China(Nanning)

ပိုမိုအားကောင်းသည့် ရေဘေးစီမံခန့်ခွဲမှုများဆောင်ရွက်ရန် တရုတ်သမ္မတ တိုက်တွန်းထား

Last Updated:

တရုတ်နိုင်ငံ၏ ဒေသအချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေသည့်အတွက် ပြည်သူများ၏ ဘဝလုံခြုံရေးနှင့် ပိုင်ဆိုင်မှုများဆုံးရှုံးမှုမရှိစေရေး ဉီးစားပေးဆောင်ရွက်ပေးရန် သက်ဆိုင်ရာဌာနအချို့အား တရုတ် သမ္မတက တိုက်တွန်းထားပြီး ရေဘေးကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပိုမိုအားကောင်းစွာ စီမံဆောင်ရွက်သွားကြရန် ဇူလိုင်လ (၁၇) ရက်နေ့တွင် ပြောကြားခဲ့ပါသည်။  ထို့ပြင် ရေဘေး သင့်ဒေသများ၌ အသက်အန္တရာယ်စိတ်ချလုံခြုံစေရေး၊ အစားအစာစိတ်ချလုံခြုံစေရေး၊ စီးပွားရေးရာစိတ်ချလုံခြုံစေရေး၊ လူမှုရေးရာတည်ငြိမ်စေရေးနှင့် နိုင်ငံတော်လုံခြုံရေးတို့အတွက်လည်း ကာကွယ် ဆောင်ရွက်ကြရန် သမ္မတကအလေး အနက်ပြောကြားထားပါသည်။

တရုတ်နိုင်ငံအနေဖြင့် အထိုက်အလျောက်ကြွယ်ဝချမ်းသာသည့်လူမှုအသိုက် အဝန်းတစ်ရပ်ဖြစ်လာစေရန်နှင့် ယခုနှစ်ကုန်၌ အလုံးစုံဆင်းရဲနွမ်းပါးမှုမရှိတော့စေရန် တည်ဆောက်နေချိန်၌ ယခုကဲ့သို့ ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေသဖြင့် ရေဘေးကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ကောင်းစွာဆောင်ရွက်ရန် အရေးကြီးသည့်အချိန်ဖြစ်နေကြောင်း သမ္မတက ပြောကြားထားပါသည်။

ဇွန်လအတွင်း တရုတ်တောင်ပိုင်း၌ ရေလွှမ်းမိုးမှုများဖြစ်ပေါ်စဉ် ဒေသခံပါတီကော်မတီများ၊ အစိုးရဌာနများ၊ တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော်နှင့် လက်နက်ကိုင်တပ်များ ပူးပေါင်းဆောင်ရွက် ကာ ရေဘေးလွတ်မြောက်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြမှုအတွက် အသိအမှတ်ပြုကြောင်း သမ္မတက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ရေဘေးထိန်းချုပ်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ထုတ်လုပ်မှုများ ပြန်လည်စတင်နိုင်ရန် ပြန်လည်တည်ဆောက်ရေးအစီအစဉ်များကို သတိပြုဆောင်ရွက်သင့်ကြောင်း နှင့် ရေဘေးသင့်ပြည်သူများ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိိစေရေး ကူညီပေးရန်လိုအပ်ကြောင်းနှင့် အနာဂတ်တွင် မိုးသည်းထန်စွာရွာသွန်းမှု၊ တိုက်ဖွန်းမုန်တိုင်းများ၊  ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုစသည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ကြေငြာချက်အား ကျေးရွာများ၊ အိမ်ထောင်စုများနှင့် ပြည်သူများထံ အနီးစပ်ဆုံးခန့်မှန်း၍ထုတ်ပြန်ရန် သမ္မတက တိုက်တွန်းပြောကြားထားပါသည်။

ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းအားဖြင့် ဆောင်ရွက်ကြရန်၊ ရေလွှမ်းမိုးသည့်ဒေသရှိ ဆင်းရဲနွမ်းပါးသူများ ကို အထူးဂရုစိုက်၍ ထောက်ပံ့ပေးရန်နှင့် ရေဘေးကြောင့် ဆင်းရဲတွင်းသို့ ကျရောက်ခြင်းမရှိစေရန်၊ ကယ်ဆယ်ရာတွင် လူများကို အရင်ဆုံးကယ်ဆယ်ကြရန် သမ္မတက တိုက်တွန်းထားပါသည်။

တရုတ်နိုင်ငံတွင် ဇွန်လမှစတင်၍ တောင်ပိုင်းရှိ ဒေသအတော်များများ၌ မြစ်များ၏ ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့် ရေလွှမ်း မိုးမှုများဖြစ်ပေါ်လျက်ရှိပါသည်။   တရုတ်နိုင်ငံတဝှမ်းရှိ ပြည်နယ် (၂၄) ခုတွင် ရေလွှမ်းမိုးမှုကြီးများဖြစ်ပေါ်မှုကြောင့် လူဉီးရေ (၂၀.၂၇) သန်းခန့်အပေါ် သက်ရောက်မှုဖြစ်ပွားလျက် ရှိပါသည်။

ရေလွှမ်းမိုးမှုဖြစ်ပွားသော ဒေသများမှာ ကျန်းရှီး၊ အန်းဝေနှင့် ဟူပေပြည်နယ်များတွင်ဖြစ်ပြီး လူ (၂၃) ဉီးသေကြေပျောက်ဆုံးကာ ယခုလအတွင်း လူဉီးရေ (၁.၇၆) သန်းအား ပြန်လည်နေရာချထားခဲ့ရ ကြောင်း သိရပါသည်။ ယခုလအတွင်းမှာပင် အိမ်ခြေ (၈၉,၀၀၀) ပျက်စီးဆုံးရှုံးခဲ့ကာ တိုက်ရိုက်စီးပွားရေးဆုံးရှုံးမှုပမာဏမှာ ယွမ်ငွေ (၄၉.၁၈) ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၀၃ ဘီလီယံ) တန်ဖိုးရှိ ကြောင်း အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇူလိုင်လ (၁၆) ရက်နေ့က ထုတ်ပြန်ကြေငြာထားပါသည်။

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Daily (၁၈-၇-၂၀၂၀)

Category: China(Nanning)