India (Delhi)

မဏိပူရ်ပြည်နယ် ဒေသထွက် ငချိတ်ဆန်အား ပထဝီဒေသဆိုင်ရာအညွှန်း အသိအမှတ်ပြု လက်မှတ်အပ်နှင်းခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှ စိုက်ပျိုးထုတ်လုပ်သည့် ဒေသအခေါ် Chak-hao အမည် ရှိသည့် ငချိတ်ဆန်အား ပထဝီဒေသဆိုင်ရာအညွှန်း (Geographical Indication - GI) မှတ်ပုံတင် စာရင်းသွင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါဆန်အား ပထဝီဒေသဆိုင်ရာအညွှန်း GI ရရှိရေးအတွက် မဏိပူရ်ပြည်နယ် Chak-hao ငချိတ်ဆန် စိုက်ပျိုးထုတ်လုပ်သူများ ပူးပေါင်းအဖွဲ့အစည်းက အိန္ဒိယနိုင်ငံ အရှေ့မြောက် ဒေသ လယ်ယာစိုက်ပျိုးရေးဈေးကွက် သမဝါယမလီမိတက်မှတစ်ဆင့် လျှောက်လွှာ တင်သွင်း ပြီး မဏိပူရ်ပြည်နယ်အစိုးရနှင့် အိန္ဒိယစိုက်ပျိုးရေးဦးစီးဌာနတို့မှ ကူညီပံ့ပိုးပေးခဲ့ကြောင်း၊ GI ရရှိ ရေး စာရွက်စာတမ်းပြင်ဆင်မှုများ အပါအဝင် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်သည် စတင်လျှောက် ထားသည့်အချိန်မှ ၁ နှစ်ကျော် အချိန်ယူဆောင်ရွက်ခဲ့ရကြောင်း၊ ယခုအခါ အိန္ဒိယနိုင်ငံအစိုးရ Geographical Indications Registry အင်တာနက်စာမျက်နှာတွင် Chak-hao ငချိတ်ဆန်အား Manipur black rice အမည်ဖြင့် လွှင့်တင်ဖော်ပြထားပြီးဖြစ်ကြောင်း၊ ယခင်က Chak-hao ငချိတ် စပါးမျိုးများအား အိန္ဒိယနိုင်ငံအတွင်း အခြားနေရာဒေသများသို့ သယ်ယူပို့ဆောင်လျက် စိုက်ပျိုး ထုတ်လုပ်မှုအပေါ် မဏိပူရ်ဒေသခံ လယ်သမားများက စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ ယခု အခါ မဏိပူရ်ပြည်နယ် တောင်သူလယ်သမား လယ်ယာစီးပွားလုပ်ငန်းငယ်များ ပူးပေါင်းအဖွဲ့ (Manipur SFAC) က ၎င်းတို့အနေ ဖြင့် GI မှတ်ပုံတင်လက်မှတ်ရရှိပြီးနောက် အဆိုပါ ဒေသထွက် ငချိတ်ဆန်နှင့် စပါးမျိုးစေ့များအား ကမ္ဘာ့မည်သည့်နေရာဒေသသို့မဆို တင်ပို့နိုင်ပြီဖြစ်သည်ဟု ပြောဆိုကြောင်း၊ မဏိပူရ်ပြည်နယ်၌ Chakhao ဆန်အား ရာစုနှစ်များစွာကပင် စိုက်ပျိုးထုတ် လုပ်ခဲ့ကြပြီး ကျေးလက်ဒေသပွဲတော်များတွင် ရိုးရာမုန့်မျိုးစုံပြုလုပ် စားသုံးလေ့ရှိကြောင်း၊ ထို့ အပြင် တိုင်းရင်းဆေးဝါး ဖော်စပ်ရာတွင်လည်း ထည့်သွင်းသုံးစွဲကြောင်း၊ အင်ဖာမြို့ရှိ ဈေးကွက်၌ ၎င်းငချိတ်ဆန် ၁ ကီလိုဂရမ်လျှင် ရူပီးငွေ ၁၀၀ မှ ၁၂၀ ပျမ်းမျှဈေးနှုန်း ရှိကြောင်း Hindustan Times သတင်းဌာနက ရေးသားဖော်ပြပါသည်။

ပထဝီဆိုင်ရာအညွှန်းကိန်း (GI) သည် ထုတ်ကုန်တစ်ခု၏ ပင်ရင်းဒေသနှင့်စပ်လျဉ်း၍ အထူးအရည်အသွေး၊   နာမည်ကောင်းရှိမှု သို့မဟုတ် တခြားသွင်ပြင်လက္ခဏာ ဝိသေသများအား မှတ်ပုံတင် အသိအမှတ်ပြုသည့် လက်မှတ်ဖြစ်ပြီး ကုန်သွယ်မှုလုပ်ငန်းများ၌ အရေးပါသောကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ အိန္ဒိယနိုင်ငံ၌ ကုန်စည်များ၏ GI အသိအမှတ်ပြုလက်မှတ် ထုတ်ပေး ခြင်းကို အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုကဏ္ဍမြှင့်တင်ရေးနှင့် ပြည် တွင်းကုန်သွယ်မှု ဦးစီးဌာန လက်အောက်ရှိ မူပိုင်ခွင့်၊ ဒီဇိုင်းနှင့် ကုန်အမှတ်တံဆိပ်များ ရုံးအဖွဲ့ (Office of the Patents, Designs and Trade Marks) က တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ မဏိပူရ်ပြည်နယ် Chak-hao ငချိတ်ဆန် စိုက်ပျိုးထုတ်လုပ်သူများ ပူးပေါင်းအဖွဲ့အစည်း၏ GI လျှောက်ထားမှုအား ၂၆.၁၂.၂၀၁၇ နေ့တွင် စတင်လက်ခံဆောင်ရွက်ခဲ့ပြီး GI လက်မှတ်ထုတ်ပေး နိုင်ရန်အတွက် အများပြည်သူထံမှ သဘောထားမှတ်ချက်ရရှိရန် အဆိုပါဌာနမှ ၂၉.၁၁.၂၀၁၉ နေ့ တွင် ထုတ်ဝေသော Geographical Indications Journal No. 126 တွင် Chak-hao ဆန်စပါး၏ အချက်အလက်များအား ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         1. Manipur black rice gets Geographical Indication tag, 2 May 2020, Hindustan Times

2. Geographical Indications Journal No. 126, Office of the Patents, Designs and Trade Marks, Department for Promotion of Industry and Internal Trade of India

Category: India (Delhi)