India (Delhi)

မတ်ပဲတင်သွင်းခွင့်ကာလ လျော့ချသည့် ဆုံးဖြတ်ချက်အပေါ် မူလအတိုင်း ပြင်ဆင်ပေးရန် အိန္ဒိယကုန်သည်များက တောင်းဆိုခြင်း

Last Updated:

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် ၁၂.၅.၂၀၂၀ နေ့တွင် ကျင်းပသည့် ပို့ကုန် သွင်းကုန်လုပ်ငန်းများ အထောက်အကူပြု ကော်မတီအစည်းအဝေး၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မတ်ပဲတန်ချိန် ၄ သိန်းအား မူလက ၃၁.၃.၂၀၂၁ နေ့နောက်ဆုံးထား၍ အိန္ဒိယဆိပ်ကမ်းသို့ အရောက်တင်သွင်းရန် ခွင့်ပြုထားခြင်း ကို ပယ်ဖျက်ပြီး ၃၁.၈.၂၀၂၀ နေ့ နောက်ဆုံးထားတင် သွင်းရန် ဆုံးဖြတ်ခဲ့ပါသည်။ ထို့နောက် ၂၂.၅.၂၀၂၀ နေ့၌ အမိန့်ကြော်ငြာစာအမှတ် S.O.1605 (E) ကို ထုတ်ပြန်လျက် မတ်ပဲများ နောက်ဆုံးထား တင်သွင်းရမည့် အဆိုပါနေ့ရက်ကို အတည်ပြု ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။

သို့ဖြစ်ရာ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သည့်ကာလ တိုတောင်းခြင်းကြောင့် ပြည်တွင်းဈေးကွက်သို့ တင်သွင်းရန် ဝယ်လိုအားမြင့်တက်မှု ကိုဖြစ်ပေါ်ခဲ့ပြီး အကျိုးဆက်အားဖြင့် မတ်ပဲများ အဓိကတင်ပို့သည့် မြန်မာနိုင်ငံဈေးကွက်တွင် ဈေးနှုန်းများမြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ၁၂.၅.၂၀၂၀ နေ့မှ ၂၈.၆.၂၀၂၀ နေ့အတွင်း မြန်မာနိုင်ငံ၌ မတ်ပဲ ၁ တန်လျှင် အမေရိ ကန်ဒေါ်လာ ၈၀ မှ ၁၀၀ အကြား ပိုမိုမြင့်တက်လာခဲ့ကြောင်း၊ အိန္ဒိယပဲကုန်သည်အများစုသည် မတ်ပဲများတင်သွင်းရန် သွင်းကုန်လိုင်စင်များမရရှိသေးသဖြင့် လုပ်ငန်းဆောင်ရွက်နိုင်မည့်ကာလမှာ ၂ လမျှသာ ကျန် ရှိကြောင်းဖြင့် အိန္ဒိယပဲခွဲစက်လုပ်ငန်းများအသင်း (All India Dal Millers’ Association) ၏ ဥက္ကဋ္ဌ Mr. Suresh Agarwal က Economic Times သတင်းဌာနသို့ ပြောကြားပါသည်။

သို့ရာတွင် အိန္ဒိယ ကောက်ပဲသီးနှံ ကုန်သည်များအသင်း (Indian Pulses and Grains Association) မှ ဒုတိယဥက္ကဋ္ဌ Mr. Bimal Kothari က မတ်ပဲ တင်သွင်းကာလအား ၆ လခန့် လျော့ချရန် ဆုံးဖြတ်ချက်ချမှတ်မှုကို ကြိုဆိုပြီး ပြည်တွင်း၌ မတ်ပဲမိုးသီးနှံစိုက်ပျိုးထွက်ရှိချိန်တွင် သွင်းကုန်ကြောင့် ပြည်တွင်းထုတ်ကုန် ဈေးနှုန်းများကျဆင်းမှုမဖြစ်စေရေး လုပ်ဆောင်နိုင်ခြင်းဖြစ်ကြောင်း ပြောဆိုပါသည်။ သို့သော် ပဲနီလေးများ ပြည်ပမှတင်သွင်းမှု အပေါ် ကောက်ခံလျက်ရှိသည့် သွင်းကုန်ခွန်အား ၃၃% မှ ၁၁% သို့ လျော့ချပေးမှုနှင့်စပ်လျဉ်း၍ ကနေဒါနှင့် ဩစတေးလျနိုင်ငံများရှိ ကုန်သည်များနှင့် လယ်သမားများက ဈေးနှုန်းများမြှင့်တင်ခဲ့ရာ ကုန်လက်ကျန်များစွာရှိနေသည့် နိုင်ငံတကာကုန်သည်များကသာ အကျိုးအမြတ်ပိုမိုဖြစ်ထွန်းပြီး ပြည် တွင်းလက်လီဈေးကွက်၌ ဈေးနှုန်းများမြင့်တက်နေခြင်းအား သက်သာမှုဖြစ်ပေါ်စေခြင်း မရှိကြောင်း ၎င်းက ဝေဖန်ပြောဆိုပါသည်။

Economic Times သတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မတ်ပဲတန် ချိန် ၄ သိန်းအား ၃၁.၈.၂၀၂၀ နေ့ နောက်ဆုံးထား တင်သွင်းရန် ပြင်ဆင်သတ်မှတ်ခဲ့မှုအပေါ် မူလက အမိန့်ထုတ်ပြန်ထားခဲ့သောနေ့ရက်ဖြစ်သည့် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့သို့ ပြန်လည်ပြင်ဆင် ပေးရန် အိန္ဒိယပဲခွဲစက်လုပ်ငန်းများအသင်းက ဝန်ကြီးချုပ် နာရင်ဒရာမိုဒီထံ စာရေးသားပေးပို့ တောင်းဆိုထားကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Traders object to govt's recent decision to advance last date of urad import, decrease in duty on masoor, 30 Jun 2020, Economic Times

Category: India (Delhi)