Thailand

ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့အကြားကုန်သွယ်မှုဆိုင်ရာများဆွေးနွေးခြင်း

Last Updated:

ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား အစိုးရအဖွဲ့ဝင် ဝန်ကြီးများဆွေးနွေးပြီးနောက် ၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး ကို အမေရိကန်ဒေါ်လာ (၂၅) ဘီလီယံအထိ မြှင့်တင်သွားရန် ရည်မှန်းထားကြကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား လေးကြိမ်မြောက် ကုန်သွယ်မှုဆိုင်ရာ ပူးတွဲကော်မတီအစည်းအဝေးကို ကျင်းပခဲ့ပြီး နောက်  ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာဂျူရင်က ဗီယက်နမ်စက်မှုလုပ်ငန်းနှင့် ကုန်သွယ် ရေးဝန်ကြီး  Nguyen Hong Dien နှင့်ဆွေးနွေးရာတွင်  နှစ်နိုင်ငံကုန်သွယ်မှုကို ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၂၅) ဘီလီယံ အထိ တိုးမြှင့်သွားရန်မျှော်မှန်းခဲ့ကြကြောင်း ပြောကြားလိုက်ပါသည်။ အဆိုပါပူးတွဲကော်မတီအစည်းအဝေးကို ထိုင်းနိုင်ငံတွင် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

၂၀၂၁ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် အာဆီယံတွင် ထိုင်းနိုင်ငံ၏ ဒုတိယအကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း၊ တရုတ်၊ ဂျပန်၊ အမေရိကန်၊ အီးယူနှင့်မလေးရှားတို့ပြီးပါက ကမ္ဘာပေါ်တွင် ထိုင်းနိုင်ငံ၏ ဆဌမမြောက်အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ကြောင်း  သိရှိရပါသည်။ ယမန်နှစ်က နှစ်နိုင်ငံကုန်သွယ်မှုအနေဖြင့် အမေရိကန်ဒေါ်လာ (၁၉.၅) ဘီလီယံအထိ ရှိခဲ့ကြောင်း၊ ၎င်း မှာ ၂၀၂၀ ခုနှစ်ကထက် (၁၇.၃%) တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကုန်သွယ်မှုပမာဏတွင် ထိုင်းနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၁၂.၅) ဘီလီယံရှိခဲ့ပြီး (၁၂.၃%) တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံမှ သွင်းကုန် တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ (၆.၉၃) ဘီလီယံရှိခဲ့ပြီး ၎င်းမှာ (၂၇.၆%) တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ တင်ပို့သည့်ပို့ကုန်များအနက် အရေးကြီးသည့်ပို့ကုန်များတွင် မော်တော်ကားများနှင့် မော်တော်ကား အစိတ်အပိုင်းများ၊ ပလပ်စတစ်ကော်စေ့များ၊ သန့်စင်ပြိီးဆီများ၊ ဓါတုဗေဒပစ္စည်းများ၊ လေအေးပေးစက်များနှင့် အစိတ်အပိုင်းများ ပါဝင်ကြပြီး၊ ဗီယက်နမ်နိုင်ငံမှ တင်သွင်းသည့် အဓိကသွင်းကုန်ပစ္စည်းများတွင် လျှပ်စစ်ပစ္စည်းအသုံးအဆောင်များ၊ ရေနံစိမ်း၊ လျှပ်စစ်နှင့် စက်ပစ္စည်းကရိယာအစိတ်အပိုင်းများ၊ စတီးနှင့် စတီးထုတ်ကုန်ပစ္စည်းများ၊ ဓါတုဗေဒပစ္စည်းများတို့ ပါဝင်ကြောင်း သိရှိရပါသည်။

မစ္စတာဂျူရင်၏ အဆိုအရ ထိုင်းနိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံ၏ နယ်စပ်စစ်ဆေးရေးဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံ Youyiguan နယ်စပ်စစ်ဆေးရေးဂိတ်သို့ ထိုင်းနိုင်ငံ၏ သစ်သီးဝလံများတင်ပို့မှုအပေါ် အဆင်ပြေစေရေး ကူညီဆောင်ရွက်ပေးရန် ၎င်းအနေဖြင့် တောင်းဆိုထားကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ Tongxing နယ်စပ်စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်ချိန်တွင် တရုတ်နိုင်ငံ Youyiguan နယ်စပ် စစ်ဆေးရေးဂိတ်အပြင် Pingxiang မီးရထားစစ်ဆေးရေးဂိတ်ကိုလည်း အချိန်နှင့်တပြေးညီ ဖွင့်လှစ်ပေးနိုင်ရေး ဗီယက်နမ်နိုင်ငံ အနေဖြင့် ကူညီဆောင်ရွက်ပေးရန် တောင်းဆိုထားကြောင်း သိရှိရပါသည်။

ဝန်ကြီးမစ္စတာဂျူရင်က တရုတ်နိုင်ငံသို့ ထိုင်းထုတ်ကုန်များတင်ပို့ရာတွင် ပျက်ဆီးမှုများကို ရှောင်ရှားနိုင်စေရေးနှင့် တင်ပို့မှုအရှိန် မြှင့်တင်နိုင်ရန်အတွက်  တရုတ်နှင့်  ဗီယက်နမ်နိုင်ငံများမှဖြင့် အစိမ်းရောင်လမ်း (Green Lanes) များကို တောင်းခံထားကြောင်း ပြောကြားခဲ့ပါသည်။

တရုတ် အာဏာပိုင်များအနေဖြင့်  Zero-Covid မူဝါဒနှင့်အညီ တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်လာသော ထိုင်းသစ်သီးဝလံ ကွန်တိန်နာများကို ၎င်းတို့၏ နယ်စပ်စစ်ဆေးရေးဂိတ်များတွင် တင်းကြပ်စွာစစ်ဆေးလျှက်ရှိနေဆဲဖြစ်ကြောင်း၊ စစ်ဆေးရေးလုပ် ငန်းစဉ်သည် တင်ပို့မှုအပေါ် နှောင့်နှေးစေကြောင်းနှင့် တစ်ခါတစ်ရံ သစ်သီးဝလံပျက်ဆီးမှုများရှိနေကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် ထိုင်းကုန်စည်ပြပွဲများအား ကူညီပေးရန် တောင်းဆိုထားကြောင်း၊ အထူး သဖြင့်မေလ (၂၀-၂၂) ရက်နေ့အထိ Can Tho တွင်ကျင်းပမည့် ကုန်စည်ပြပွဲနှင့် ဇွန်လ (၁၆-၁၉) ရက်နေ့အထိ Quang Ninth တွင် ကျင်းပသွားမည့် Mini Thailand Week Events ကုန်စည်ပြပွဲတို့အတွက်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံတွင် သန့်ရှင်းသောစွမ်းအင်အတွက်  ရင်းနှီးမြှုပ်နှံမှုများကို ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ဗီယက်နမ်လုပ်သားများအား ထိုင်းနိုင်ငံသို့ ပံ့ပိုးပေးရေး၊ လက်ရှိငါးဖမ်းလုပ်ငန်းနှင့် ဆောက်လုပ်ရေးကဏ္ဍများတွင် လုပ်ကိုင်နေ သော လုပ်သားများကို ပံ့ပိုးကူညီရေးများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံထွက် Lamphun golden dried Longan လောင်ဂန်သီးအတွက် ဗီယက်နမ်တွင် ပထဝီဝင်အမှတ် အသားဆိုင်ရာ မှတ်ပုံတင်နိုင်ရေး ကူညီပေးရန် တောင်းဆိုထားကြောင်း၊ ဗီယက်နမ်နိုင်ငံမှ ထိုင်းနိုင်ငံအား ဗီယက်နမ်နိုင်ငံထွက်   သစ်သီးဝလံများဖြစ်သည့် ကျွဲကောသီး၊ ဩဇာသီး၊ ဖျော်ရည်သီး၊ (Star Apple) နှင့် ကြက်မောက်သီးတို့အား  ထိုင်းနိုင်ငံသို့ အရှိန် မြှင့်တင်တင်သွင်းနိုင်ရေး ကူညီပေးခြင်းအားဖြင့် နှစ်နိုင်ငံကုန်သွယ်မှုလိုငွေ  ဖြစ်ပေါ်နေမှုအား ကိုင်တွယ်ဖြေရှင်းဆောင်ရွက်သွား ကြရန် ထိုင်းနိုင်ငံသို့ တောင်းဆိုထားကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

Category: Thailand