India (Delhi)

ဒေါ်လာ - ရူပီး ငွေကြေးလဲလှယ်ပေးမှု အစီအစဉ်အား အိန္ဒိယဗဟိုဘဏ်ဆောင်ရွက်မည်

Last Updated:

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ဂယက်ကြောင့် အိန္ဒိယနိုင်ငံ၌ ငွေကြေးဈေးကွက် မတည်ငြိမ်မှု ဖြစ်ပေါ်လျက်ရှိခြင်းအား ရင်ဆိုင်နိုင်ရန်အတွက် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရှိသော ဒေါ်လာ - ရူပီး ငွေကြေးလဲလှယ်ပေးမှု အစီအစဉ်တစ်ရပ်ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ၁၂.၃.၂၀၂၀ နေ့တွင် အိန္ဒိယဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့ပါသည်။ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားများ စံချိန်တင်မြင့်မားလျက်ရှိပြီး စာရင်းရှင်အပ်ငွေ လိုငွေပြနေမှုမှာ အနိမ့်ကျဆုံး အခြေအနေ၌ရှိနေခြင်းက အိန္ဒိယဗဟိုဘဏ်အဖို့ ပြတ်သားစွာ ကိုင်တွယ်လုပ်ဆောင်ရမည့် အနေအထားသို့ ရောက်ရှိလာခြင်းဖြစ်ပါသည်။

အိန္ဒိယဗဟိုဘဏ်က သတင်းထုတ်ပြန်ရာတွင် လက်ရှိဈေးကွက်၌ ဖြစ်ပေါ်နေသော ဒေါ်လာငွေကြေး လိုအပ်ချက်အရ အိန္ဒိယနိုင်ငံခြားငွေကြေးလဲလှယ်မှု ဈေးကွက် ၏ငွေဖြစ်လွယ်မှုကို အထောက်အပံ့ဖြစ်စေရန်အတွက် ယခုကဲ့သို့ အမေရိကန်ဒေါ်လာငွေ ရောင်းဝယ်မှု အစီအစဉ်ကို ၆ လတာ ကာလအထိ လုပ်ဆောင် မည်ဖြစ် ကြောင်း၊ ဒေါ်လာငွေလဲလှယ်ပေးခြင်းကို အသုတ်လိုက် လေလံခေါ်ယူရောင်းဝယ်မှုစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဤအစီအစဉ်ကို ၁၆.၃.၂၀၂၀ နေ့၌ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးအထိ လေလံတင်ရောင်းချမှုဖြင့် အစပြု မည်ဖြစ်ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ကမ္ဘာ့ဈေးကွက်၌ ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် ဆင့်ကဲသက်ရောက်မှုများအား စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာလျက် COVID-19 ကပ်ရောဂါ ကြောင့် အိန္ဒိယ၏ စီးပွားရေးအပေါ်သက်ရောက်ထိခိုက်မှုများ အားလျော့ပါးသက်သာစေရေး၊ အိန္ဒိယငွေကြေးဈေးကွက်၏ လုပ်ငန်းများပုံမှန်လည်ပတ်လုပ်ဆောင်နိုင်ရေးတို့အတွက် လိုအပ်သောအစီအမံများ ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ ၆.၃.၂၀၂၀ နေ့ စာရင်းများအရ ဗဟိုဘဏ် လက်ဝယ်၌ နိုင်ငံခြားအရန်ငွေကြေး အမေရိကန်ဒေါ်လာ ၄၈၇.၂၄ ဘီလီယံရှိပြီး မည်သည့် အရေးပေါ် လိုအပ်ချက်အခြေအနေတွင်မဆို သက်သာမှုရရှိစေရန် လုပ်ဆောင်ပေးနိုင်ကြောင်း ဖေါ်ပြထားပါသည်။

အိန္ဒိယနိုင်ငံ၌ ပြည်ပရင်းနှီးမြှုပ်နှံသူများမှ ၎င်းတို့လက်ဝယ်ရှိ ပြည်တွင်းအစုရှယ်ယာ Foreign portfolio investment (FPI) များကို ပြန်လည်ရောင်းချမှုများက ယခုနှစ်အတွင်း အိန္ဒိယရူပီးငွေ၏ တန်ဖိုးအား ၄.၀၇ ရာခိုင်နှုန်းကျဆင်းစေခဲ့သည်။ ယခုမတ်လအတွင်းမှာပင် FPI များအား ပြန်လည်ရောင်းချ၍ အိန္ဒိယ အရင်းအနှီး ဈေးကွက်မှ ရုပ်သိမ်းသွားမှုမှာ ရူပီးငွေ ၃၇၉.၅၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၁၄ ဘီလီယံခန့်) ရှိသည်။ အိန္ဒိယနိုင်ငံရှိ ဘဏ်များအကြား နိုင်ငံခြားငွေလဲလှယ်မှု ဈေးကွက်တွင် ၁၃.၃.၂၀၂၀ နေ့ ဈေးဖွင့်ချိန်၌ (၁) အမေရိကန်ဒေါ်လာလျှင် ၇၄.၃၉ ရူပီးနှုန်းအထိ ရောက်ရှိခဲ့ကြောင်းသိရှိရသည်။

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         1. As coronavirus spooks markets, RBI announces $2 billion money shot, 12 March 2020, Economic Times

                   2. Rupee rebounds 48 paise to 73.80 a dollar on RBI assurance, 13 March 2020, Economic Times

                   3. Press Release of the Reserve Bank of India: RBI Announces USD/INR Sell Buy Swaps, 12 March 2020

Category: India (Delhi)