China(Nanning)

မြန်မာကုန်ပစ္စည်းများကို တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ e-Store ပေါ်မှ ရောင်းချနိုင်ရေး ကြိုးစားညှိနှိုင်းလျက်ရှိ

Last Updated:

တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင်၂၀၀၄ ခုနှစ်မှစ၍ တရုတ်-အာဆီယံကုန်စည်ပြပွဲကို နှစ်စဉ် စက်တင်ဘာလတိုင်းကျင်းပခဲ့ရာ (၁၆) ကြိမ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ယခုအခါ တရုတ်နိုင်ငံတွင် အွန်လိုင်းပေါ်မှ ကုန်ပစ္စည်းများကို ရောင်းချ ကုန်သွယ်မှုများ ပိုမိုတိုးတက်ဖြစ်ထွန်းလာသောကြောင့်လည်းကောင်း၊ တစ်နှစ်တစ်ကြိမ်သာ မျက်နှာချင်းဆိုင် ထိတွေ့ရောင်းဝယ်နေသည့် အာဆီယံနိုင်ငံများမှ ကုန်စည်များကို တရုတ် စျေးကွက်အတွင်း တစ်နှစ်ပတ်လုံးရောင်းဝယ်မှုပြုနိုင်စေရန်လည်းကောင်း ရည်ရွယ်လျက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ကျင်းပရေးရုံးက www.caexposhop.com အမည်ရှိ e-Store တစ်ရပ်ကို ထူထောင်လာပါသည်။

၎င်း e-Store ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့တွင် Nanning International Convention and Exhibition Center Conference Hall D (102) ၌ ကျင်းပခဲ့ပါသည်။ ၎င်း e-Store ပေါ်၌ မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် အရည်အသွေးမြင့် ကုန်စည်များကို ရောင်းချသွားနိုင်ရေးအတွက် နန်နင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူးနှင့် Guangxi CAEXPO Brand Management Co., Ltd. မှ တာဝန်ရှိသူများ ဆက်လက်ဆွေးနွေးလျက်ရှိပါသည်။

www.caexposhop.com ပေါ်တွင် ကျောက်မျက်ရတနာလက်ဝတ်လက်စား (Jewellery) ၊ တန်ဖိုးကြီး သစ်သားထည်များ (Precious wood products)၊ အနုပညာလက်ရာမြောက် ပန်းအိုးများ (Art pottery) ၊ နာမည်ကျော် စာပန်းချီနှင့် ပန်းချီးကားများ (Famous calligraphy and painting)၊ အဖိုးတန်သတ္တုများ (Precious metal) ၊ အထိမ်းအမှတ် အကြွေစေ့များ/ ဘဏ်ငွေစက္ကူများ (Commemorative coins/banknotes)၊ အရက် (Alcohol) ၊ လက်ဖက်ရည် (Tea) ၊ နေ့စဉ်သုံးကြွေထည် (Daily-use-ceramics) ၊ လျှပ်စစ်ပစ္စည်းများနှင့် တွဲဖက်အသုံးပြုရ သည့်ပစ္စည်းများ (Electronic products and accessories) ၊ လက်မှုပစ္စည်းများ (Handicrafts)၊ အလှကုန်များ (Cosmetics and Skin care products) ၊ အိမ်သုံးအထည်အလိမ်များ (Home textiles) ၊ ခရီးဆောင်အိတ်များ (Luggage) ၊ အားကစားပစ္စည်းများ (Sporting Goods) ၊ အရုပ်များ (Toys)၊ စာရေးကိရိယာများ (Stationery) ၊ အဝတ်အထည်များ (Clothing) ၊ ပိုးထည်များ (Silk products) ၊ တံဆိပ်များ (Badges) ၊ သော့ချိတ်များနှင့် သတ္တုမဟုတ်သော ပစ္စည်းများ (key chains and non-precious metal products) နှင့် တံဆိပ်ခေါင်းများနှင့် စာတိုက်သမိုင်းလေ့လာရေးနှင့် ဆိုင်သော ပစ္စည်းများ (philatelic products) စသည့် အဓိကကုန်စည်အမျိုးအစား (၂၀) ရှိပါသည်။

၎င်းကုန်စည်အမျိုးအမည် (၂၀) အောက်၌ ပါဝင်ရောင်းချလိုသည့် မြန်မာကုန်ပစ္စည်းများရှိပါက တရုတ်နိုင်ငံဘက်သို့ အကောက်ခွန်စစ်ဆေးမှုကို ဖြတ်သန်းကာ တရားဝင်တင်သွင်းရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ တင်သွင်းနိုင်ရန် တရုတ်ဘက်မှ တရားဝင် လုပ်ငန်း၊ ကုမ္ပဏီက တာဝန်ခံ ၍ တင်သွင်းပေးရန်နှင့် ပစ္စည်းအမျိုးအစားအလိုက် တရုတ်အစိုးရက သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်ကိုက်ညီရန် လိုအပ်ပါသည်။

မည်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်သင့်သည်လဲ

တရားဝင်တင်သွင်းရန် လိုအပ်သည်ဟုဆိုသည့်အတွက် မြန်မာလုပ်ငန်းရှင်များအနေဖြင့် တရုတ်ဘက်မှ သွင်းကုန်ခွန် ကောက်ခံမှုနှင့်စပ်လျဉ်း၍ များစွာစိုးရိမ်ရန်မလိုအပ်ပေ။အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံနှင့် စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာဆက်ဆံမှုများ ပိုမိုတိုးမြှင့်စေနိုင်ရေး ရည်သန်၍ ကုန်စည်လိုင်းပေါင်း (၇၇၈၇) မျိုး အပေါ် တစ်ဖက်သတ်အကောက်ခွန် ကင်းလွတ်ခွင့် ပေးထားသောကြောင့်ဖြစ်ပါသည်။

၎င်းကုန်စည်စာရင်းတွင်  ဆန်နှင့်ပြောင်းမှအပ မြန်မာနိုင်ငံမှ လက်ရှိတင်ပို့လျက်ရှိသော လယ်ယာထွက်ကုန်ပစ္စည်း များ၊ ရေထွက်ကုန်ပစ္စည်းများ ၊ သစ်တောထွက် ကုန်များ၊ နို့ထွက်ပစ္စည်း၊ ပျားရည်၊ ကော်ဖီ၊ လက်ဖက်ရည် စသည့် စားသောက်ကုန်များနှင့် စက်မှုထုတ်လုပ်ကုန်များဖြစ်သည့် ချုပ်ပြီးအဝတ်အထည်များနှင့် လက်ဝတ်ရတနာများ ပါဝင်ပါသည်။ ၎င်းစာရင်းတွင် ပါဝင်သည့် ပစ္စည့်များကို တင်ပို့ရာတွင် အခွန်သက်သာကင်းလွတ်ခွင့်ရရှိစေရန်အတွက် Certificate of Origin (Form China) ကို ဖြည့်စွက်ရယူရန် လိုအပ်ပါသည်။ ယင်းလက်မှတ်ကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ကုန်သွယ်ရေးဉီးစီးဌာနရုံးခွဲ၊ ရန်ကင်းမြို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဉီးစီးဌာန ဝင်းအတွင်းရှိ One-Stop service Centen သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ One-Stop service Centen နှင့် နယ်စပ်ဒေသရှိ ကုန်သွယ်ရေးစခန်းများတွင် လျှောက်ထားရယူနိုင်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: China(Nanning)