Thailand

ထိုင်းပြည်တွင်း စပါးထုတ်လုပ်မှုအပေါ် အထွက်နှုန်းကို အာရုံစိုက်မည့် ဆန်စပါးမဟာဗျူဟာ

Last Updated:

အစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပြည်တွင်းစပါးထုတ်လုပ်မှုအပေါ် အထွက်နှုန်းကို မြေ တစ်ရိုင် (Rai) လျှင် ပျှမ်းမျှအားဖြင့် စပါး(၆၀၀)ကီလိုဂရမ်အထိ တိုးမြှင့်လိုပြီး Premium-grade အဆင်စပါးများကို ပိုမိုအာရုံစိုက် လိုကြောင်းသိရှိရပါသည်။ ကြာသာပတေးနေ့(၂၇-၈-၂၀၂၀ရက် နေ့)က ကျင်းပခဲ့သော ဆန်စပါးဆိုင်ရာ မဟာဗျူဟာအလုပ်ရုံဆွေးနွေးပွဲအပြီးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး Mr.JUrin က မြေတစ်ရိုင်(Rai)လျှင် စပါး (၆၀၀) ကီလိုဂရမ်အထိ အထွက်နှုန်းကိုမြှင့်တင်ရန် လိုအပ်ကြောင်းနှင့် ဆန်စပါးနှင့် အခြားမျိုးစေ့များအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေး R&D အသုံးစရိတ်များအား တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ဆန်စပါးဖွံ့ဖြိုးတိုးတက်မှုအတွက် သုတေသနနှင့် ဖွံ့ဖြိုတိုးတက်ရေး (R&D) အတွက် တစ်နှစ်လျှင် ဘတ်ငွေသန်း(၂၀၀)သာ ချထားပေးကြောင်း၊ ဗီယက်နမ်ထက်စာလျှင် သိသိသာသာနည်းပါးကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် ဆန်စပါးနှင့် အခြားမျိုးစေ့များ ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း(၁၀၀)၊ ဘတ်ငွေအားဖြင့်ဆိုပါက(ဘတ်ငွေ ၃ဘီလီယံ) ခန့် အသုံးပြုလျှက်ရှိကြောင်း သိရှိရပါသည်။

ထိုင်းဆန်တင်ပို့သူများအသင်း၏ ပြောကြားချက်အရ ကမ္ဘာပေါ်တွင် ခန့်မှန်းခြေအားဖြင့် ၂၀၂၀ -၂၁ သီးနှံရာသီအတွင်း ကြိတ်ခွဲပြီး ဆန်တန်ချိန် စုစုပေါင်း တန်ချိန်(၅၀၀)သန်းခန့် ထုတ်လုပ်သွားရန်ရှိနေကြောင်း၊ ၎င်းမှာ ၂၀၁၈-၂၀၁၉ သီးနှံရာသီကရှိခဲ့သော တန်ချိန် (၄၉၇) သန်းထက်များပြားလာခြင်းဖြစ်ကြောင်း၊ ပျှမ်းမျှအထွက်နှုန်းအနေဖြင့် မြေတစ်ရိုင်လျှင် (၇၃၆) ကီလိုဂရမ်ရှိကြောင်း၊ ၎င်းမှာ ယခင်နှစ်သီးနှံရာသီကရှိခဲ့သော (၇၃၀) ကီလိုဂရမ်ထက် များပြားကြောင်းသိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၀-၂၁ သီးနှံရာသီအတွက် ပျှမ်းမျှအထွက်နှုန်း မြေ တစ်ရိုင်လျှင် (၄၅၀) ကီလိုဂရမ် ဖြင့် ကြိတ်ခွဲပြီး ဆန်တန်ချိန်(၂၀)သန်း ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း၊ ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုအထွက်နှုန်းမှာ အခြားသော ဆန်စပါးတင်ပို့သည့်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေကြောင်း၊ ဗီယက်နမ်(မြေတစ်ရိုင်လျှင်၉၃၄ကီလိုဂရမ်)၊ အင်ဒိုနီးရှား (မြေတစ်ရိုင် လျှင် ၇၆၅ ကီလိုဂရမ်)၊ အိန္ဒိယ (မြေတစ်ရိုင်လျှင်၆၄၃ကီလိုဂရမ်)၊ တရုတ် (မြေတစ်ရိုင်လျှင် ၁,၁၂၈ကီလိုဂရမ်)၊ အမေရိကန် (မြေတစ်ရိုင်လျှင် ၁၃၆၃ကီလိုဂရမ်) ဖြစ်ကြကြောင်း၊ ထိုင်းနိုင်ငံ အနေဖြင့် ဆန်စပါးအထွက်နှုန်းတွင် အိမ်နီးချင်းနိုင်ငံများထက်လည်း နည်းပါးကြောင်း၊ မြန်မာ(မြေတစ်ရိုင်လျှင် ၄၆၁ ကီလိုဂရမ်)၊ လာအို(မြေတစ်ရိုင်လျှင် ၅၁၈ ကီလိုဂရမ်)၊ ကမ္ဘောဒီးယား (မြေတစ်ရိုင်လျှင် ၄၆၂ ကီလိုဂရမ်)နှင့် မလေးရှား (မြေတစ်ရိုင်လျှင် ၆၄၂ ကီလိုဂရမ်)တို့ ထွက်ရှိကြောင်း သိရှိရပါသည်။

မစ္စတာဂျူရင်က တိုင်းပြည်အနေဖြင့် ၂၀၂၀-၂၀၂၄ ခုနှစ် ဆန်စပါး မဟာဗျူဟာစီမံချက် ဖြင့် စပါးအမျိုးအစား (၇) မျိုးအပေါ်တွင် အာရုံစိုက်ဆောင်ရွက်သွားသင့်ကြောင်း၊ ၎င်းတို့မှာ ထိုင်းဟုန်းမလိဆန် (Thai Hom mali rice)၊ ထိုင်းဆန်မွှေး(Thai fragrant rice)၊ ပျော့ပြောင်းသည့်ဆန်ဖြူ(Soft textured white rice) မာသောဆန်(Hard-textured white rice)၊ ပေါင်းဆန်(Parboiled rice)၊ ကောက်ညှင်းဆန်(Glutinous)၊နှင့် အထူးဆန်(Speciality rice)တို့ဖြစ်ကြောင်း ၊ ဆန်ဈေးကွက်ကိုလည်း (၃) မျိုးခွဲခြားသင့်ကြောင်း၊ Premium Market အတွက် ထိုင်းဟုန်းမလိဆန် (Thai Hom mali rice)၊ ထိုင်းဆန်မွှေး (Thai fragrant rice)၊ Mass Market အတွက် ပျော့ပြောင်းသည့်ဆန်ဖြူ (Soft textured white rice) ၊ မာသောဆန်(Hard-textured white rice)၊ ပေါင်းဆန်(Parboiled rice)၊Speciality Market အတွက် ကောက်ညှင်းဆန် (Glutinous)၊ နှင့် အထူးဆန် (Specialityrice) တို့ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၎င်းက မဟာဗျူဟာ စီမံချက်အနေဖြင့် ပို့ကုန်တင်ပို့မှု ကုန်ကျစရိတ်ကိုလျှော့ချနိုင်ရန်နှင့် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်စွမ်းအားတိုးတက်စေရေးတို့အတွက် တိုင်းပြည်၏ ထောက်ပံ့ပို့ဆောင်ရေး (Logostic) စွမ်းဆောင်ရည်ကို မြှင့်တင်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။ ပြည်တွင်းမျက်နှာစာအတွက်မူ မဟာဗျူဟာအနေဖြင့် ပြည်တွင်းစားသုံးမှုနှင့် ထုတ်လုပ်မှုနှင့် ရေအရင်းအမြစ်ထောက်ပံ့မှု ဖွံ့ဖြိုးတိုးတက်မှုတို့အကြား ဟန်ချက်ညီမျှတမှု (Balanced) ဖြစ်စေရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် လယ်သမားများအား ဈေးကွက် ဝယ်လိုအားနှင့်အညီ မည်သို့စိုက်ပျိုးရမည်ဆိုသည်နှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အလားအလာရှိသော ဝယ်လက်များနှင့် မည်ကဲ့သို့ အချိတ်အဆက်ပြုရမည်ဆိုသည်တို့ကို လယ်သမားများအား ပညာပေးရေးတို့အတွက် လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနနှင့် ပူးပေါင်းဖွဲ့စည်းဆောင်ရွက်လိုကြောင်း သိရှိရပါသည်။

ထိုင်းဆန်တင်ပို့သူများအသင်း ဉက္ကဌ Charoen Laothammatas က အစိုးရအနေဖြင့် ဆည်မြောင်းစနစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာတိုးတက်မှု(Post Harvest Improvement)တို့အတွက် ပိုမိုရင်းနှီးမြှုပ်နှံဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။ နှစ်စဉ် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် လယ်ယာစိုက်ပျိုးခြင်းကို အလျှံအပယ်ဖြစ်ခြင်းမှ ကာကွယ်ရန် နှိုင်းနှိုင်းချိန်ချိန်ဖြင့် စီမံခန့်ခွဲရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သည့်နိုင်ငံ ဖြစ်လာသည် ဖြစ်မလာသည်မှာ အရေးမကြီးကြောင်း၊ အရေးကြီးသည်မှာ ကမ္ဘာ့ဈေးကွက်ဝယ်လိုအားအတွက် ထိုင်းဆန်ကို မည်သို့ဆောင်ရွက်မည် ဆိုသည် နှင့် ပြည်တွင်းဈေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းထားရန်သာ အရေးကြီးကြောင်း Mr.Charoen က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand