China (HongKong)

နိုင်ငံပုံရိပ်ကိုထိခိုက်ကျဆင်းစေသည့် ဆေးဘက်ဆိုင်ရာကိရိယာများတင်ပို့သည့်တရုတ် ကုမ္ပဏီ(၂) ခုအား တရုတ်နိုင်ငံမှ ကန့်သတ်တားမြစ်လိုက်ခြင်း

Last Updated:

တရုတ်နိုင်ငံ၏ ပုံရိပ်အား ပြင်းထန်စွာ ထိခိုက်ကျဆင်းစေနိုင်သည့် အရည်အသွေး ညံ့ဖျင်းသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများ တင်ပို့ရောင်းချသည့် ရှန်းကျန့်အခြေစိုက် Aibaoda Technology နှင့် ပေကျင်းအခြေစိုက် Tus Data Asset ကုမ္ပဏီ (၂) ခု၏ ကုန်ပစ္စည်းများအား ပြည်ပနိုင်ငံမှ ဝယ်ယူသူများမှ ပြန်လည်တင်ပို့လိုက်ပြီးနောက် အဆိုပါကုမ္ပဏီ (၂) ခုအား ဆေးဘက်ဆိုင်ရာပစ္စည်းများ ဆက်လက်တင်ပို့ခွင့်အား ပေကျင်းမှ ကန့်သတ်တားမြစ်လိုက် ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း၊ Covid-19 ကမ္ဘာ့ကူးစက်မှု၏ (၈၀) ရာခိုင်နှုန်းခန့် ဖြစ်ပွားနေသော အမေရိကန်နှင့် ဥရောပ နိုင်ငံတို့သို့ အရည်အသွေး မပြည့်မီသည့် နှာခေါင်းစည်း/ မျက်နှာဖုံး (Mask) များနှင့် Covid-19 စစ်ဆေးသည့် testing kits များတင်ပို့ခဲ့မှုကြောင့် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း၊ Aibaoda ကုမ္ပဏီတွင် အလုပ်သမား (၁၅) ဦးရှိပြီး နားကြပ်၊ မိုက်ခရိုဖုန်း၊ အသံချဲ့စက်တို့ကို ယခင်က ရောင်းချသည့် ထိုင်ဝမ်လုပ်ငန်းဖြစ်သည့် Aipo International မှ ကျောထောက်နောက်ခံ ပံ့ပိုး ပေးလျက်ရှိကြောင်း၊ Tus Data Asset ကုမ္ပဏီသည် လျှပ်စစ်ပစ္စည်းများနှင့် blockchain technology ကို လုပ်ကိုင်ကြောင်း၊ Aibaoda ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားရာတွင် ၎င်းတို့ကုမ္ပဏီအနေဖြင့် Mask စတင် တင်ပို့ရောင်းချသည်မှာ မကြာသေးကြောင်း၊ Mask မှ လွဲ၍ အခြားသော ဆေးဘက်ပစ္စည်းများကို တင်ပို့ရောင်းချခြင်း မရှိပါကြောင်း၊ ၎င်းတို့ကုမ္ပဏီ မှ ထုတ်လုပ်ခြင်း မဟုတ်ဘဲ အခြားထုတ်လုပ်သည့်လုပ်ငန်းမှ ဝယ်ယူ၍ Mask များကို တင်ပို့ ရောင်းချခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလမှစတင်၍ Mask ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း၊ အကာအကွယ်ဝတ်စုံ၊ safety goggles ၊ တစ်ခါသုံးလက်အိတ်များ၊ သာမိုမီတာနှင့် အခြားသောဆေးဘက်ဆိုင်ရာပစ္စည်းများ၏ ဝယ်လိုအားများ မြင့်တက်လျက်ရှိ သောကြောင့် ရောင်းချရန် စီးပွားရေးတိုးချဲ့ခဲ့ခြင်းဖြစ်ကြောင်း၊ မတ်လတွင် တစ်ကမ္ဘာလုံးတွင် Covid-19 ကူးစက်ပျံ့နှံ့မှုကြောင့် ရာပေါင်းများစွာသောတရုတ်ကုမ္ပဏီများမှာ ဆေးဘက်ဆိုင်ရာ ပစ္စည်းများရောင်းချရန် ပြောင်းလဲလုပ်ကိုင်ခဲ့ကြောင်း၊ ကုမ္ပဏီအများစုမှာ တရုတ်နိုင်ငံအစိုးရမှ ပံ့ပိုးပေးသည့် အထောက်အပံ့များ၊ အခွန်နှုန်းလျေှာ့ချကောက်ခံခြင်း၊ အတိုးမဲ့ချေးငွေများ ထုတ်ချေးပေးခြင်းနှင့် ထုတ်လုပ်မှုအရည်အသွေး မြင့်တက်နိုင်ရန် အတည်ပြုမှုများ လျင်မြန်စွာ ပြုလုပ်ပေးခြင်းတို့ကို ရရှိခဲ့ကြောင်း၊ Covid-19 မဖြစ်ပွားခင်က ကမ္ဘာ့ Mask တင်ပို့မှု၏ တစ်ဝက်ခန့်မှာ တရုတ်နိုင်ငံမှ တင်ပို့ခြင်းဖြစ်ကြောင်း၊ တစ်နေ့လျှင် Mask (၂၀) မီလီယံ တင်ပို့ခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလကုန်တွင် (၁၁၆) မီလီယံသို့ ရောက်ရှိသွားကြောင်း၊ Tus Data Asset ကုမ္ပဏီအား နိုင်ငံပိုင် Tus Shareholdings မှ ထိန်းချုပ်ထားကြောင်း၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများအား တင်ပို့ရောင်းချရန် စီးပွားရေးလုပ်ငန်း ပုံစံအား ၂၃-၃-၂၀၂၀ ရက်နေ့တွင် ပြောင်းလဲဆောင်ရွက်ခဲ့ကြောင်း ကုမ္ပဏီမှတ်ပုံတင် မှတ်တမ်းမှ ပြသလျက်ရှိ ကြောင်း၊ အဆိုပါကုမ္ပဏီ (၂) ခုမှာ တရုတ်နိုင်ငံ၏ ပို့ကုန်တင်ပို့ရန် ချမှတ်ထားသော အမိန့်များအား လိုက်နာမှုမရှိခဲ့ကြောင်း၊ Mask နှင့် အကာအကွယ်ပစ္စည်းများ အများဆုံးထုတ်လုပ်လျက်ရှိသည့် တရုတ်နိုင်ငံသည် အရည်အသွေး မကောင်းသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများ တင်ပို့ရောင်းချခဲ့မှုကြောင့် ဒဏ်ငွေဆောင်ရဖွယ်ရှိကြောင်း၊ မတ်လနှောင်းပိုင်းတွင် ဒတ်ချ်နိုင်ငံမှ တာဝန်ရှိသူများက တရုတ်နိုင်ငံမှ ထုတ်လုပ်တင်ပို့သည့် Mask (၆၀၀,၀၀၀) ခုသည် သတ်မှတ် အရည်အသွေးပြည့်မီမှု မရှိခြင်းကြောင့် ပြန်လည်တင်ပို့ခဲ့ကြောင်း၊ စပိန်နိုင်ငံမှလည်း တရုတ်မှ ထုတ်လုပ်သည့် Covid-19 test kits များသည် တိကျလုံလောက်သည့် အဖြေမပေးနိုင်ကြောင်း သုတေသနပြု သိရှိပြီးသည့်နောက်တွင် ဆက်လက်မသုံးဘဲ ရပ်တန့်လိုက်ကြောင်း၊ တူရကီနိုင်ငံ တွင်လည်း Covid-19 test kits နမူနာများမှာ ကောင်းမွန်မှုမရှိကြောင်း၊ ချက်သမ္မတနိုင်ငံမှလည်း Covid-19 test kits (၃၀၀,၀၀၀)  ခု မှာယူထားမှု၏ (၈၀) ရာခိုင်နှုန်းမှာ ကောင်းမွန်စွာ လုပ်ဆောင်ခြင်းမရှိဟု ပြောကြားခဲ့ကြောင်း၊ ဧပြီလတွင် ဩစတြေးလျနိုင်ငံသို့ တရုတ်နိုင်ငံမှ လေကြောင်းလိုင်းဖြင့် ရောက်ရှိလာသော ဆေးဘက်ဆိုင်ရာပစ္စည်းအများစုမှာ ဩစတြေးလျ စည်းမျဉ်းသတ်မှတ်ချက်များနှင့် ကိုက်ညီသော်လည်း Mask (၈၀၀,၀၀၀) ခုမှာ အရည် အသွေး ကောင်းမွန်မှုမရှိသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၄ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Su-Lin Tan နှင့် Cissy Zhou တို့က“Coronavirus: China bans two medical equipment exporters for ‘ tarnishing the country’s image” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)