Singapore

ဒီဂျစ်တယ်စီးပွားရေးသဘောတူစာချုပ်အား စင်ကာပူ၊ ချီလီနှင့် နယူးဇီလန်နိုင်ငံတို့က ဇွန်လ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုး

Last Updated:

စင်ကာပူ၊ ချီလီနှင့် နယူးဇီလန်နိုင်ငံတို့အကြား ဒီဂျစ်တယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (Digital Economy Partnership Agreement − DEPA) ကို စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး Chan Chun Sing ၊ ချီလီနိုင်ငံ ခြားရေးဝန်ကြီးဌာနဝန်ကြီး Teodoro Ribera Neumann နှင့် နယူးဇီလန်နိုင်ငံ ကုန်သွယ်ရေးနှင့်ပို့ကုန်ဖွံ့ဖြိုးတိုးတက် ရေးဝန်ကြီးဌာန ဝန်ကြီး David Parker တို့က ၁၂ - ၆ - ၂၀၂၀ ရက်နေ့တွင် video conference ပြုလုပ်၍ အီလက်ထရွန်နစ် နည်းလမ်းဖြင့် (electronically) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါ သည်။

DEPA သည် စင်ကာပူနိုင်ငံ၏ ပထမဆုံးဒီဂျစ်တယ်စီးပွားရေးသဘောတူစာချုပ်ဖြစ်ပြီး၊ ဤသဘောတူစာချုပ်သည် ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာကိစ္စရပ်များကို နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ကြရန် ၎င်းတို့၏ကတိကဝတ်များကို ခိုင်မာစေကြောင်း၊ ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာ အဓိကပေါ်ပေါက်လာသောကိစ္စရပ်များကို လက်တွဲ ဆောင်ရွက်ကြရန်နှင့် ၎င်းတို့၏ မတူညီသောစနစ်များအကြား သတင်းအချက်အလက်များ အသုံးပြုနိုင်မှုနှင့် ဖလှယ်နိုင်မှုတို့ကို အားပေးမြှင့်တင်ပေးမည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများသည် ချီလီနှင့် နယူးဇီလန်နိုင်ငံများရှိ မိတ်ဖက်စီးပွားရေးလုပ်ငန်းများနှင့်အတူ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် ထိရောက်စွာဆောင်ရွက်လာနိုင်မည်ဖြစ်သောကြောင့် လုပ်ငန်းများ၏ စွမ်းဆောင်ရည်တိုးတက်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်းနှင့် လုပ်ငန်းများအကြား ယုံကြည်မှုတည်ဆောက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အီလက်ထရွန်နစ်နည်းလမ်းဖြင့် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကလည်း COVID-19 ကာလအတွင်း စီးပွားရေးလုပ်ငန်းများအနေဖြင့် လုပ်ငန်းချင်းချိတ်ဆက်ဆောင်ရွက်နိုင်ရန် ဒီဂျစ်တယ်နည်းလမ်းက ဖန်တီးပေးနေသော အခွင့်အလမ်းများဖြစ်ပါကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

COVID-19 ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာတစ်ဝှမ်း ဒီဂျစ်တယ်စီးပွားရေးအသွင်ကူးပြောင်းဆောင်ရွက်မှုကို များစွာအရှိန်မြှင့်တင်ပေးခဲ့ပြီဖြစ်ကြောင်း၊ လုပ်ငန်းများက ဒီဂျစ်တယ်နည်းလမ်းဖြင့် ပိုမိုဆောင်ရွက်လာကြပြီဖြစ်ရာ အဆင်ပြေချောမွေ့မှုရှိစေရေး ကူညီ ပေးနိုင်ရန်အတွက် DEPA ကဲ့သို့ သော သဘောတူစာချုပ်များသည် ပို၍ပင် အရေးပါလာကြောင်း၊ လုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ်စီးပွားရေးမှ ပေါ်ပေါက်လာသောအခွင့်အလမ်းများကို ပိုမိုဖမ်းဆုပ်နိုင်ရန်နှင့် ဒီဂျစ်တယ်ချိတ်ဆက်မှု ပိုမိုခိုင်မာ အားကောင်း လာစေရန် ချီလီ၊ နယူးဇီလန်နိုင်ငံတို့နှင့် အနီးကပ်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး၊ သဘောထားတူညီသောမိတ်ဖက်နိုင်ငံများနှင့်လည်း ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စင်ကာပူကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနဝန်ကြီး Chan Chun Sing က ပြောကြားပါသည်။

စင်ကာပူ၊ ချီလီနှင့် နယူးဇီလန်နိုင်ငံတို့သည် DEPA ၏ အဓိကလုပ်ငန်းများကို အကောင် အထည်ဖော်နိုင်ရန်အတွက် ပူးတွဲစီမံကိန်းများဖြင့် စတင်ဆောင်ရွက်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ ဥပမာအားဖြင့် အသားနှင့်အသားထုတ်ကုန်များကဲ့သို့သော တိရစ္ဆာန်ထွက်ပစ္စည်းများအတွက် အီလက်ထရွန်နစ်ထောက်ခံချက်များ (e-certificates) ဖလှယ်နိုင်သည့်လုပ်ငန်းစဉ်များပါဝင်သော နိုင်ငံတကာချိတ်ဆက်မှုစနစ် (International Connectivity System − ICS) အတွက် စင်ကာပူနှင့် နယူးဇီလန်တို့က ပူးပေါင်းဆောင်ရွက်နေကြောင်း၊ စင်ကာပူသည် နိုင်ငံတကာစျေးကွက်များသို့ ပိုမိုဝင်ရောက်နိုင်ရန်နှင့် ဒီဂျစ်တယ်စီးပွားရေးအသွင်ကူးပြောင်း ဆောင်ရွက်ခြင်းမှ အကျိုးအမြတ်ရရှိနိုင်ရန် DEPA နှင့်ကိုက်ညီသည့် SME Go Digital programme နှင့် Nationwide E-invoicing Network စသည့် ဒီဂျစ်တယ်အသွင် ကူးပြောင်းမှုမြှင့်တင်ရေးအစီအစဉ်များတွင် စီးပွားရေးလုပ်ငန်း များအနေဖြင့် တက်ကြွစွာပါဝင်ဆောင်ရွက်ကြရန် အားပေးပံ့ပိုးလျက်ရှိကြောင်းဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Ministry of Trade & Industry, Singapore

Category: Singapore