Thailand

ဗိုင်းရပ်စ်ဖြစ်ပွားနေသော်လည်း ထိုင်းအစားအစာပြည်ပတင်ပို့မှုမှာ တောက်ပနေဆဲဖြစ်

Last Updated:

Covid-19 ဖြစ်ပွားဆဲကာလအတွင်း အစားအစာဝယ်လိုအားမြင့်တက်နေမှုကြောင့် ထိုင်းနိုင်ငံအစားအစာလုပ်ငန်း(Food Industry)မှာ အလားအလာကောင်းနေဆဲ ဖြစ်ပါသည်။ ထိုင်းအစားအစာ ကမ္ဘာ့စားနပ်ရိက္ခာပြပွဲ “ Thai Food, World Food Fair” တွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မစ္စတာ ဂျူရင် လက်ဆာနာဝီဆစ်က အားနည်း နေဆဲဖြစ်သော ကမ္ဘာ့စီးပွားရေး၊ ဆက်လက်ဖြစ်ပွားဆဲ ကုန်သွယ်ရေး အခြေအနေ၊ အားကောင်းနေသော ဘတ်ငွေနှင့် ဗိုင်းရပ်စ်ကူးစက်မှုများဖြစ်ပွားနေသော်လည်း ထိုင်းနိုင်ငံ အနေဖြင့် အစားအစာ ပြည်ပတင်ပို့မှုကို ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာပြည်ပသို့ တင်ပို့သည့် အကြီးမားဆုံး(၁၁)နိုင်ငံမြောက် နိုင်ငံဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် အစားအစာပြည်ပသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၃၃.၁) ဘီလီယံရှိခဲ့ကြောင်း၊ ၎င်းမှာ ၂၀၁၈ခုနှစ်ကထက် (၃%) တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။

မိမိတို့အနေဖြင့် ထိုင်းနိုင်ငံအား အဆင့်တိုးတက်စေရန်နှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ၊ အေးခဲပင်လယ်စာ၊ အေးခဲကြက်သား၊ စည်သွပ်တူနာငါး၊ အေးခဲနှင့်ပြုပြင်ထားသော ပုဇွန်၊ သန့်စင်ထားသောသကြား (refined sugar) ၊ အဖျော်ယမကာများ၊ ရာသီအလိုက် အစားအစာများ၊ (သို့မဟုတ်) အိမ်မွေး တိရစ္ဆာန်အစားအစာများ၏ ဝယ်လိုအား မြင့်တက်လာမှုတို့နှင့်အတူ ထိုင်းနိုင်ငံအား ကမ္ဘာလုံးဆိုင်ရာ အရည်အသွေးကောင်းမွန်သော လယ်ယာထွက်ကုန်များနှင့် အစားအစာ(စားနပ်ရိက္ခာ) ဗဟိုချက် (Global Hub for Quality agricultural products and food)ဖြစ်ပေါ်လာစေရေးအတွက် မျှော်မှန်းလျှက်ရှိကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

Mr.Jurinက မိမိတို့အနေဖြင့် ကုန်ကြမ်းပေါများကြွယ်ဝခြင်း၊ အဆင့်မြင့်ပြုပြင်ထုတ်လုပ်မှု နည်းပညာများရှိနေခြင်း၊ အထူးကောင်းမွန်သော ဈေးကွက်မြှင့်တင်မှုများရှိခြင်း၊ အရည်အသွေး ကောင်းမွန်သောထုတ်ကုန်များနှင့်မတူ ကွဲပြားသော ထုတ်ကုန် ပစ္စည်းများရှိနေခြင်းစသည့် အဓိကပံ့ပိုးနေသော အချက်အလက်များကို ရည်ညွှန်းကိုးကား ဖေါ်ပြခဲ့ပါသည်။

၎င်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဈေးကွက်ဉီးဆောင်သော ထုတ်လုပ်မှုမဟာဗျူဟာကို အကောင်အထည်ဖေါ်ဆောင်ရွက်ရန်၊ တီထွင်ဆန်းသစ်ဖန်တီးမှုများမှတစ်ဆင့် ထိုင်းထုတ်ကုန်များအားအဆင့်မြှင့်တင်ကာ ပိုမို တက်ကြွသောဈေးကွက်ရှာဖွေမှုကို စတင်မိတ်ဆက်ဆောင်ရွက်ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးကို အဆင့်မြှင့်တင်ခြင်းနှင့် ထိုင်းအစားအစာများပြည်ပသို့ပိုမိုတင်ပို့နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဆွေးနွေးမှုများကို ပိုမိုအားဖြည့်မြှင့်တင် ဆောင်ရွက်နိုင်ခြင်းတို့အတွက် လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ပါသည်။

ဝန်ကြီးဌာနနှစ်ခုအနေဖြင့် မကြာသေးမီကပင် ဈေးကွက်မဟာဗျူဟာအတွက် အဓိက Misssion အဖွဲ့ (၄) ဖွဲ့ကို ကြီးကြပ်ဆောင်ရွက်ရန် အမြဲတမ်းအတွင်းဝန်များဉီးဆောင်သော လုပ်ငန်းအဖွဲ့ (WorkingGroup) (၄) ခုကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါသည်။ ဝန်ကြီး ဌာနများအနေဖြင့် စိုက်ပျိုရေးထုတ်ကုန်များအတွက် တစ်ခုတည်းသောကြီးမားသည့် အချက်အလက်ဒေတာစနစ် (Single Big Data System) ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဗဟိုဒီဂျစ်တယ်ပလက်ဖေါင်း(Central Digital Platform) အား တည်ထောင် ဆောင်ရွက်လျှက်ရှိပါသည်။

ဝန်ကြီးဌာနနှစ်ခုအနေဖြင့် ထိုင်းနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ၏ အရည်အသွေး(Quality)၊ အစားအစာဘေးကင်းလုံခြုံမှု(Food Safety)၊ ထိုင်းလယ်ယာထွက်ကုန်များအပေါ်ခြေရာခံလိုက်နိုင်မှု(Traceability of Thai Farm Products)၊ ထုတ်ကုန်များကိုမြှင့်တင်စဉ် Offline နှင့် Online နှစ်ခုစလုံးမှနေ၍ ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းပေးရန်တို့ကို အတူတစ်ကွ ယုံကြည်ချက်ဖြင့် ပူးပေါင်းတည်ထောင်ဆောင်ရွက်သွားကြရန် ကတိပြုထားကြပါသည်။

ဧပြီလအစောပိုင်းတွင် အစိုးရအနေဖြင့် (၂၀၁၉-၂၀၂၇) အတွက်  အစားအစာ ပြုပြင်ထုတ်လုပ်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းဆောင်ရွက်မည့်စီမံချက်နှင့် ဘတ်ငွေ (၆.၆) ဘီလီယံ ဘတ်ဂျက်ကို အထောက်အပံ့ပေးရန်တို့ကို အတည်ပြုပေးခဲ့ပါသည်။ ဤ စီမံချက်သည် ထိုင်းနိုင်ငံအား အာဆီယံအစားအစာပြုပြင်ထုတ်လုပ်မှုဗဟိုချက် (Asean Processed food hub) နှင့် ၂၀၂၇ ခုနှစ်တွင် ထိုင်းနိုင်ငံအား ကမ္ဘာ့ထိပ်တန်းအစားအစာပြည်ပတင်ပို့သည့် (၁၀) နိုင်ငံစာရင်းတွင် ပါဝင်လာစေရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ ဆန်၊ ရေထွက်ကုန်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၊ မွေးမြူရေးနှင့် ဇီဝအစားအစာ Biofood စသည့် ပစ်မှတ် (Target) ထားသော အစားအစာပြုပြင်ထုတ်လုပ်ခြင်းကိုတိုးမြှင့်ရန်နှင့် အစားအစာ ထုတ်ပိုးမှု တို့ကိုလည်း မြှင့်တင်ဆောင်ရွက်သွားရန်တို့ဖြစ်ပါသည်။

 

 

Source:Bangk Post               

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)    

Category: Thailand