Singapore

ဒီဂျစ်တယ်အသုံးပြုဆောင်ရွက်လာစေရေး အားပေးတိုက်တွန်းနိုင်ရန်အတွက် စင်ကာပူဒီဂျစ်တယ်ရုံးသစ်ကို တည်ထောင်မည်

Last Updated:

စင်ကာပူတွင် ဒီဂျစ်တယ်စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်မှု အရှိန်ပိုမိုမြင့်တက်လာချိန်၌ မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျကျန်ရစ်ခဲ့ခြင်းမရှိစေရေးအတွက် စင်ကာပူဒီဂျစ်တယ်ရုံး (SG Digital Office - SDO) အသစ်ကို ဖွဲ့စည်းတည်ထောင်သွား မည်ဖြစ်ပြီး၊ ဒီဂျစ်တယ်နည်းလမ်းများကို လက်ခံကျင့်သုံးလာစေရေး အားပေး တိုက်တွန်းရာတွင် ရောက်ရှိရန်ခက်ခဲ လှသော လူမှုရေးအသိုင်းအဝိုင်းအထိ အသိပညာပေးမှုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းမီဒီယာဖွံ့ဖြိုး တိုးတက်ရေး အာဏာပိုင်နှင့် ဆက်သွယ်ရေးနှင့်သတင်းအချက် အလက်ဝန်ကြီးဌာနတို့က ပူးတွဲသတင်းထုတ်ပြန်ထားပါသည်။

SDO ရုံးသစ်တည်ထောင်ရန်အတွက် ဇွန်လတွင် ဒီဂျစ်တယ်သံတမန် ၁၀၀၀ ကို အလုပ် ခန့်အပ်သွားမည်ဖြစ်ပြီး၊ ဆိုင်ခန်းဖွင့်လှစ်ရောင်းချသူများနှင့် အသက်ကြီးသူများ ကို ဒီဂျစ်တယ် အသုံးပြုပုံနှင့်စပ်လျဉ်း၍ အသိပညာပေးနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ဇွန်လအတွင်းမှာပင် ဒီဂျစ်တယ်သံတမန်များသည် စင်ကာပူရှိ စားသောက်ဆိုင် စင်တာများနှင့် ကုန်စိမ်းစျေး စုစုပေါင်း ၁၁၂ ခုတွင် ဆိုင်ခန်းဖွင့်လှစ်ရောင်းချသူများအား ငွေသားအသုံးပြုဆောင်ရွက်ခြင်းကို ရှောင်ရှားလျက် အီလက် ထရွန်နစ် ငွေပေးချေမှု SGQR ကုဒ်စနစ်ကို အသုံးပြုဆောင်ရွက်ကြရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း၊  SGQR ကုဒ်စနစ်ကို အသုံးပြုခြင်းဖြင့် ဆိုင်ခန်းဖွင့်လှစ်သူများ သည် ၎င်းတို့၏ ငွေပေးငွေယူမှုများကို Dash ၊ Grab Pay နှင့် PayLah စသည့် ငွေပေး ငွေယူမှုဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း ၁၉ ခုတို့မှတစ်ဆင့် ဆောင်ရွက်သွားနိုင် မည်ဖြစ်ပါသည်။

ထို့ပြင် ဇူလိုင်လတွင် ကော်ဖီဆိုင်များနှင့် စက်ရုံအလုပ်ရုံများရှိ စားသောက်ဆိုင်လေးများအထိ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဤကဲ့သို့ အီလက်ထရွန်နစ် ငွေပေး​ငွေချေမှု စနစ်ကို အသုံးပြုကြမည့် ဆိုင်ခန်းဖွင့်လှစ်သူများအနေဖြင့်လည်း တစ်လလျှင် စင်ကာပူဒေါ်လာ ၃၀၀ ကို (၅)လအထိ ဆုငွေအဖြစ် ရရှိမည် ဖြစ်ကြောင်းနှင့် ၂၀၂၁ ခုနှစ်၊ ဇွန်လခန့်တွင် ဆိုင်ခန်းဖွင့်လှစ်သူပေါင်း ၁၈,၀၀၀ သည် SGQR ကုဒ်စနစ်ဖြင့် ငွေပေးငွေယူပြုလုပ်လာစေရန် ရည်မှန်းထားကြောင်း၊ ၂၀၂၁ ခုနှစ်၊ မတ်လခန့်တွင် အသက်ကြီးသူ ၁ သိန်းခန့်အတွက် အွန်လိုင်းမှတစ်ဆင့် ပစ္စည်းဝယ်ယူခြင်းနှင့် အပလီကေးရှင်းများအသုံးပြု၍ ၎င်းတို့၏ မိသားစုနှင့် သူငယ်ချင်းများထံသို့ဆက်သွယ်ခြင်းစသည့် အခြေခံဒီဂျစ်တယ်စွမ်းရည် ရရှိလာစေရန် သင်ကြားပေးနိုင်မည်ဖြစ်ကြောင်း၊ အလားတူ နောက်ပိုင်းတွင် မသန်မစွမ်းများနှင့် အခြား အုပ်စုများသို့ပါ ကူညီဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိကြောင်း ဖော်ပြထားပါသည်။

 SDO ရုံးတွင် ဆောင်ရွက်ကြမည့် ဒီဂျစ်တယ်သံတမန်များမှာ ဝန်ထမ်းအဖြစ် ငှားရမ်း ခန့်ထားမည့်သူများသာမက စေတနာ့ဝန်ထမ်းများလည်း ပါဝင်မည်ဖြစ်ကြောင်း၊ COVID-19 ကြောင့် စီးပွားရေးကျဆင်းသည့်ကာလတွင် အလုပ်အကိုင်ရှာဖွေရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသော ဘွဲ့ရများအတွက် ဦးစားပေးခန့်အပ်သွားမည် ဖြစ်ကြောင်း၊ ၎င်းတို့အား တစ်နှစ်ယာယီ စာချုပ်ဖြင့် အလုပ်ခန့်ထားမည်ဖြစ်ပြီး၊ တစ်လလျှင် လုပ်ခလစာ စင်ကာပူဒေါ်လာ ၁၈၀၀ နှင့် ၂၁၀၀ အကြား ရရှိမည်ဖြစ် ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Straits Time, The Business Times

Category: Singapore