Thailand

ထိုင်းနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှုသည် ဆယ်စုနှစ်အတွင်းအနိမ့်ဆုံးသို့ကျဆင်းနိုင်

Last Updated:

ထိုင်းဆန်တင်ပို့မှုသည် ယခုနှစ်အတွက် တန်ချိန် (၆.၅) သန်းသို့ ကျဆင်းဖွယ်ရှိပြီး ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးဖြစ်ကြောင်း၊ ယခင်က ပြည်ပဆန်တင်ပို့ရန်(၇.၅)သန်း ခန့်မှန်းခဲ့သော်လည်း အနှုတ်လက္ခဏာဆောင်သော အချက်အလက်များကြောင့်ဖြစ်ကြောင်း ထိုင်းပြည်ပဆန် တင်ပို့သူများအသင်းက ပြောကြားခဲ့ပါသည်။ ထိုင်းပြည်ပဆန် တင်ပို့သူများအသင်း ဂုဏ်ထူးဆောင် ဉက္ကဌ Chookiat Ophaswongse က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာဂျူရင် အပါအဝင် ဝန်ကြီးဌာနမှ အရာရှိများနှင့်တွေ့ဆုံဆွေးနွေးပြီးနောက် ၎င်းတို့အဖွဲ့အနေဖြင့် ဒုတိယနှစ်ဝက်အတွက် ပြည်ပဆန်တင်ပို့မှု  အလားအလာမှာ မှေးမိန်နေကြောင်းနှင့် ယခုနှစ်အတွက် ပြည်ပဆန်တင်ပို့မှုအား တန်ချိန်(၆.၅)သန်းသို့ ကျဆင်းမည်ဟု ခန့်မှန်းကြောင်း ပြောကြားခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့ဆန်ဝယ်လိုအား ကျဆင်းသွားခြင်း၊ ဘတ်ငွေတန်ဖိုးမြင့်တက်နေခြင်းကြောင့် ထိုင်းဆန်ဈေးနှုန်းမှာ ပို၍ဈေးကြီးမြင့်နေခြင်း၊ (သို့မဟုတ်) ဆက်လက်ဖြစ်ပွားနေသော မိုးခေါင်မှုကအထွက်နှုန်းကို လျှော့ကျစေခြင်းတို့က ထိုင်း ပြည်ပဆန်တင်ပို့မှုကို ဆိုးကျိုးများဖြစ်ပေါ်စေခဲ့ကြောင်း သိရှိရပါသည်။

ထိုင်း(၅%)ဆန်ဈေးနှုန်း(5% Broken Rice price)သည် တစ်တန်လျှင် ယခုအခါ အမေရိကန်ဒေါ်လာ(၅၂၀)ဖြစ်နေပြီး ဗီယက်နမ်နှင့်အိနိ္ဒယဆန်တို့၏ ဈေးနှုန်းများမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ(၄၄၀-၄၅၀) နှင့် (၃၆၀) ဟူ၍ အသီးသီးရှိနေကြကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံ၏ ပိုဈေးကြီးသောဆန်ဈေးနှုန်းက ဝယ်ယူသူများသည် မိမိတို့၏ ပြိုင်ဖက်များထံမှ ဆန်များကို ရွေးချယ်စေခဲ့ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

ပထမ(၅)လအတွင်း ထိုင်းနိုင်ငံအနေဖြင့် ဆန်တန်ချိန်(၂.၅၇)သန်းတင်ပို့ခဲ့ပြီး ယမန်နှစ်အလားတူ ကာလကထက် (၃၁.၉%) ကျဆင်းခဲ့ကာ ပို့ကုန်တန်ဖိုးဘတ်ငွေ(၅၄.၂)ဘီလီယံရှိခဲ့ပြီး အလားတူကာလကထက်(၁၃.၂%)ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ ထိုင်းနိုင်ငံမှ ထိပ်တန်းဆန် ဝယ်ယူတင်သွင်းသည့်နိုင်ငံများမှာ အမေရိကန်(၃၃၈,၇၆၉တန်၊ နှစ်အလိုက်တွင် ၄၁.၂% တိုးတက်)၊ တောင်အာဖရိက(၂၃၁,၄၁၂တန်၊ နှစ်အလိုက်တွင်၁၂.၆% ကျဆင်း)၊ အန်ဂိုလာ(၁၉၅,၄၃၈ တန်၊ နှစ်အလိုက်တွင် ၁.၅% တိကျဆင်း)၊ တရုတ် (၁၂၀,၂၀၇ တန်၊ နှစ်အလိုက်တွင် ၄၁.၆% ကျဆင်း)၊ ဂျပန်(၁၁၆,၃၃၈တန်၊ နှစ်အလိုက်တွင်၇.၉% တိုးတက်)တို့ဖြစ်ပါသည်။

Mr.Chookiat က ယခုနှစ်ဒုတိယနှစ်ဝက်တွင် ထိုင်းနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တန်ချိန် (၃.၅)သန်းခန့် တင်ပို့ရန် ခန့်မှန်းထားပါသည်။ ပထမနှစ်ဝက်တွင် ဆန်တန်ချိန်(၃)သန်း တင်ပို့နိုင်လိမ့်မည်ဟု ခန့်မှန်းခဲ့ကြောင်း၊ အိနိ္ဒယနှင့်ဗီယက်နမ်တို့အနေဖြင့် ဆန်တန်ချိန်(၅.၅)သန်း နှင့် (၃.၄)သန်း အသီးသီးတင်ပို့လိမ့်မည်ဟု ခန့်မှန်းခဲ့ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့်၂၀၁၉ ခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန်(၇.၅)သန်း တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် ဘတ်ငွေ(၁၃၁)ဘီလီယံ ရှိခဲ့‌ကြောင်း၊ ၎င်းတို့မှာ ယခင်နှစ်ကထက်(၃၂%) နှင့် (၂၅%) အသီးသီးကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)    

Source:Bangkok Post                                                           

 

                                                                              

 

 

Category: Thailand