China (HongKong)

မလေးရှားနိုင်ငံတွင် အလုပ်သမား (၄.၈) မီလီယံအတွက် (၃) လစာ ထောက်ပံ့ငွေပေးအပ်ခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြောင့် မလေးရှားရင်းဂစ် (၁၀) ဘီလီယံ ထောက်ပံ့သွားမည်ဖြစ်ကြောင်း မလေးရှားအစိုးရမှ ၇-၄-၂၀၂၀ ရက်နေ့တွင် ကြေငြာခဲ့သည်။ မလေးရှားနိုင်ငံ၏ စီးပွားရေး (၉၈) ရာခိုင်နှုန်းပါဝင်သော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SME) ကို COVID-19 ဖြစ်ပွားနေစဉ် အသွားအလာကန့်သတ်ထိန်းချုပ်မှု ကာလအတွင်း ကူညီပံ့ပိုးပေးရန်ရည်ရွယ်ကြောင်း၊ မလေးရှားရင်းဂစ် (၇.၉) ဘီလီယံမှာ အလုပ်ရှင်များအတွက် လုပ်ခလစာပေး ချေရန် ပံ့ပိုးကူညီရန်ဖြစ်ကြောင်း၊ ကျန်ရှိသော ရန်ပုံငွေများအား အလုပ်သမား (၅) ဦးအောက်နည်းပြီး လုပ်ငန်းဝင်ငွေ မလေးရှားရင်းဂစ် (၃၀၀,၀၀၀) အောက် နည်းသောမှတ်ပုံတင်ထားသည့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အထူးထောက်ပံ့မှုအနေဖြင့် ရင်းဂစ် (၃,၀၀၀) ထောက်ပံ့ သွားမည်ဖြစ်ကြောင်း၊ SME လုပ်ငန်းများကို အဓိကထုတ်ချေးသည့် အသေးစားချေးငွေအစီအစဉ်၏ အတိုးနှုန်းကိုလည်း (၂) ရာခိုင်နှုန်းလျေှာ့ချခဲ့ပြီး၊ အဆောက်အဦပိုင်ရှင်များမှ အခန်း ငှားရမ်းခများ လျော့ချပေးမှုအတွက်လည်း ဝင်ငွေခွန်အား လျေှာ့ပေါ့ကောက်ခံမည်ဖြစ်ကြောင်း၊ ၁၈-၃-၂၀၂၀ ရက်နေ့က ထုတ်ပြန်ချက် အတိုင်း လိုက်နာနေထိုင်သွားပြီး COVID-19 အား ကာကွယ်သွားရန် မလေးရှားဝန်ကြီးချုပ်က ပြည်သူများအား တိုက်တွန်းပြောကြားခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် မလေးရှားအစိုးရမှ ထုတ်ပြန်ထားသည့်နေ့မှစတင်၍ ၁၈-၄-၂၀၂၀ ရက်နေ့အထိ လိုအပ်သော အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများ၊ ကျန်းမာရေး ဆိုင်ရာပစ္စည်းများ ဝယ်ယူခြင်းမှလွဲ၍ အိမ်ထဲ၌ သာနေထိုင်ကြရမည်ဖြစ်ကြောင်း၊ အစိုးရ၏ ထုတ်ပြန်ချက်များအား လိုက်နာမှုမရှိသောကြောင့် (၆၀၄၈) ဦး အား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ မလေးရှားနိုင်ငံတွင် လက်ရှိအချိန်ထိ COVID-19 ကူးစက်သူ (၃၇၀၀) ဦးရှိပြီး သေဆုံးသူ (၆၂) ဦး ရှိကြောင်း ရေးသားဖော်ပြ ထားပါသည်။

မလေးရှားအစိုးရမှ နိုင်ငံတစ်ဝန်းရှိ အလုပ်သမား (၄.၈) မီလီယံအတွက် (၃) လစာ ထောက်ပံ့ပေးမည့်အစီအစဉ်တွင် အလုပ်သမားများအနေဖြင့် လုပ်ငန်းများတွင် အနည်းဆုံး(၆) လ အလုပ်လုပ်ကိုင်လျှက်ရှိပြီး၊ လစဉ်ဝင်ငွေမှာ ရင်းဂစ် (၄,၀၀၀) အောက်လျော့နည်းရမည်ဖြစ်ကြောင်း၊ ဤကဲ့သို့ ထောက်ပံ့ပေးခြင်းဖြင့် ပြည်သူများ၏ သုံးစွဲနိုင်မှုအင်အား မြင့်တက်လာမည်ဖြစ်ကြောင်း၊ စီးပွားရေးများနှင့် အလုပ်အကိုင်များ ပြန်လည်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ သို့သော် ကုမ္ပဏီ အရွယ်အစား အပေါ်မူတည်၍ ထောက်ပံ့ငွေများ ပံ့ပိုးပေးခြင်းမှာ အဆင်မပြေကြောင်း၊ အချို့သောလုပ်ငန်းကြီးများတွင် အလုပ်သမားများအတွက် လစာပေးရန် လုံလောက်မှုများ မရှိနိုင်ကြောင်း၊  နိုင်ငံတကာတွင် လစာများ‌ ထောက်ပံ့ပေးမှုနှင့် အကူအညီများပေးရာတွင် ကုမ္ပဏီ၏အရွယ်အစားနှင့် လုပ်ငန်းဝင်ငွေအပေါ်မူတည်၍ ထောက်ပံ့ပေးခြင်းထက် လုပ်ငန်းမှရရှိသောဝင်ငွေ၏ အမြတ်ပေါ်မူတည်၍ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် စီးပွားရေးကျဆင်းနိုင်သည်ဟု ကမ္ဘာ့ဘဏ်မှ ခန့်မှန်း ထားကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၇ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Tashny Sukumaran က “Three months wages subsidies for 4.8m workers” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)