားနှင့် အစိတ်အပိုင်းများ၊ မွေးမြူရေးထုတ်ကုန်အပိုင်းများတွင် အားနည်းကျ ဆင်းနေကြောင်းသိရှိရပါသည်။

မြန်မာနိုင်ငံနှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုမှာ ဖွံ့ဖြိုးမှုနှင့် ဆက်သွားနေကြောင်း၊ သို့ရာတွင် ဒီဇယ်၊ အရက် မဟုတ်သော ဖျော်ရည်များ၊ အထည်အလိပ်နှင့် ချည်ထည်ကဏ္ဍများတို့တွင် နှေးကွေးနေကြောင်းသိရှိရပါသည်။

ကမ္ဘောဒီးယားနှင့် ကုန်သွယ်မှုမှာအထူးသဖြင့် အရက်မဟုတ်သော အချိုရည်များ၊ မော်တော်ကားနှင့် အစိတ်အပိုင်းများ၊ မော်တော်ဆိုင်ကယ်များအတွက် ကောင်းမွန်သော တိုးတက်မှုများ ရှိနေကြောင်းသိရှိရပါသည်။

Mr. Keerati ၏ပြောကြားချက်အရ ယခုနှစ်အတွက် ရည်မှန်းချက် (Target ) အား ယခုနှစ် မတ်လတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး Mr. Jurin Lalsawisit ဉီးဆောင်ကျင်းပမည့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးကော်မတီအစည်းအဝေးတွင် ဆွေးနွေးလိမ့်မည်ဖြစ်ကြောင်းသိရှိရပါသည်။

 

Source: Bangk Post

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

                                                              

Category: Thailand