China(Nanning)

မြန်မာ့ကုန်စည်များ တရုတ်ဈေးကွက်သို့ ဝင်ရောက်ရာတွင် တွေ့ကြုံနေရသော စိန်ခေါ်မှုများ

Last Updated:

             တရုတ်ဘက်မှ လျှော့ပေါ့ပေးသော အကောက်ခွန်သက်သာခွင့် ရယူလိုသည့် မြန်မာ လုပ်ငန်းရှင်များ၊ ပို့ကုန်တင်ပို့သူ များဘက်မှ သတိထားရမည့်အချက်များမှာ တရုတ်နိုင်ငံဘက်မှ တရုတ်ဘာသာစကားဖြင့် တံဆိပ်တပ်ဆင်ရန် လိုအပ်ချက်၊ ကောင်းမွန်စွာ ထုပ်ပိုးရန်လိုအပ်ချက်၊ အရည်အသွေးနှင့် စံချိန်စံညွှန်းကိုက်ညီရန် လိုအပ်ချက် အစရှိသည်တို့ ဖြစ်ပါသည်။

         ယခုလက်ရှိအချိန်၌ တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ တင်ပို့နေသော စားသောက်ကုန် အပါအဝင် ကုန်ပစ္စည်းများသည် တရုတ်နိုင်ငံဘက်မှ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာသည့် အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးခြင်းကဲ့သို့သော အကောက်ခွန်မဟုတ်သည့် အတား အဆီးများ၊ တရုတ်အစိုးရထံသို့ (ပြည်တွင်းဈေးကွက်တွင် ရောင်းချရာ၌ အခွန်ပေးဆောင်ခြင်း အပါအဝင်) တရားဝင်အခွန်များ ပေးဆောင်မှသာ တရားဝင်ရောင်းချနိုင်မည်ဖြစ်သည့် စိန်ခေါ် မှုများစသည်တို့ကို ရင်ဆိုင်လာရပါသည်။

          အင်တာနက်ပေါ်မှ ရောင်းချရာတွင် အကောက်ခွန်စစ်ဆေးထားသည့် အထောက် အထားများကို တင်ပြရသည့်အတွက် (အကောက်ခွန်ပေးရသည်ဖြစ်စေ၊ မပေးရသည်ဖြစ်စေ) တရုတ် အကောက်ခွန်ဌာန၏ စစ်ဆေးမှုကို ခံယူခြင်းမရှိဘဲ နယ်စပ်မှ ဖြတ်ကျော်၍ နည်းလမ်း အမျိုးမျိုးဖြင့် တင်သွင်းနေသည့် မြန်မာကုန်ပစ္စည်းများကိုမူ တရုတ်နိုင်ငံ၏ အွန်လိုင်း Platfrom များပေါ်မှ တင်သွင်း ရောင်းချခွင့် မရှိပါ။ ထိုကြောင့် ၎င်းအခက်အခဲကို မြန်မာလုပ်ငန်းရှင်များက ဖြေရှင်းရန် လိုအပ်နေပါသည်။

မြန်မာနိုင်ငံ၌ အရည်အသွေးနှင့်ထုတ်ပိုးမှု အဆင့်မြင့်သည့် ကုန်ပစ္စည်းများစွာရှိပါသည်။ ၎င်းတို့ကို တရုတ်နိုင်ငံ၏ ဉပဒေနှင့်အညီ စျေးကွက်အတွင်းသို့ တရားဝင်ဝင်ရောက်ရောင်း ဝယ်နိုင်စေရန်နှင့် တရုတ်စျေးကွက်ကို ပိုမိုကျယ်ပြန့်စွာထိုးဖောက်ဝင်ရောက်နိုင်စေရန် တရား ဝင်ကုန်သွယ်မှုလမ်းကြောင်းဖြင့်  ရောင်းဝယ်မှုပြုနိုင်စေရန် ကြိုးစားသင့်ပါသည်။

အထူးသဖြင့် တရုတ်နိုင်ငံတဝှမ်း၌ ဒစ်ဂျစ်တယ်စီးပွားရေးဆီသို့ မဟာဗျူဟာကျကျ အသွင်ပြောင်းလာသဖြင့် အင်တာနက်မှ စျေးကွက်ထိုးဖောက်နိုင်ရန် ပိုမိုလိုအပ်လာပါသည်။ ဤအခြေအနေတွင် တရုတ်ဘက်မှ အကောက်ခွန် ကင်းလွတ်ခွင့်ပေးထားသည့် အားသာချက်ကို ကောင်းစွာသိရှိလက်ကိုင်ပြုအသုံးချလျက်၊ တရုတ်စျေးကွက်၏ သတ်မှတ်ချက်များအား ပြည့်မီ အောင်ထုတ်လုပ်ကာ အင်တာနက်စျေးကွက်မှ ထိုးဖောက်သင့်ပါကြောင်းနှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကျင်းပရေးရုံး၏ e-Store မှ ရောင်းချလိုပါက နန်နင်းမြို့ရှိ စီးပွားရေးသံမှူးမှ ချိတ်ဆက်ပေးသွား မည်ဖြစ်ပါကြောင်း တိုက်တွန်းအပ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)