Thailand

ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအလားအလာ ကောင်းမွန်ရန် မျှော်လင့်ကြောင်း ထိုင်းနိုင်ငံ၊ စက်မှုအိမ်ခြံမြေအာဏာပိုင်က ထုတ်ဖော်ပြောကြား

Last Updated:

ထိုင်းနိုင်ငံ၏ အစိုးရသစ်ဖွဲ့စည်းမည့် အခြေအနေများကြောင့် လုပ်ငန်းရှင်များက ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ခေတ္တဆိုင်းငံ့ထားသော်လည်း ယခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အလားအလာများ ကောင်းမွန်လျက်ရှိပါကြောင်း ထိုင်းနိုင်ငံ၊ စက်မှုဆိုင်ရာအိမ်ခြံမြေအာဏာပိုင်၏ ဥက္ကဋ္ဌ ဖြစ်သူ Veeris Ammarapala နှင့် စီးပွားရေး လုပ်ငန်းရှင်များက ပြောကြားခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံသူများက ရင်းနှီးမြှုပ်နှံမှု မူဝါဒများပြောင်းလဲရန်မရှိနိုင်ဟု ယုံကြည်ကြပါကြောင်း၊ လုပ်ငန်းများအတွက် ယုံကြည်မှုရှိစေရန်အတွက် အစိုးရသစ်ကို အမြန်ဆုံးဖွဲ့စည်းကြစေလိုကြောင်း ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားပါသည်။

ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ရင်းနှီးမြှုပ်နှံမှုတိုးတက်လာမည်ဟု မျှော်လင့်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရုရှား-ယူကရိန်း နိုင်ငံရေးပဋိပက္ခ၊ တရုတ်-ထိုင်ဝမ်တင်းမာမှုများနှင့် အမေရိကန်-တရုတ် ကုန်သွယ်မှုပဋိပက္ခများ၏ သက်ရောက်မှုများကို ရှောင်ရှားလိုခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ဆုံးဖြတ်ချက်များသည် အရှေ့တောင်အာရှတွင် ရင်းနှီးမြှုပ်နှံရန် ဦးတည်ချက်ပြောင်းလဲလာခြင်းသည်လည်း တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အကြောင်းအရင်းကို ရှင်းလင်းပြောကြားပါသည်။

ထို့ပြင် အနိုင်ရနိုင်ငံရေးပါတီ၏ အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်သွားမည့် အဆိုပြုချက်ကြောင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကို ပြောင်းလဲသွားနိုင်မည်မဟုတ်ပါကြောင်း၊ ယင်းကိစ္စနှင့်စပ်လျဉ်း၍ အစိုးရကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များနှင့် ဝန်ထမ်းတို့အကြား ဆွေးနွေးမှုများလိုအပ်ပါကြောင်း ဖြည့်စွက်ပြောကြားပါသည်။

B- Grimm Power Plc (BGRIM) ၏ ဥက္ကဋ္ဌဖြစ်သူ Harald Link ၎င်းတို့ဝန်ထမ်းများ၏ လစာသည် အနိမ့်ဆုံးလုပ်ခလစာထက် ပိုမိုပါကြောင်း၊ ထို့ကြောင့် လုပ်ခလစာတိုးမြင့်ခြင်းကြောင့် ၎င်းတို့၏ စီးပွား‌ရေးလုပ်ငန်းများကို ထိခိုက်မည်မဟုတ်ပါကြောင်း၊ အစိုးရအနေဖြင့် သက်ဆိုင်ရာစက်မှုလုပ်ငန်းများတွင် ပိုမိုလုပ်ကိုင်နိုင်ရေးအတွက် အလုပ်သမားများ၏ အရည်အချင်းများ တိုးတက်ရေးကို အာရုံစိုက်စေလိုကြောင်း၊ စွမ်းအင်ကဏ္ဍရှိ ထိုင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏  ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ နှောင့်နှေးနေရခြင်းမှာ အစိုးရသစ်၏ ရှင်းလင်းသော မူဝါဒများကို စောင့်ကြည့်နေခြင်းကြောင့် ဖြစ်ကြောင်းနှင့် အစိုးရ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဝယ်ယူမည့်အစီအစဉ်ကိုလည်း သိလိုပါကြောင်း အကြံပြုပြောကြားခဲ့ပါသည်။

 

 

 

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့ )

Source: www.bangkokpost.gov   

Category: Thailand