Thailand

မော်တော်ကားထုတ်လုပ်သူများအနေဖြင့်မော်တော်ကားအစိတ်အပိုင်းများပြတ်လပ်မည်ကို စိုးရိမ်လျှက်ရှိခြင်း

Last Updated:

ရုရှား- ယူကရိန်း ပဋိပက္ခသည် ဉရောပမှ မော်တော်ကား ထုတ်လုပ်သူများအတွက် မော်တော်ကားအစိတ်အပိုင်းများ ပြတ်လပ်သွား စေရန် ခြိမ်းခြောက်လျှက်ရှိနေကြောင်းနှင့် ၎င်းက ကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှုနှင့် ထိုင်းနိုင်ငံ၏ မော်တော်ကားတပ်ဆင်ထုတ်လုပ်မှု အပေါ်တွင်လည်း သက်ရောက်လျှက်ရှိနေကြောင်း ထိုင်းမော်တော်ကားလုပ်ငန်းအသင်း၏ အဆိုအရ သိရှိရပါသည်။

ဉရောပ ကားကုမ္ပဏီများအနေဖြင့် ရုရှားနှင့် ယူကရိန်းတို့မှ မော်တော်ကား အပိုပစ္စည်းများ မှာယူလေ့ရှိကြောင်း၊ သို့ရာတွင် ဖြစ်ပွား နေသော နှစ်နိုင်ငံအကြား ပဋိပက္ခကြောင့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက  ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ကြ ကြောင်း  သိရှိရပါသည်။

ဉရောပမှ မော်တော်ကားထုတ်လုပ်သူများအနေဖြင့် မော်တော်ကားအစိတ်အပိုင်းများ ပြတ်လပ်မည်ကို မိမိတို့အနေဖြင့် စိုးရိမ်မိ ကြောင်း (၂၄-၃-၂၀၂၂) ရက်နေ့မှစတင်၍ (၁၂) ရက်ကြာကျင်းပသည့် Bangkok International Moror Show ပွဲတွင် ထိုင်း မော်တော်ကားလုပ်ငန်းအသင်း ဉက္ကဌ Suwat Supakarndechakul က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါပွဲသည် ပြည်တွင်းကားအရောင်းကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း၊ ထိုင်းမော်တော်ကား လုပ်ငန်းအသင်းအနေဖြင့် ဖြစ်ပွားနေသော ပဋိပက္ခသည် ထောက်ပံ့ပို့ဆောင်ရေးနှင့် မော်တော်ကား သယ်ယူပို့ဆောင်ရေးတို့အပေါ် သက်ရောက်မှုကို အနီးကပ် စောင့်ကြည့်လေ့လာ သုံးသပ်လျှက်ရှိကြောင်း၊ ၎င်းက ထိုင်းနိုင်ငံ၏ မော်တော်ကားတပ်ဆင်ထုတ်လုပ်မှုကို သက်ရောက်စေလိမ့်မည် ဖြစ်ကြောင်း Mr. Suwut ကပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံမှ ရုရှားနိုင်ငံသို့ မော်တော်ကားနှင့် အစိတ်အပိုင်းများတင်ပို့မှုမှာ စုစုပေါင်းတင်ပို့မှု၏ (၁%) သာရှိကြောင်းနှင့် တန်ဖိုးအား ဖြင့်ဆိုပါက ဘတ်ငွေ (၁၀.၁) ဘီလီယံသာရှိကြောင်း၊ ယူကရိန်းနိုင်ငံသို့ တင်ပို့မှုမှာ စုစုပေါင်းတင်ပို့မှု၏ (၀.၁%) သာရှိပြီး တန်ဖိုးအား ဖြင့်ဆိုပါက ဘတ်ငွေ (၁) ဘီလီယံသာရှိကြောင်း၊ မိမိတို့အနေဖြင့် တိုက်ရိုက်သက်ရောက်မှုကို မစိုးရိမ်ကြောင်း၊ သွယ်ဝိုက်သက် ရောက်မှုဖြစ်သည့် ရေနံဈေးနှုန်းမြင့်မားမှုမှာမူ ရှောင်လွဲ၍မရနိုင်ကြောင်း ထိုင်းမော်တော်ကားလုပ်ငန်းအသင်း အထွေထွေအတွင်း ရေးမှူး Techawiboonwong က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်တွင် မော်တော်ကားထုတ်လုပ်မှုကို အစီးရေ (၁.၈) သန်း အထိထုတ်လုပ်သွားရန် ရည်မှန်းချက်ထားရှိ ကြောင်းနှင့် အစီးရေ (၁) သန်းမှာ ပြည်ပတင်ပို့ရန်ဖြစ်ပြီး ကျန်ရှိသည်များမှာ ပြည်တွင်းရောင်းချရန်ဖြစ်ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ယမန်နှစ်က စုစုပေါင်းအားဖြင့် အစီးရေ (၁.၆၈) သန်းထုတ်လုပ်ခဲ့ကြောင်းနှင့် ၎င်းမှာ ထုတ်လုပ်မှုရည်မှန်းချက် ဖြစ်သည့် (၁.၆) သန်းထက် ပိုမိုကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

Category: Thailand