Singapore

နိုဗယ်ကော်ရိုနာရောဂါပိုး (2019-nCoV) ဖြစ်ပွားမှုကြောင့် သက်ရောက်မှုရှိသော စီးပွားရေးလုပ်ငန်း များနှင့်လုပ်သားများကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း စင်ကာပူအစိုးရက သတင်း ထုတ်ပြန်

Last Updated:

ကမ္ဘာ့စီးပွားရေးအခြေအနေ ပြန်လည်တည်ငြိမ်လာစအချိန်မှာပင် နိုဗယ်ကော်ရိုနာရောဂါပိုး (2019-nCoV) ကူးစက်မှု ရုတ်တရက်ဖြစ်ပေါ်လာခြင်းကြောင့် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသော လုပ်ငန်းကဏ္ဍများကို အထောက်အပံ့ပေးသွားမည် ဖြစ်ကြောင်းနှင့် စင်ကာပူအစိုးရ၏ ဘတ်ဂျက် (ရသုံးမှန်းခြေငွေစာရင်း) ၂၀၂၀ တွင် ထောက်ပံ့ပေးမည့်အစီအမံ အသေးစိတ်အပြည့်အစုံကို အသိပေးကြေညာသွားမည်ဖြစ်ကြောင်း စင်ကာပူဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး ဌာနတို့က ၁ - ၂ - ၂၀၂၀ ရက်နေ့တွင် ပူးတွဲသတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါရောဂါပိုးကြောင့် ကနဦး စီးပွားရေးအပေါ်သက်ရောက်မှုအနေဖြင့် ချန်ဂီလေဆိပ်မှတစ်ဆင့် လေကြောင်းဖြတ်သန်းသွားလာမှုကျဆင်းခြင်းနှင့် ခရီးသည်များ၏ ဟိုတယ်အခန်းများ ကြိုတင်မှာယူထားခြင်းကို စာရင်းပယ်ဖျက်မှုများ မြင့်တက်လာခြင်း တို့ကြောင့် သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍများ သည်ထိခိုက်မှုအများဆုံးဖြစ်ပေါ်ကြောင်း၊ ထို့ပြင်အခြားဆက်စပ်သည့် စီးပွားရေးလုပ်ငန်းကဏ္ဍများကိုလည်း သွယ်ဝိုက်ပြီးသက်ရောက်မှုရှိမည်ဟု တွက်ဆထားပါကြောင်း၊ တိုက်ရိုက် ထိခိုက်မှုရှိသော လုပ်ငန်းကဏ္ဍများကို ဦးတည်သည့် အထောက်အပံ့များကို စီမံဆောင်ရွက်ပေးသွားမည်ဟု စင်ကာပူ၏ ဒုတိယသမ္မတနှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Mr Heng Swee Keat က ၁ - ၂ - ၂၀၂၀ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း ဖော်ပြထားပါ သည်။

ကော်ရိုနာရောဂါပိုးဖြစ်ပွားမှုအခြေအနေအပေါ်မူတည်၍ စင်ကာပူ၏ စီးပွားရေးအပေါ် သက်ရောက်မှုသည် ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း၊ ဤအခြေအနေသည် စီးပွားရေးနှင့် အလုပ် အကိုင်အခြေအနေ မသေချာမရေရာမှုများကို ဖြစ်ပေါ်စေကြောင်း၊ စင်ကာပူအစိုးရသည် လာမည့် ကာလများတွင် ဖြစ်ပေါ်လာနိုင်သော စီးပွားရေးနှေးကွေးမှုအတွက် စီးပွားရေးလုပ်ငန်းများနှင့် လုပ်သားများကို အထောက်အကူပြုနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ အလားအလာ ရှိသောကုမ္ပဏီများ ဆက်လက်ရပ်တည်နိုင်ရေးနှင့် လုပ်သားများ အလုပ်အကိုင်တည်မြဲမှုရှိရေးတို့အတွက် ပံ့ပိုးပေးမည့် အစီအမံများတွင် (၁) လုပ်ငန်းများ၏ ကာလတို ငွေသားသုံးစွဲမှု လိုအပ်ချက်ကို အထောက်အကူပြုခြင်း၊ (၂) လုပ်သားများအား ဆက်လက် ခန့်ထားနိုင်ရေးနှင့် လေ့ကျင့်သင်တန်းပေးနိုင်ရေးတို့ကို ဆောင်ရွက်နိုင်ရန်အတွက် လုပ်ခလစာများ၏ တစ်စိတ်တစ်ပိုင်းကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ အစိုးရမှ အထောက်အကူပြုပေးမည့် အစီအမံအသေးစိတ်ကို   ၁၈ - ၂ - ၂၀၂၀ ရက်နေ့တွင် ပြုလုပ်မည့် စင်ကာပူအစိုးရ၏ ဘတ်ဂျက် ၂၀၂၀ တွင် ထည့်သွင်း ကြေညာသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Press Release, Ministry of Finance, Ministry of Trade and Industry, Singapore

Category: Singapore