China(Nanning)

ပြန်လည်စတင်လာမှုများ လျင်လျင်မြန်မြန်ပြုလာခြင်း၏ နောက်ကွယ်၌ စွန့်စားဆုံးရှုံးရနိုင်ခြေများ ရှိနိုင်ကြောင်း IMFကျွမ်းကျင်သူများက သတိပေး

Last Updated:

တစ်ကမ္ဘာလုံးကြုံတွေ့နေရသော ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း အာရှနှင့် ဉရောပနိုင်ငံများက ၎င်းတို့၏ စီးပွားရေးကို ပြန်လည်ဖွင့်လှစ်ရာတွင် သတိကြီးစွာထား၍လုပ်ဆောင်သင့်ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ကျွမ်း ကျင်သူနှစ်ဉီးက သတိပေးထားပါသည်။ အချိန်တိုအတွင်း အလွန်အကျွံပြုလုပ်လိုက်ပါက လက်ရှိအခြေအနေအား ဆိုးရွားသွားစေနိုင်သည့် စွန့်စားဆုံးရှုံးနိုင်ခြေများနှင့် ကြုံတွေ့ရနိုင်ကြောင်း အကြံပြုထားခြင်းဖြစ်ပါသည်။

ဉရောပနှင့် အာရှဒေသနှစ်ရပ်လုံးတွင် အသွားအလာကန့်သတ်မှုများနှင့် အခြားကန့်သတ်မှုများဆောင်ရွက်ရခြင်းကြောင့် စီးပွားရေးနှင့် နိုင်ငံသားများ၏ စိတ်ပိုင်းဆိုင်ရာတို့အပေါ် သိသိသာသာထိခိုက်စေခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းကန့်သတ်မှုများအား ဖြေလျှော့ရန်နှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ရန် ဆောင်ရွက်ချက်များအပေါ် နားလည်နိုင်ပါကြောင်း၊ သို့ရာတွင် ရောဂါကူးစက်မှုအသစ်များကို လျင်မြန်စွာထိန်းချုပ်နိုင် သည့် စီမံဆောင်ရွက်မှုများ လက်လှမ်းမီခြင်းမပြုသေးမီ စောစီးစွာ ရှေ့ဆက် ခြင်းမှာ နိုင်ငံသားများ အပေါ်တွင်ရော၊ စီးပွားရေးအရပါ စွန့်စားဆုံးရှုံနိုင်ခြေများရှိပါကြောင်း  IMF ၏ အာရှ-ပစိဖိတ်ဌာနနှင့် ဉရောပဌာနများမှာ အကြီးအကဲများဖြစ်ကြသော Changyong Rhee  နှင့် Poul M. Thomsenတို့က မှတ်ချက်ပြုထားကြပါသည်။

IMFမှ ကျွမ်းကျင်သူများ၏ လေ့လာချက်များအရ  ဉရောပနိုင်ငံအချို့တွင် ရောဂါ ကူးစက်မှုအမြင့်ဆုံးရောက်သည့်အချိန်နှင့် ပြန်လည်ဖွင့်လှစ်ရန် စီမံသည့်အချိန်တို့၏ ကြားကာလမှာ တရုတ်နိုင်ငံထက် ပိုမိုတိုတောင်းကြောင်း၊ ထို့ကြောင့် ဉရောပတွင် ရောဂါ ကူးစက်ခံရသူဉီးရေ (၁.၈)သန်းရှိခဲ့ပြီး တစ်ကမ္ဘာလုံးတွင် ကူးစက်ခံထားရသူစုစုပေါင်း၏ ထက်ဝက်ကျော်ရှိကြောင်း၊ ကပ်ရောဂါကြောင့် ဉရောပနိုင်ငံများတွင် သေဆုံးသူဉီးရေမှာလည်း ကမ္ဘာတဝှမ်း ကပ်ရောဂါကြောင့် စုစုပေါင်းသေဆုံးသူဉီးရေ၏ (၅၇) ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ထို့ကြောင့် ဉရောပ၏နမူနာအား အခြားနိုင်ငံများက ကြည့်ရှု၍ ဆင်ခြင်နိုင်ကြစေလိုကြောင်း၊  တရုတ်နိုင်ငံ၏ ဆောင်ရွက်ချက်အရ ဉီးစားပေးစီးပွားရေးကဏ္ဍများနှင့် အထူးပြုထုတ်လုပ်မှုများကို အစီအစဉ်တကျ ပြန်လည်စတင်စေ ခဲ့ကာ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် ဒေသများနှင့် လူဉီးရေများကို အခြေခံလျက် တဆင့်ချင်းဖြေလျှော့ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှုခြေရာခံလိုက်ရာတွင် ခေတ်မီနည်းပညာများကို အသုံးချခဲ့ကြောင်း၊ တောင်ကိုရီးယားတွင် ကပ်ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရာ၌ ကောင်းမွန်စွာ ဖွဲ့စည်းထားသည့် စီမံဆောင်ရွက်မှုများဖြင့် ပြောင်းလဲဆောင်ရွက်လာခဲ့သော်လည်း ပြည်တွင်းသွားလာမှုများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် တားဆီးခြင်းမရှိခဲ့ပါကြောင်း၊ စင်ကာပူတွင်လည်း တောင် ကိုရီးယားနည်းတူ ဆောင်ရွက်ခဲ့ပါကြောင်း၊  ရောဂါကာကွယ်ဆေး သို့မဟုတ် မူဝါဒချမှတ်သူများအနေဖြင့် ကုသဆေးမပေါ်မီကာလအထိ စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ခြင်း၏ အကျိုးများနှင့်  နောက်ထပ်ကူးစက်သူနှုန်း မြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုများအကြား ချိန်ညှိကြရန်လိုအပ်ကြောင်း ၎င်း IMFအကြီးအကဲများက သတိပေးပြောကြားထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Daily  (၁၅-၅-၂၀၂၀)

Category: China(Nanning)