Japan

ပြည်ဝင်ခွင့်ကန့်သတ်ချက်များ ထပ်မံဖြေလျှော့ရန် ဂျပန်ပြင်ဆင်နေကြောင်းသိရ

Last Updated:

ဂျပန်နိုင်ငံတွင် အများဆုံး ၇၂ နာရီအထိ အချိန်တိုနေထိုင်ရန် ဝင်ရောက်လာသည့် ပြည်ပစီးပွားရေးသမားခရီးသွားများကို သီးခြားခွဲနေရန် အချိန် ကာလကန့်သတ်ချက်ကို ဖြေလျော့ဖယ်ရှားရေး ဂျပန်အစိုးရက စဉ်းစားပြင်ဆင် နေကြောင်း သိရပါသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ထားနိုင်သည့်နိုင်ငံနှင့် နယ်မြေများမှ ခရီးသွားများအပေါ် ယခုကဲ့သို့ ကင်းလွတ်ခွင့်ပြုခြင်းကို ကျင့်သုံးရန် ဂျပန်အစိုးရက စဉ်းစားနေခြင်းဖြစ်ပါသည်။

အဆိုပါခရီးသွားများအနေဖြင့် ဗိုင်းရပ်စ်ပိုး စစ်ဆေးစမ်းသပ်မှုရလဒ်များ၊ ဂျပန်ပြည်တွင်းသွားလာရန် ရည်ရွယ်ထားသည့် နေရာတွေကို ဖော်ပြထားသည့် ခရီးသွားလာမှုအစီအစဉ်ကို တင်သွင်းရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် အဆိုပါအစီအစဉ်ကို လာမည့်နိုဝင်ဘာလတွင် အစောဆုံးအနေ ဖြင့်စတင်နိုင်ရေး ဂျပန်အစိုးရက ပြင်ဆင်နေပါသည်။

ဂျပန်နိုင်ငံသည် တောင်ကိုရီးယား၊ စင်္ကာပူနှင့် အခြားနေရာဒေသများအကြား စီးပွားရေးဆိုင်ရာခရီးသွားလာမှုများကို ပြန်လည်စတင်နေပြီ ဖြစ်ပါသည်။ ထို့အပြင် ကာလလတ်နှင့် ကာလရှည်နေထိုင်ရန် သတ်မှတ်ချက်များနှင့် ပြည်မီသည့် ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံခြားသားများအတွက် ပြည်ဝင်ခွင့် ကန့်သတ်ချက်များကိုလည်း ဖြေလျှော့ခဲ့ပြီး ဖြစ်ပါသည်။

ဂျပန်အစိုးရသည် လေဆိပ်များတွင် ဗိုင်းရပ်စ်ပိုး စစ်ဆေးမှုမှု စွမ်းရည်ကို ပိုမိုတိုးမြှင့်ဆောင်ရွက်ပြီး ပြည်ဝင်ခွင့် ကန့်သတ်ချက်များ လျှော့ချရန်နှင့် နိုင်ငံခြားတိုင်းပြည်များအကြား ဝင်ထွက်သွားလာမှုများကို  တိုးချဲ့ဆောင်ရွက် သွားရန် စိတ်အားထက်သန်နေကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan