China(Nanning)

မြန်မာ့ဆန်ကွဲများဖြင့် ဆန်ခေါက်ဆွဲထုတ်လုပ်မှုများပြုလာသည့် ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ခေါက်ဆွဲစက်ရုံများ

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့ရှိ မြန်မာကုန်သွယ်ရေးကိုယ်စားလှယ်ရုံးတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့က မြန်မာနိုင်ငံမှ A 12 Sortexed အမျိုးအစားဆန်ကွဲအား ဝယ်ယူတင်သွင်းရန် ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှကုမ္ပဏီနှင့်  မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ တရားဝင်တင်သွင်းခွင့်ရရှိထားသော ကုမ္ပဏီတို့ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ယခုအခါ ၎င်းအရောင်းအဝယ်စာချုပ်အောက်တွင် တင်သွင်းလာသည့် ဆန်ကွဲများ ရောက်ရှိလာပြီဖြစ်ကာ၊  တရုတ်ဆန်ခေါက်ဆွဲစက်ရုံများ တွင် မြန်မာဆန်ကွဲ များကို အသုံးပြုလျက် ဆန်ခေါက်ဆွဲအမျိုးမျိုးစတင်ထုတ်လုပ်နေကြပြီဖြစ်ပါသည်။

မြန်မာနိုင်ငံမှ တင်သွင်းလာသည့် ဆန်ကွဲများမှာ တရုတ်နိုင်ငံမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများပြည့်မီသောကြောင့် တရုတ်နိုင်ငံ၌ အကောက်ခွန်စစ်ဆေးရာတွင် အခက်အခဲမတွေ့ဘဲ ချောမွေ့စွာဝင်ရောက်လာနိုင်ခြင်းဖြစ်ပါသည်။ ၎င်းဆန်ကွဲများမှာ ဆန်ခေါက်ဆွဲ ထုတ်လုပ်ရာတွင် အဆင်ပြေမှုရှိကြောင်းနှင့် ဆန်ခေါက်ဆွဲထုတ်လုပ်သူများက မြန်မာနိုင်ငံမှ ယခုကဲ့သို့ဆန်ကွဲအမျိုးအစားအပြင် ဆန်စီး (ဆန်စေး) မှ ထွက်ရှိသော ဆန်ကွဲကိုလည်း ကွမ်ရှီးဒေသ၏ အထူးခေါက်ဆွဲထုတ်လုပ်နိုင်ရေး ဝယ်ယူရန် စိတ်ဝင်စားကြသည် ဟုသိရပါသည်။

မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးကဲ့သို့သော အဓိကအသက်သွေးကြောဖြစ်သည့်ကဏ္ဍများမှ ကုန်ကြမ်းများနှင့် တစ်ဝက်တစ်ပျက်ပြုပြင်ထုတ်လုပ်ထားသော စိုက်ပျိုးရေးထွက်ကုန်များကို တရုတ်နိုင်ငံမှ ကုန်ချောထုတ်လုပ်သူများနှင့် ယခုကဲ့သို့ ချိတ်ဆက်ပေးနိုင်ခြင်းမှာ မြန်မာနိုင်ငံ၏ကဏ္ဍကို ကူညီပံ့ပိုးပေးရာရောက်ပါသည်။ ထို့ပြင် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင်မျှော်မှန်းချက်များကိုလည်း အထောက်အကူပြုသဖြင့် ယခုကဲ့သို့ ချိတ်ဆက်မှုများ ထပ်မံဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် အား ထုတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ မြန်မာကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (နန်နင်းမြို့) (၂၀၂၀ မေလ ၂၉  ရက်)

Category: China(Nanning)