Thailand

ထိုင်းအစိုးရအနေဖြင့် ဘတ်ငွေ (၁.၉) ထရီလီယံအကူအညီပေးရေးအစီအစဉ်အပေါ်ဆွေးနွေး

Last Updated:

အစိုးရအနေဖြင့် Covid-19 ဖြစ်ပွားမှု၏ကျယ်ပြန့်သော သက်ရောက်မှုများကို လျှော့ချနိုင်ရန် ၎င်း၏ ဘတ်ငွေ (၁.၉) ထရီလီယံ တန်ဖိုးရှိ စီးပွားရေးလှုံ့ဆော်မှု အစီအစဉ်အပေါ် အကောင်းမြင်လျှက်ရှိပါသည်။ အဆိုပါ အစီအမံများတွင် ကပ်ရောဂါဖြစ်ပွားမှု၏ သက်ရောက်မှု ကို ခံစားရသည့် အချို့သောလူ(၉)သန်းခန့်အတွက် (၆) လစာ ငွေသား‌ထောက်ပံ့ပေးအပ်မည့် ဘတ်ငွေ (၂၇၀)ဘီလီယံတန်ဖိုးရှိ အစီအစဉ်လည်း ပါဝင်ပါသည်။နောက်ထပ် ဘတ်ငွေ (၅၀၀) ဘီလီယံသာ SMEs လုပ်ငန်းများအား Soft loan အဖြစ်ငွေချေးပေးမည့် အစီအစဉ်ဖြစ်ပါသည်။

ယခုစီးပွားရေးကိုလှုံ့ဆွသည့် အစီအမံမှာ ထိုင်းစီးပွားရေးကို ယခုနှစ်အတွက် ခန့်မှန်း ချက်ဖြစ်သော (-၅%)ကျဆင်းမှုမှ လာမည့်နှစ်တွင် (+၃%) တိုးတက်မှုကို ပြန်လည်ရရှိစေရန် အထောက်အကူပြုစေလိမ့်မည်ဖြစ်ကြောင်း မျှော်လင့်ထားပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် ချေးငွေဘတ် (၁ထရီလီယံ) ပါဝင်သည့်  စီးပွားရေးလှုံ့ဆော်မှု အစီအစဉ်အသစ်ကို အကောင်အထည်ဖေါ်ပြီးနောက် ပုဂ္ဂလိက၏ ကြွေးမြီပမာဏကို (၆၀%) အထိ ဖြေလျှော့ပေးရန် အစိုးရအဖွဲ့၏ အတည်ပြု ချက်ရရှိရေး တောင်းခံကြလိမ့်မည်ဟု ဘဏ္ဍာရေးဝန်ကြီး Uttama Savanayana ကပြောကြားခဲ့ပါသည်။ ငွေချေးပေးမှုသည် လာမည့်နှစ်တွင်  ပုဂ္ဂလိကကြွေးမြီကို လက်ရှိ (၄၂%) မှ (၅၇%)အထိ တိုးပွားလာစေမည်ဖြစ်ပါသည်။ ရလဒ်အနေဖြင့် လိုအပ်ပါက ဝန်ကြီးအဖွဲ့အနေဖြင့် ကြွေးမြီအမြင့်ဆုံး ရာခိုင်နှုန်း ကိုဖြေလျှော့ပေးနိုင် ရေး စဉ်းစားပေးနိုင်ရန်တောင်းဆိုနိုင်ခြင်းဖြစ်ပါသည်။

ချေးငွေကို နောက်နှစ်စက်တင်ဘာလကုန်အထိ တဖြည်းဖြည်းချင်းအကောင်အထည်ဖေါ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Mr. Uttama ကပြောကြားခဲ့ပါသည်။ အစိုးရအဖွဲ့အနေဖြင့် ယမန်နေ့ (၇.၄.၂၀၂၀)ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်ကပ်ရောဂါကြောင့်   ထိခိုက်ခံစားရသော လူမှုစီးပွားလုပ်ငန်းများကို ကူညီထောက်ပံ့ ပေးနိုင် ရန်အတွက် ဘတ်ငွေ (၁.၉) ထရီလီယံကို သုံးစွဲသွားရန် အတည်ပြုပေးခဲ့ပါသည်။  ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် Covid-19 ဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘတ်ငွေ (၈၀-၁၀၀) ဘီလီယံ တန်ဖိုးရှိ ဝန်ကြီးဌာန တစ်ခုစီမှ ဘတ်ဂျက်ရန်ပုံငွေများကို လွှဲပြောင်းရန် အဆိုပြုထားသော ဉပဒေပြဌာန်းမှုကိုလာမည့် သီတင်းပတ်အတွင်း အစိုးရအဖွဲ့မှ အတည် ပြုပေးလိမ့်မည်ဟုမျှော်လင့်လျှက်ရှိပါသည်။

Mr.Uttama က ဘတ်ငွေ(၁.၉)ထရီလီယံက တိုင်းပြည် GDP ၏ (၉%) ရှိကြောင်း  ပြောကြားခဲ့ပါသည်။ ယခုအစီအမံမှာ စီးပွားရေးကိုမြှင့်တင်ရန် တတိယအဆင့် လှုံ့ဆော်အားပေးမှုအစီအစဉ်ဖြစ်ပြီး အဆိုပါအစီအစဉ်ကို အုပ်ချုပ်ရေးဆိုင်ရာ ဒီကရီအမိန့်(၃)ခုဖြင့် ကျောထောက် နောက်ခံ ပြုလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။ ပထမအမိန့်ဒီကရီတွင် ငွေချေးစာချုပ်(Bond Issuance)များမှတစ်ဆင့် ဘတ်ငွေ(၁)ထရီလီယံအား ချေးပေးခွင့်ပြု ပေးလိမ့်မည်ဖြစ်ပါသည်။ ထိုပမာဏထဲမှ ဘတ်ငွေ (၆၀၀) ဘီလီယံသည်ကျန်းမာရေးနှင့် သက်ဆိုင် သည့် အစီအစဉ်များနှင့် ဘေးဒဏ်သင့်သူများအတွက် ဘဏ္ဍာရေးဆိုင်ရာ အကူအညီများ ကို ပေးအပ် သွားလိမ့်မည်ဖြစ်ပါသည်။ ၎င်းတွင်ယခင်က (၃) လမှနေ၍ ယခု (၆) လအထိ တိုးချဲ့ဆောင်ရွက်သွားမည့် ခန့်မှန်းခြေအားဖြင့် လူဉီးရေ (၉) သန်းခန့်ရှိ ကိုယ်ပိုင် လုပ်ငန်းလုပ်ကိုင်သူများနှင့် အလုပ်ထုတ်ခံရသောသူများအား လစဉ်ဘတ်ငွေ (၅,၀၀၀) ထောက်ပံ့ပေးမည့်အစီအစဉ်လည်း ပါဝင်ပါသည်။

ကပ်ရောဂါဖြစ်ပွားမှုမှာ မည်မျှကြာမြင့်မည်ကို မသိနိုင်သေးသဖြင့် အစိုးရအနေဖြင့် ဘေးဒဏ်သင့်များအား ကယ်ဆယ်ရေး ကာလ တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း Mr.Uttama က ပြောကြားခဲ့ပါသည်။ ကျန်ရှိသော ဘတ်ငွေ (၄၀၀) ဘီလီယံမှာ အလုပ်အကိုင် ဖန်တီးရေး၊ လူမှုအသိုင်းအဝန်းကို အားကောင်း ခိုင်မာစေရေးနှင့် အခြေခံအဆောက်အဉီ တည်ဆောက်ရန်တို့အတွက် ရည်ရွယ်သည့် စီမံကိန်းများမှတစ်ဆင့် စီးပွားရေးနှင့် လူမှုပြန်လည် ထူထောင်ရေးလုပ်ငန်းများ အတွက် အသုံးပြုသွားမည်ဖြစ်ပါသည်။

နောက်ထပ်အုပ်ချုပ်မှုဆိုင်ရာအမိန့်တစ်ခုအရ ထိုင်းဘဏ်အနေဖြင့် SMEs လုပ်ငန်းရှင်များအတွက် နှစ်စဉ်အတိုးနှုန်း(၂%)ဖြင့် Soft loan များကို ဘတ်ငွေ (၅၀၀) ဘီလီယံအထိ ချေးနိုင်မည်ဖြစ်ပြီးချေးငွေတစ်ခုလျှင် ဘတ်ငွေသန်း (၅၀၀) အထိချေးယူနိုင်မည်ဖြစ်ပါသည်။ ကူးသန်းရောင်းဝယ်ရေးဘဏ်များနှင့် အထူးဘဏ္ဍာရေး အဖွဲ့အစည်းများအနေဖြင့် SMEs များကို အရင်းနှင့် အတိုးကို (၆) လဆိုင်းငံ့ထားခွင့်နှင့် ချေးငွေကို ဘတ်သန်း(၁၀၀)အထိချေးခွင့် ကိုလည်းပေးလိမ့်မည်ဖြစ်ပါသည်။

အခြားအုပ်ချုပ်မှုဆိုင်ရာ အမိန့်တစ်ခုမှာ ဘတ်‌ငွေ (၄၀၀) ဘီလီယံ ကော်ပိုရေးရှင်းငွေချေးစာချုပ်ငွေဖြစ်လွယ်မှု တည်ငြိမ်စေရေးရန်ပုံငွေကို တည်ထောင်ထားခြင်း ဖြင့်ကော်ပိုရေးရှင်း ငွေချေးစာချုပ်ဈေးကွက်ကို လျှော့ပါးစေရန်ရည်ရွယ်ပါသည်။ ၎င်းတွင်ဗဟိုဘဏ်အနေဖြင့် ငွေကြေး စီးဆင်းမှုကိုဆက်လက်ထိန်းသိမ်းထားနိုင်ရန် အတွက် ကော်ပိုရေးရှင်းငွေချေး စာချုပ်များကို ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ဆက်စပ်ဖွံ့ဖြိုးတိုးတက်မှုတစ်ခုအနေဖြင့် (၇.၄.၂၀၂၀ရက်နေ့) တွင် အစိုးရအဖွဲ့မှ လျှပ်စစ်သုံးစွဲမှုယူနစ်ပေါင်း Units (၉၀) (Kilowatts/hour) ထက်မပိုသော အိမ်ထောင်စုများအား အခမဲ့ပေးအပ်မည့် အစီအစဉ်ဖြစ်ပါသည်။ ၎င်းမှာ ယခင်က (၅၀) ယူနစ်မှနေ၍ ယခု (၉၀) ယူနစ်သို့ တိုးပေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအစီအမံမှာ (၅) အမ်ပီယာထက်မပိုသော အိမ်သုံးလျှပ်စစ်မီတာသုံးစွဲသူများအတွက်သာ ဖြစ်ပါသည်။ နိုင်ငံတစ်ဝှမ်းတွင်အများအားဖြင့် အိမ်ထောင်စုပေါင်း (၆.၄) သန်းခန့်မှာ အဆိုပါကယ်ဆယ်ထောက်ပံ့ရေးအစီအစဉ်မှ အကျိုးကျေးဇူးများ ခံစားရရှိ နိုင်ရန်မျှော်မှန်းထားပါသည်။

တစ်ချိန်တည်းမှာပင်ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းအရင်းအမြစ်များမှဘတ်ငွေ (၁) ထရီလီယံထက်မပိုသော ချေးငွေ များ ထုတ်ချေးမည်ဖြစ်ကြောင်း ချေးငွေများကို ဘတ်ငွေဖြင့်သာ သတ်မှတ်ထားကြောင်းပြောကြားခဲ့ပါသည်။ ဘတ်ငွေ (၁) ထရီလီယံချေးငွေအနက် ဘတ်ငွေ (၆၀၀) ဘီလီယံကို ပြည်သူအများ၏ ဆင်းရဲဒုက္ခကိုသက်သာ စေရန်ခွဲဝေချထားပေးမည်ဖြစ်ပြီး ၎င်းတွင် ဘတ်ငွေ(၅,၀၀၀)ကို နောက်ထပ် (၃) လ (သို့မဟုတ်) စက်တင် ဘာလအထိ ထပ်မံတိုးချဲ့ပေးရန်ကိစ္စလည်း ပါဝင်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: Thailand