India (Delhi)

မြန်မာ့ကမ်းလွန်ရေနံရှာဖွေရေးလုပ်ငန်း၌ ONGC ကုမ္ပဏီမှ ဒေါ်လာ ၁၂၁ သန်းကျော် ဆက်လက်ရင်းနှီးမြှုပ်နှံရန် အိန္ဒိယအစိုးရအတည်ပြု

Last Updated:

မြန်မာနိုင်ငံအနောက်ဘက်  ဘင်္ဂလားပင်လယ်အော်ရှိ မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-1/ A-3 တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ထုတ်လုပ်မှုပေါ် ခွဲဝေခံစားရေးစာချုပ် (PSC) စာချုပ်ချုပ်ဆို၍ POSCO International ကုမ္ပဏီ၊ KOGAS ကုမ္ပဏီ၊ GAIL ကုမ္ပဏီတို့နှင့်အတူ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၌ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည့် အိန္ဒိယနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဖြစ်သော ONGC Videsh ရေနံနှင့် သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်း၏ အဆိုပါ စီမံကိန်း၌ ရင်းနှီးမြှုပ်နှံမှုပမာဏတွင် အမေရိကန်ဒေါ်လာ ၁၂၁.၂၇ သန်း (ရူပီးငွေ ၉၀၉ ကု‌‌ဋေ) အား ဆက်လက်ထည့်ဝင် ရင်းနှီးမြုပ်နှံရန် အိန္ဒိယနိုင်ငံ အစိုးရအဖွဲ့၏ စီးပွားရေးရာကော်မတီက ၂၄.၆.၂၀၂၀ နေ့တွင် အတည်ပြုခဲ့ပါသည်။

အိန္ဒိယနိုင်ငံ သတင်းထုတ်ပြန်ရေးဗျူရို (PIB) မှဖော်ပြချက်အရ ONGC Videsh Ltd သည် ၂၀၀၂ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံရှိ ရွှေသဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေးစီမံကိန်းတွင် မြန်မာ၊ တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံတို့မှ ကုမ္ပဏီများပါဝင်သည့် ပူးပေါင်းအဖွဲ့၌ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံပိုင် GAIL ရေနံကုမ္ပဏီနှင့်အတူ ၎င်းစီမံကိန်း၌ ပါဝင်ရင်းနှီးမြှုပ်နှံခဲ့ရာ ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၇၂၂ သန်း ထည့်ဝင်ထားပြီးဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ၎င်းစီမံကိန်းမှ သဘာဝဓာတ်ငွေ့ စတင်ထွက်ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ၌ ထုတ်လုပ်ရရှိနိုင်မှုပမာဏ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း၊ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအနေဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှစ၍ အမြတ်အစွန်းရရှိစေခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံပိုင် ရေနံကုမ္ပဏီများ၏ အိမ်နီးချင်းနိုင်ငံများရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေးစီမံကိန်းများ၌ ပါဝင်ဆောင်ရွက်မှုသည် အိန္ဒိယ ၏ အရှေ့ဘက်သို့ လှုပ်ရှားဆောင်ရွက်ရေးမူဝါဒ (Act East Policy) နှင့်ကိုက်ညီမှုရှိပြီး ၎င်းနိုင်ငံများနှင့် စွမ်းအင်ကဏ္ဍ၌ ပေါင်းကူးဆက်သွယ်မှု ဖွံ့ဖြိုး တိုးတက်ရေး အိန္ဒိယအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများတွင် တစ်စိတ်တစ်ဒေသ ပါဝင်လျက်ရှိကြောင်း အိန္ဒိယသတင်းထုတ်ပြန်ရေးဗျူရိုဌာနက ရေး သားဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source: Cabinet approves additional investment by ONGC Videsh Ltd. for development of blocks A-1 and A-3 Blocks of Myanmar, 24 Jun 2020, Press Information Bureau of India

Category: India (Delhi)