India (Delhi)

နိုင်ငံတကာ အငြင်းပွားမှုဖြေရှင်းရေးတရားရုံး၌ Vodafone ကုမ္ပဏီသို့ အမှုရှုံးနိမ့်ခဲ့မှုအပေါ် တုံ့ပြန်ရန် အိန္ဒိယအစိုးရက ချိန်ဆလျက်ရှိခြင်း

Last Updated:

အိန္ဒိယနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုကပိုင်ဆိုင်သည့် ပြည်ပရှိ အစုရှယ်ယာများအား လွှဲပြောင်းရယူခဲ့မှုအပေါ်  ဝင်ငွေခွန်၊ ဒဏ်ကြေးနှင့် အတိုးငွေစုစုပေါင်း ရူပီးငွေ ၂၂၁ ဘီလီယံကို ပေးဆောင်ရန် အိန္ဒိယအစိုးရ၏ တောင်းဆိုမှုအား တရားရင်ဆိုင်ဖြေရှင်းခဲ့ရာတွင် နယ်သာလန် နိုင်ငံ The Hague မြို့ရှိ အငြင်းပွားမှုဖြေရှင်းရေး အမြဲတမ်းတရားရုံး (Permanent Court of Arbitration) က Vodafone အများပိုင်ကုမ္ပဏီအုပ်စုအနေဖြင့် ၎င်းငွေများကိုပေးဆောင်ရန် တာဝန်မရှိကြောင်း ၂၅-၉-၂၀၂၀ နေ့၌ စီရင်ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။

Vodafone တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီလုပ်ငန်းစုအနေဖြင့် အဆိုပါအမှုအား ဆယ်စုနှစ် ၁ ခုကျော်ကြာရင်ဆိုင်ခဲ့ပြီး ယခုစီရင်ဆုံးဖြတ်ချက်မှာ ဒုတိယအကြိမ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ Vodafone ကုမ္ပဏီသည် ကာရစ်ဘီယံဒေသရှိ Cayman Islands တွင် အခြေစိုက်ထူထောင်ထားရှိသော Hutchison Telecommunications ကုမ္ပဏီထံမှ အစုရှယ်ယာပိုင်ဆိုင်မှုများ ကို ၂၀၀၇ ခုနှစ်အတွင်း၌ လွှဲပြောင်းရယူခဲ့ရာ ၎င်းတို့အနက် အိန္ဒိယနိုင်ငံအခြေစိုက် Hutchison Essar ကုမ္ပဏီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော အစုရှယ်ယာပမာဏ ၆၇%၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၁.၂ ဘီလီယံခန့် ပါဝင်ခဲ့ပါသည်။ သို့ဖြစ်ရာ အိန္ဒိယဝင်ငွေခွန်ဦးစီး ဌာနက ပင်ရင်းမှထုတ်နှုတ် ကောက်ခံသည့်အခွန် ရူပီးငွေ ၇၉.၉ ဘီလီယံအားပေးဆောင်ရန် အိန္ဒိယနိုင်ငံ၌မှတ်ပုံတင်၍ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် Vodafone ကုမ္ပဏီထံသို့ သတိပေးနှိုးဆော်စာပေးပို့ခဲ့သည်။ ထိုသို့ တောင်းဆိုမှုအပေါ် ၂၀၁၂ ခုနှစ်၌ အိန္ဒိယတရားလွှတ်တော်ချုပ်ရုံးတွင် နှစ်ဘက်အမှုရင်ဆိုင် ခဲ့ရာ တည်ဆဲ ဥပဒေအရ စီရင်ပိုင်ခွင့်အာဏာ၌ အကျုံးဝင်ခြင်းမရှိသဖြင့် Vodafone ကုမ္ပဏီက အနိုင်ရခဲ့သည်။ ထို့နောက် အိန္ဒိယအစိုးရက အခွန်စည်းကြပ်မှုဆိုင်ရာဥပဒေကို ပြင်ဆင်ပြဌာန်း လျက် ၂၀၁၄ ခုနှစ်၌ ဝင်ငွေခွန်နှင့်ဒဏ်ကြေး စုစုပေါင်းရူပီးငွေ ၁၉၁.၁၈ ဘီလီယံ (ဒေါ်လာ ၂.၂ ဘီလီယံကျော်) ကို တောင်းဆိုခဲ့ရာ Vodafone ကုမ္ပဏီအုပ်စုက The Hague မြို့ရှိ PCA အငြင်းပွားမှုဖြေရှင်းရေးတရားရုံး၌ အိန္ဒိယ- နယ်သာလန် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်ကို အကိုးအကား ပြုလျက် ထပ်မံအမှုရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

PCA အငြင်းပွားမှု ဖြေရှင်းရေးတရားရုံးက အိန္ဒိယဝင်ငွေခွန်ဌာန၏ အခွန်ပေးဆောင်ရန် တောင်းဆိုချက်သည် အိန္ဒိယ-နယ်သာလန် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် ပါအချက်များနှင့် ညီညွှတ်မရှိကြောင်း၊ Vodafone ကုမ္ပဏီသည် ၎င်းစာချုပ်ပါ တရားမျှတ၍ သာတူညီမျှရှိစွာ ဆက်ဆံရေးအာမခံချက်အပေါ် အကျိုးခံစားခွင့်ရှိ ကြောင်းနှင့် အိန္ဒိယအစိုးရအနေဖြင့် ယခုအမှုအတွက် ကျသင့်တရားစရိတ်၏ ၆၀% ဖြစ်သော ပေါင်စတာလင်ငွေ ၄.၃ သန်းကို Vodafone ကုမ္ပဏီသို့ ပေးလျော်ရန် ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

အိန္ဒိယ သတင်းဌာနများ၏ ရေးသားဖော်ပြမှုများအရ နောက်ကြောင်းပြန် အာဏာသက်ရောက်မှုရှိသည့် အခွန်ပေးဆောင်ရေးဆိုင်ရာ အငြင်းပွားမှု၌ ရှုံးနိမ့်ခဲ့ပြီး တရားရုံးစရိတ်ပေးလျော်ရမည့် အခြေအနေရှိသည့်အပေါ် အိန္ဒိယဝင်ငွေခွန်ဌာနသည် ရှေ့နေချုပ်ထံမှ သဘောထားမှတ်ချက် တောင်းခံဆောင်ရွက်လျက်ရှိကြောင်း၊ အိန္ဒိယအစိုးရအနေဖြင့် စင်ကာပူနိုင်ငံရှိ အငြင်းပွားမှုဖြေရှင်း‌ရေး တရားရုံးတွင် ထပ်မံ၍ အယူခံလျှောက်ထားသည့် နည်းလမ်းကို ရွေးချယ်နိုင်ကြောင်း၊ သို့သော် အမှု ဖြစ်ပေါ်ရသည့် ပိုင်ဆိုင်မှုအရပ်ရပ်မှာ အိန္ဒိယနိုင်ငံ၏ပြင်ပ၌ တည်ရှိသဖြင့် အနိုင်ရရှိရန် ခက်ခဲမည်ဟု ဥပဒေအတိုင်ပင်ခံလုပ်ငန်းများမှ ပညာရှင်များက ပြောဆို လျက်ရှိကြောင်း သိရှိရသည်။

Hutchison Telecommunications ကုမ္ပဏီထံမှ ပိုင်ဆိုင်မှုများအား Vodafone ကုမ္ပဏီ က ပြည်ပ၌လွှဲပြောင်းရယူဆောင်ရွက်မှုသည် အိန္ဒိယနိုင်ငံ၏ ဥပဒေအရ အရင်းအနှီးများ လွှဲပြောင်းမှုအပေါ် အခွန်ပေးဆောင်ရမည့်အရေးမှ ရှောင်ကြဉ်နိုင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု အိန္ဒိယဝင်ငွေခွန်ဌာနက မှတ်ယူထားပြီး ထိုကဲ့သို့ အိန္ဒိယအခြေစိုက်ကုမ္ပဏီများက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ပိုင်ဆိုင်မှုများအား သွယ်ဝိုက်လွှဲပြောင်းနိုင်မှုရှိသည့် ဂယ်ပေါက်ကို ပိတ်ဆို့နိုင်ရန် ၂၀၁၂ ခုနှစ်၌ ပိုင်ဆိုင်မှုလွှဲ ပြောင်းခြင်းအပေါ် အခွန်ကောက်ခံသည့်ဥပဒေအား ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်ရေးနှင့် စီးပွားရေးလုပ်ကိုင်မှု လွယ်ကူစေရေးတို့ကို တွန်းအားပေးဆောင်ရွက်နေချိန်၌ အိန္ဒိယအစိုးရအနေဖြင့် ပြည်ပရင်းနှီးမြှုပ်နှံသူများထံသို့ လွှဲမှားသည့်အချက်ပြမှုမျိုး မဖြစ်စေရန်အတွက် Vodafone ကုမ္ပဏီအုပ်စု နှင့် အငြင်းပွားမှုကိစ္စရပ်အပေါ် သတိကြီးစွာထား၍ ချိန်ဆဆောင်ရွက်ရမည့် အခြေအနေရှိနေပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:        1. Income tax department to seek Attorney General’s views on Vodafone ruling, 29 Sept 2020, Economic Times

2. Vodafone arbitration case: All options open, govt to take action after studying award, 25 Sept 2020, Economic Times

3. Govt weighs legal options in Vodafone tax arbitration case, 4 Oct 2020, The Hindu

Category: India (Delhi)