India (Delhi)

ပြည်နယ်အစိုးရများ၏ ဆက်သွယ်သွားလာမှုများအား ပြန်လည်တားမြစ်ကန့်သတ်ခြင်းက အိန္ဒိယနိုင်ငံ၏ စီးပွားရေးနာလန်ထူမှု အရှိန်လျော့ကျစေဖွယ်ရှိခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ နိုင်ငံတစ်ဝန်းလုံး အသွားအလာကန့်သတ်တားမြစ်ထားခြင်းကို ၁.၆.၂၀၂၀ နေ့မှစတင်ဖြေလျော့လျက် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ခွင့်ပြုခဲ့သည့်နောက်ပိုင်းတွင် ကုန်ထုတ်လုပ် ရောင်းဝယ်မှုများမှာ ပြန်လည်အသက်ဝင်လှုပ်ရှားလာခဲ့သည့်နည်းတူ Covid-19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူအရေအတွက်မှာလည်း ပြည်နယ်ဒေသအချို့၌ တရိပ်ရိပ်မြင့်တက်လာခဲ့ပါသည်။ တစ်နိုင်ငံလုံး၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အတည်ပြုလူနာဦးရေမှာ ဇွန်လ ၁ ရက်နေ့၌ ၁၉၈၀၀၀ ကျော်ရှိရာမှ ဇူလိုင်လ ၁၅ ရက်နေ့တွင် ၉၇၀၀၀၀ ခန့်အထိမြင့်တက်လာပြီး အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ ၁၆.၇.၂၀၂၀ နေ့မွန်းလွဲပိုင်း၌ ထုတ်ပြန်သည့်စာရင်းများအရ လက်ရှိကုသမှုခံယူဆဲ Covid-19 ရောဂါ လူနာဦးရေမှာ ၃၃၁၁၄၆ ဦးရှိကြောင်း တွေ့ရှိရပါသည်။

ထိုသို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာခြင်းအပေါ် စိုးရိမ်ပူပန်မှုများရှိလာပြီး အချို့မြို့ကြီးများနှင့် ပြည်နယ်များ၌ ဒေသန္တရအစိုးရများက ဆက်သွယ်သွားလာမှုများအား တစ်ကျော့ပြန် တားမြစ် ကန့်သတ်ခြင်းကို ချမှတ်ဆောင်ရွက်လျက်ရှိကြပါသည်။ ဥတာပရာ‌ဒေ့ရှ် ပြည်နယ်အစိုးရသည် အပတ်စဉ်သောကြာနေ့ ညနေပိုင်းမှ တနင်္လာနေ့နံနက်ပိုင်းအထိ အသွားအလာကန့်သတ်ခြင်းကို ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး ကာနာတာကာပြည်နယ်အစိုးရကမူ ဇူလိုင် ၁၄ ရက်မှ ၂၂ ရက်အထိ Lockdown ချမှတ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပါသည်။ အလားတူ ဘီဟာပြည်နယ်အစိုးရသည် လည်း ပြည်နယ်အတွင်းရှိ ခရိုင် ၁၇ ခုအား ဇူလိုင်လ ၁၀ ရက်မှစ၍ ၃ ရက်မှ ၇ ရက်ကြာ Lockdown ချမှတ်ခဲ့ရာမှ တစ်ဖန် ဇူလိုင် ၁၆ ရက်မှ ၂၉ ရက်အထိ ပြည်နယ်တစ်ခုလုံး၌ အသွားအလာကန့်သတ်မှု တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။ မဟာရတ္ထ၊ တမီနာဒူ၊ အာသံပြည်နယ်များရှိ မြို့ကြီးများတွင်လည်း အသွားအလာတားမြစ်ကန့်သတ်မှုများ ဆောင်ရွက်လျက်ရှိသည်။

ပြည်နယ်ဒေသများစွာ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအား ထားဆီးထိန်းချုပ်ရန် ဒေသန္တရအစိုးရများ၏ တစ်ကျော့ပြန် lockdown ချမှတ်လုပ်ဆောင်ခြင်းများက ဝယ်လိုအားလျော့ကျမှုနှင့် သွင်းအားစုကွင်း ဆက်ပြတ်တောက်မှုကို ဖြစ်ပေါ်စေလျက် ယခင်လ၌ စီးပွားရေးလုပ်ငန်းများ ပြန်လည်အသက်ဝင် လုပ်ဆောင်လာမှု၏အရှိန်ကို ပျက်ပြယ်စေဖွယ်ရာရှိကြောင်း စီးပွားရေးပညာရှင်အချို့က သုံးသပ်ပြောဆို လျက်ရှိပါသည်။ စီးပွားရေးလုပ်ဆောင်မှုအား ဖော်ပြသည့် ကုန်စည်ပို့ဆောင်မှု Electronic Way Bill များ၊ လူပုဂ္ဂိုလ်ရွေ့လျားသွားလာမှု အညွှန်းကိန်းများ၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် လုပ်သားများ၏ လုပ်ငန်းခွင်ဝင်ရောက်မှု စသည့် အညွှန်းကိန်းများမှာ ဇွန်လအတွင်း လုပ်ဆောင်နိုင်မှုများနှင့်နှိုင်းယှဉ်ပါက ဇူလိုင်လ၌ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။

ဇွန်လကုန်ပိုင်း၌ နော်မူရာ အိန္ဒိယစီးပွားရေးပြန်လည်လုပ်ဆောင်မှု အညွှန်းကိန်း (NIBRI) သည် ၇၀.၅ ရှိရာမှ ဇူလိုင်လ ၁၂ ရက် နေ့တွင် ၆၆.၈ သို့ ကျဆင်းခဲ့ကြောင်း၊ တန်ဖိုးအားဖြင့် ရူပီးငွေ ၅၀၀၀၀ နှင့် အထက်ရှိသော ကုန်စည်များသယ်ယူပို့ဆောင်ခြင်းအတွက် E-waybill ခေါ် အီလက်ထရွန်းနစ်စနစ်သုံး ကုန်စည်သယ်မှုအထောက်အထားများထုတ်ပေးမှုမှာ ဇူလိုင်လ၏ ပထမ ၁၃ ရက်အတွင်း စောင်ရေ ၁၇.၂ သန်းရှိပြီး ဇွန်လကာလတူ၌ ၁၈.၇ သန်းဖြစ်ရာ သိသာစွာလျော့ကျခဲ့ကြောင်း၊ စီးပွားရေးလုပ်ဆောင်နိုင်မှုအခြေအနေကို တွက်ချက်ရာ၌ အခြားအညွှန်းကိန်းတစ်ခုဖြစ်သော လူပုဂ္ဂိုလ်တစ်ဦးချင်း၏ လုပ်ငန်းခွင်သို့ ရွေ့လျားသွားလာမှု Mobility indices သည်လည်း ဇွန်လ လလယ်ပိုင်းမှစ၍ တိုးတက်မှုရပ်တန့်နေခဲ့သည်ကို Google ၏အချက်အလက်စနစ်မှ တွေ့ရှိရကြောင်း၊ အိန္ဒိယစီးပွားရေးစောင့် ကြည့်လေ့လာမှုဗဟိုဌာန (CMIE) ၏ အပတ်စဉ်စာရင်းအချက်အလက်များအရ လုပ်သားများ၏ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်မှုနှုန်းမှာ ဇွန်လ ၂၁ ရက်နေ့တွင် ကုန်ဆုံးသည့်ရက်သတ္တပတ်၌ ၄၂% ရှိရာမှ ဇူလိုင်လ ၁၂ ရက်နေ့တွင် အဆုံးသတ်သည့် ရက်သတ္တပတ်၌ ၄၀.၄% သို့ ကျဆင်းခဲ့သည်ကို တွေ့ရှိရကြောင်း၊ သို့ဖြစ်ရာ HDFC Bank, CARE Ratings, Crisil, EY စသည့် စီးပွားရေးစောင့်ကြည့်လေ့လာ သည့် အဖွဲ့အစည်းများမှ ပညာရှင်များက အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းဖြစ်ပေါ်မှု မတိုင်မီကာလနှင့်နှိုင်းယှဉ်ပါက ဝယ်လိုအားမှာ နိမ့်ကျလျက်ရှိပြီး စီးပွားရေးကျုံ့ဝင်မှုဖြစ်ပေါ်လျက်ရှိ သည်ဟု သုံးသပ်လျက်ရှိကြောင်းဖြင့် Economic Times သတင်းဌာနက ဖော်ပြပါသည်။

အိန္ဒိယနိုင်ငံ၌ Covid-19 ဗိုင်းရပ်စ် ကူးစက်မှုနှုန်းမြင့်တက်လာသည်နှင့်အမျှ တားဆီးထိန်းချုပ်မှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ရာ ပြည်နယ်ဒေသန္တရအစိုးရများ၏ အသွားအလာ ကန့်သတ်တားမြစ်ဆောင်ရွက်မှုများက အခြားတစ်ဖက်တွင် စီးပွားရေးပြန်လည်နာလန်ထူ လုပ်ကိုင်ဆောင်ရွက်မှုများအတွက် သွင်းအားစုကွင်းဆက် ပုံမှန်လည်ပတ်နိုင်ရေး၌ ကြီးမားသည့် စိန်ခေါ်မှု တစ်ရပ်အဖြစ် တည်ရှိနေပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့ )

Source:         1. Consumer goods sales go off track due to localised lockdown in the country, 14 Jul 2020, Economic Times

                   2. India was on the path to economic recovery; local lockdowns threw a spanner in the works, 15 Jul 2020, Economic Times

                   3. From weekend curbs to extended restrictions: These states have imposed localised lockdowns, 12 Jul 2020, Hindustan Times

Category: India (Delhi)