Singapore

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်အတွက် စင်ကာပူတွင် အမြဲတမ်းနေထိုင်ခွင့် ရရှိသူအဖြစ်လျှောက်ထားနိုင်သည့်အစီအစဉ်ကို ပြုပြင်မွမ်းမံ

Last Updated:

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများနှင့် စွန့်ဦးတီထွင်၍ စီးပွားရေးလုပ်ကိုင်သူ များအား စင်ကာပူတွင် အမြဲတမ်းနေထိုင်ခွင့် (Permanent Residence-PR) ရရှိသူအဖြစ် လျှောက်ထားခွင့်ပြုသည့် Global Investor Programme (GIP) အစီအစဉ်ကို ပြုပြင်မွမ်းမံမှု ပြုလုပ်၍ ၂၀၂၀ ခုနှစ် အစပိုင်းတွင် အများပြည်သူ သိရှိစေရန်ထုတ်ပြန်ကြေညာခဲ့ပြီး၊ ဤအစီအစဉ်မှာ ၁-၃-၂၀၂၀ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ပြန်လည်ပြင်ဆင်ထားသော GIP အစီအစဉ်အရ နောက်ဆုံးပေါ်နည်းပညာများကို အသုံးချဆောင်ရွက်သည့် စီးပွားရေး လုပ်ငန်းပိုင်ရှင်များ (Next Generation Business Owners)၊ ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်သော ကုမ္ပဏီလုပ်ငန်းများကို တည်ထောင်သူများ (Founders of Fast-growth Companies)နှင့် မိသားစုပိုင်စီးပွားရေးလုပ်ငန်း၏ ရုံးအကြီးအကဲ/ အဓိကကိုယ်စားလှယ်များ (Family Office Principals) သည် PR လျှောက်ထားနိုင်တော့မည် ဖြစ်ပါသည်။

လက်ရှိခွင့်ပြုထားသည့် မူလအစီအစဉ်အရ စင်ကာပူတွင် အခြေခိုင်မာပြီးသော စီးပွားရေးလုပ်ငန်းပိုင်ရှင်များနှင့် စွန့်ဦး တီထွင်လုပ်ငန်းရှင်များသာ PR လျှောက်ထားခွင့်ပြုခဲ့ပါသည်။ ယခုကဲ့သို့ GIP အစီအစဉ်အား ပြင်ဆင်မွမ်းမံရခြင်းသည် စီးပွားရေးလုပ်ငန်းအခွင့်အလမ်းအသစ်များ၊ လုပ်ငန်းပိုင်ရှင်နှင့် စွန့်ဦးတီထွင်လုပ်ကိုင်သူအသစ်များ များစွာပေါ်ပေါက်လာစေ ခဲ့သော လွန်ခဲ့သောနှစ်အနည်းငယ်က ကမ္ဘာ့စီးပွားရေး တွင် ပြောင်းလဲတိုးတက်လာမှုအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရန်ဖြစ်ကြောင်း၊ စင်ကာပူတွင် မိသားစု စီးပွားရေး လုပ်ငန်းအဖြစ် စတင်ဆောင်ရွက်လိုသော လုပ်ငန်းပိုင်ရှင်များအား ဆွဲဆောင်နိုင်ခြင်းဖြင့် စင်ကာပူ၏ ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးကဏ္ဍအပေါ် ခိုင်မာအားကောင်းစေမည် ဖြစ်ကြောင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့မှ ညွှန်ကြားရေးမှူးဖြစ်သူ Mr Matthew Lee ကပြောကြားပါသည်။

၂၀၀၄ ခုနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့သော GIP ၏ မူလအစီအစဉ်အရ စီးပွးရေးလုပ်ငန်းအသစ်တွင် သို့မဟုတ် လုပ်ငန်းတိုးချဲ့ရာတွင် အနည်းဆုံး စင်ကာပူဒေါ်လာ ၂.၅သန်း ရင်းနှီးမြှုပ်နှံသော သို့မဟုတ် စင်ကာပူအခြေစိုက် ကုမ္ပဏီ များတွင် ရင်းနှီးမြှုပ်နှံသည့် GIP ရံပုံငွေ၌ အနည်းဆုံး စင်ကာပူဒေါ်လာ ၂.၅ သန်း ရင်းနှီးမြှုပ်နှံသော နိုင်ငံခြားသားများသည် စင်ကာပူတွင် PR လျှောက်ထားနိုင်ပါသည်။ ယခုပြုပြင်ပြောင်းလဲမှုအစီအစဉ်အရ စီမံခန့်ခွဲနိုင်သော ပိုင်ဆိုင် ပစ္စည်း/ပိုင်ဆိုင်မှု အနည်းဆုံး စင်ကာပူဒေါ်လာ သန်း ၂၀၀ ရှိသော စင်ကာပူ အခြေစိုက် မိသားစုပိုင်လုပ်ငန်းအသစ်တွင် သို့မဟုတ် လက်ရှိတည်ထောင်ပြီးသော မိသားစုပိုင်လုပ်ငန်းတွင် စင်ကာပူဒေါ်လာ ၂.၅ သန်း ရင်းနှီးမြှုပ်နှံသူများက PR လျှောက်ထား နိုင်သည့် အစီအစဉ်ကိုပါ ထည့်သွင်းထားပါသည်။

PR လျှောက်ထားရန် အရည်အချင်းပြည့်မီကြောင်း သတ်မှတ်ချက်များတွင် နောက်ဆုံးပေါ် နည်းပညာများကို အသုံးချဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းပိုင်ရှင်များသည် တစ်နှစ်လျှင် အနည်းဆုံး စင်ကာပူဒေါ်လာ သန်း ၅၀၀ ဝင်ငွေရှိသော ကုမ္မဏီ၏ အများဆုံးအစုရှယ်ယာရှင် သို့မဟုတ် အနည်းဆုံး ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်သောကုမ္ပဏီလုပ်ငန်းများကို တည်ထောင်သူများသည် အနည်းဆုံး စင်ကာပူဒေါ်လာသန်း ၅၀၀ တန်ဖိုးရှိသော ကုမ္ပဏီ၏ အများဆုံးအစုပိုင်ရှင်များအနက်မှ တစ်ဦးဖြစ်ရမည် ဖြစ်ကြောင်း၊ မိသားစုပိုင် စီးပွားရေး လုပ်ငန်း၏ ရုံးအကြီးအကဲ/ အဓိကကိုယ်စားလှယ်များသည် အနည်းဆုံးစင်ကာပူဒေါ်လာ သန်း ၂၀၀ ရှိသော အသား တင်ရင်းနှီးမြှပ်နှံနိုင်သည့် ပိုင်ဆိုင်ပစ္စည်းရှိရမည်ဖြစ်ပါသည်။

ထို့ပြင် စင်ကာပူတွင် အခြေခိုင်မာပြီးသော စီးပွားရေးလုပ်ငန်းပိုင်ရှင်များ၏ အနည်းဆုံး ဝင်ငွေသတ်မှတ်ချက်ကို ယခင် စင်ကာပူဒေါ်လာ သန်း ၅၀ မှ ယခုအခါ စင်ကာပူဒေါ်လာ သန်း ၂၀၀ အထိ တိုးမြှင့်သတ်မှတ်လိုက်ပါသည်။ ယင်းသို့ တိုးမြှင့်သတ်မှတ်သည့် အခြေအနေကြောင့် စင်ကာပူဒေါ်လာ သန်း ၂၀၀ သတ်မှတ်ချက်နှင့် မပြည့်မှီနိုင်သော အထူး သဖြင့် တရုတ် စီးပွားရေးလုပ်ငန်းပိုင်ရှင်များသည် အစီအစဉ်အသစ် အသက်မဝင်မီ PR လျှောက်ထားမှုကို အလျင်အမြန် ဆောင်ရွက်လာကြသည့်အတွက် ယခု ဇန်နဝါရီလအတွင်း၌ PR  လျှောက်ထား မှုသည် ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

ယခု ပြုပြင်ပြောင်းလဲမှု အစီအစဉ်သည် စင်ကာပူ၏ စီးပွာရေးအပေါ် အခွင့်အလမ်း ပိုမိုဖော်ဆောင်နိုင်ပြီး၊ အလုပ် အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်သော စွမ်းဆောင်ရည်မြင့်မားသည့် ကုမ္ပဏီများကို ပိုမို အလေးထားသော အစီအမံ ဖြစ်ကြောင်း၊ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်သည့် နည်းပညာကုမ္ပဏီများအတွက် စင်ကာပူသည် အာရှဒေသ၏ ဗဟိုဌာနတစ်ခုအဖြစ် တည်ရှိနိုင်ရန်၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးသော လက်ရှိတည်ထောင်ပြီး လုပ်ငန်းများနှင့် လုပ်ငန်းအသစ်များ ဖွံ့ဖြိုးတိုးတက်လာစေမည့် နိုင်ငံခြားရင်းနှီး မြှပ်နှံမှုများကို ဆွဲဆောင် နိုင်ရန် စင်ကာပူ၏ ကြိုးပမ်းအားထုတ်မှုများပင်ဖြစ်ကြောင်း ပုဂ္ဂလိကပိုင်းမှ သုံးသပ်ပြောကြားလျက်ရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ်၊ The Straits Times

 

Category: Singapore