Thailand

နယ်စပ်စစ်ဆေးရေးဂိတ်များတွင်ဉာဏပစ္စည်းမူပိုင်ခွင့် (IP) ချိုးဖေါက်မှုများကိုတားဆီးနှိမ်နင်းရန် အစီအမံများကိုဆောင်ရွက်လျှက်ရှိခြင်း

Last Updated:

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နယ်စပ်စစ်ဆေးရေးဂိတ်များတွင် ဉာဏပစ္စည်းမူပိုင်ခွင့် (IP) ချိုးဖေါက်မှုများကို တားဆီးနှိမ်နင်းရန် အစီအမံများကိုဆောင်ရွက်လျှက်ရှိကြောင်း၊ ၎င်းမှှာ ကုန်သွယ်ဖက်နိုင်ငံများအကြား ယုံကြည်မှုကို  တည်ဆောက်ရန်နှင့်  ပိုမိုကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကို ဖန်တီးရန် လုပ်ဆောင်မှုဖြစ်ကြောင်း    သိရှိရပါသည်။

အဆိုပါလှုပ်ရှားမှုသည် နိုင်ငံအတွင်းသို့ အဆင့်မမီထုတ်ကုန်များ တင်သွင်းလာမှုကို တားဆီးနိုင်ရန်နှင့် ပြည်တွင်းရှိစားသုံးသူများ ကို အကာအကွယ်ပေးနိုင်ရန်လည်း   ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Sinit Lertkrai ၏ပြောကြားချက်အရ ခိုးကူးအမှတ်တံဆိပ်များနှင့် ထုတ်ကုန်များအား တင်ပို့ခြင်း၊ တင်သွင်းခြင်း (သို့မဟုတ်) ထိုင်းနိုင်ငံကို တစ်ဆင့်ဖြတ်သန်းသယ်ဆောင်ခြင်း စသည့် မည်သည့်ပုံစံတစ်ခုခုကိုမဆို တားမြစ်ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာမူကြမ်းကို အစိုးရအဖွဲ့မှ ဇန်နဝါရီလ (၄) ရက်နေ့တွင် အတည်ပြုပေးခဲ့ ကြောင်း သိရှိရပါသည်။

အဆိုပါ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးပါက ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အကောက်ခွန် ဉီးစီးဌာနနှင့် အနီးကပ်ပူးပေါင်းကာ နိုင်ငံအတွင်းမှ တင်ပို့ခြင်း၊ တင်သွင်းခြင်းနှင့် ထိုင်းနိုင်ငံကို တစ်ဆင့်ဖြတ်သန်းသယ်ဆောင် မည့် ကုန်အမှတ်တံဆိပ်ချိုးဖေါက်သော ထုတ်ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။

အဆိုပါ ကြိုးပမ်းဆောင်ရွက်ချက်သည် နယ်စပ်စစ်ဆေးရေးဂိတ်များတွင် IP ချိုးဖေါက်မှုများကို တားဆီးနှိမ်နင်းရာတွင် ထိရောက် မှုကို တိုးတက်လာစေမည်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ သဘော တူညီချက်အရနှင့် ယခုလအတွင်း အသက်ဝင်မည့် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (RCEP) တို့ အရ ကုန်သွယ်မှုမိတ်ဖက်များ၏ ယုံကြည်မှုကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။

ထိုင်းနိုင်ငံ ဉာဏပစ္စည်းမူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Vuttikrai Leewiraphan က ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအရ ဉာဏပစ္စည်းမူပိုင်ခွင့်ရရှိထားသူများအနေဖြင့် အကောက်ခွန်ဉီးစီးဌာနသို့ တိုက်ရိုက် ဆက်သွယ်အကြောင်းကြားနိုင်ကြောင်းနှင့် အကောက်ခွန်တာဝန်ရှိသူများအနေဖြင့် သံသယရှိသည့် ကုန်အမှတ်တံဆိပ်နှင့် ထုတ် ကုန်များကို ချက်ခြင်းစစ်ဆေးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

လတ်တလောအားဖြင့် မူပိုင်ခွင့်ပိုင်ရှင်များသည် ဉာဏပစ္စည်းမူပိုင်ခွင့်ဉီးစီးဌာနသို့ ပထမဉီးစွာ အကြောင်းကြားရမည်ဖြစ်ကြောင်း၊ ၎င်းနောက် အကောက်ခွန်ဉီးစီးဌာနသို့ သတင်းအချက်အလက်များ ဆက်လက်ပေးပို့ကာ စစ်ဆေးမှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ အတုအပထုတ်လုပ်ထားသော ထုတ်ကုန်များသည်လည်း ဉာဏပစ္စည်းမူပိုင်ခွင့် ဉပဒေကို ချိုးဖေါက် ကြောင်း သိရှိရပါသည်။

အဆိုပါအမိန့်ကြော်ငြာစာသည် အစိုးရပြန်တမ်းတွင် ထုတ်ပြန်သည့်ရက်မှစ၍ ရက်ပေါင်း (၉၀) အကြာတွင် စတင်အသက်ဝင် မည်ဖြစ်ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံ၏ ပို့ကုန်သွင်းကုန်အက်ဉပဒေနှင့် ထပ်မံပြင်ဆင်ထားချက်တို့အရ အဆိုပါအက်ဉပဒေ ၏ ပုဒ်မ (၂၀) အရ တားမြစ်ထားသော (သို့မဟုတ်) ပိတ်ပင်ထားသောကုန်ပစ္စည်းကို တင်ပို့တင်သွင်းသူအနေဖြင့် (၁၀) နှစ်ထက် မပိုသော ထောင်ဒါဏ် (သို့မဟုတ်) တင်ပို့တင်သွင်းသော ပစ္စည်းတန်ဖိုး၏ (၅) ဆအား ဒါဏ်ကြေးပေးဆောင်ရန် (သို့မဟုတ်) ပြစ်ဒါဏ်နှစ်ရပ်လုံးကျခံရန်နှင့် သယ်ယူပို့ဆောင်ရာတွင် အသုံးပြုခဲ့သော ကွန်တိန်နာနှင့် ယာဉ်တို့အား သိမ်းဆည်းရန်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးက ဉာဏပစ္စည်းမူပိုင်ခွင့်ကို နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရန်နှင့် စီးပွားရေးကို ပြန်လည်မြင့်တင်ရာတွင် ကိရိယာတစ်ခုအဖြစ် အသုံးချသွားမည်ဖြစ်ကြောင်း ယခုနှစ်အစောပိုင်းတွင် ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နောက်ထပ်ရည်မှန်းချက်တစ်ခုမှာ ဒေသခံပြည်သူများ၏ ဘဝအရည် အသွေးနှင့် သုခချမ်းသာများ ပြည့်စုံစေရန် ပထဝီဒေသဆိုင်ရာအညွှန်းကိန်း Geographical Indications (GI) များကို မြှင့်တင် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း သိရှိရပါသည်။ ပထဝီဒေသဆိုင်ရာ အညွှန်းကိန်း Geographical Indications (GI) ဆိုသည်မှာ မူရင်းဒေသကို အထူးဖေါ်ညွှန်းသော ၎င်း၏ သီးခြားအရည်အသွေး၊ ဂုဏ်သတင်း (သို့မဟုတ်) အခြားထူးခြားသည့် ဝိသေသ လက္ခဏာများ ရှိနေသည့်နိုင်ငံ၊ နယ်မြေ (သို့မဟုတ်) ပြည်တွင်းဒေသတစ်ခုမှ ထွက်ရှိသော ထုတ်ကုန်ပစ္စည်းဖြစ်ကြောင်း ညွှန်းဆို ပြသပြီး ထိုသို့ညွှန်းဆိုပြသရာတွင် အသုံးပြုသည့် ထူးခြားသော အထောက်အထားလက်မှတ် (certificate) တစ်ခုပင်ဖြစ်ပါသည်။ အဆိုပါထူးခြားသည့် လက္ခဏာများနှင့် ဝိသေသများအတွက် အထောက်အထားလက်မှတ်ကို ရရှိခြင်းဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဈေးကွက်များတွင် ဈေးကွက်တန်ဖိုးကို ပိုမိုတိုးမြှင့်စေနိုင်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

Category: Thailand