Thailand

ရွှေ့ပြောင်းလုပ်သား(၈၀၀,၀၀၀)အရေးပေါ်လိုအပ်လျှက်ရှိခြင်း

Last Updated:

ထိုင်းနိုင်ငံအနေဖြင့်ထုတ်လုပ်မှုကဏ္ဍ၊   ခရီးသွားနှင့် ဝန်ဆောင်မှုကဏ္ဍများတွင်  တာဝန်ထမ်းဆောင်ရန်  ရွှေ့ပြောင်းလုပ်သား (၈၀၀,၀၀၀)အား  အရေးပေါ်လိုအပ်လျှက်ရှိကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် Federation of Thai Industries(FTI)၏  ပြောကြားချက် အရသိရှိရပါသည်။   များစွာသော ကုမ္ပဏီများအနေဖြင့်  စီးပွားရေးပြန်လည်နာလန်ထူလာမှု ကြောင့်လုပ်သားလိုအပ်ချက်တိုးမြင့်လာပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအို၊ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ အလုပ်သမားများအား တင်သွင်းရန်အစိုးရထံတွင် မှတ်ပုံတင်နေကြသည့် ကုမ္ပဏီများစွာရှိနေကြောင်းသိရှိရပါသည်။

စက်မှုကဏ္ဍတွင် ရွှေ့ပြောင်းလုပ်သားအများဆုံး  လိုအပ်လျှက်ရှိနေကြောင်း၊ ယခုအခါတွင် လုပ်သားလိုအပ်ချက်အနေဖြင့် (၅၀၀,၀၀၀) အထိ တိုးတက်လာနေကြောင်း FTI၏ ဒုဉက္ကဌ Kriengkrai Thiennukul ၏ပြောကြားချက်အရသိရှိရပါသည်။ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်လျှက်ရှိသောဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့်လုပ်သား(၃၀၀,၀၀၀)ခန့်လိုအပ်လျှက်ရှိနေကြောင်းသိရှိရပါသည်။

စီးပွားရေးကဏ္ဍအနေဖြင့် အစိုးရအား ရွှေ့ပြောင်းလုပ်သားတင်သွင်းရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ဆောင်ရွက်စေလိုကြောင်း Mr. Kriengkrai ကပြောကြားခဲ့ပါသည်။ မကြာသေးမီကအစိုးရအနေဖြင့် လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက်   အိမ်နီးချင်းနိုင်ငံများနှင့် နားလည်မှု စာချွန်လွှာ(MOU)များလက်မှတ်ရေးထိုးခဲ့ကြောင်းသိရှိရပါသည်။

ကမ္ဘာ့စီးပွားရေး  ပြန်လည်ဉီးမော့လာပြီးနောက်ယမန်နှစ်က လျှင်မြန်စွာတိုးတင်လာခဲ့သော ပို့ကုန်များအတွက် လုပ်သားလိုအပ်ချက်မြင့်တက်လာခဲ့ခြင်းဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်း(၄၅)ခု အထူးသဖြင့်  စားသောက်ကုန်လုပ်ငန်းအနေဖြင့်  အလုပ်သမားများအားပိုမိုခန့်ထားလိုကြကြောင်း၊ အလားတူဟိုတယ်လုပ်ငန်းများတွင်လည်း   လုပ်သားပိုမိုလိုအပ်လာကြောင်းFTI၏အဆို အရ သိရှိရပါသည်။

၂၀၂၀ခုနှစ် အစောပိုင်းတွင် ထိုင်းနိုင်ငံ၌ဖြစ်ပွားခဲ့သောကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် ယခင်ချမှတ်ခဲ့သည့်ပိတ်ဆို့ အရေးယူဆောင်ရွက်ချက်များကြောင့် လုပ်ငန်းအများအပြားရပ်ဆိုင်းခဲ့ရပြီး ရွှေ့ပြောင်းလုပ်သားအများအပြား အလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်းသိရှိရပါသည်။ ထိုင်းနိုင်ငံတွင်  ကိုဗစ်- ၁၉ မတိုင်မီဖြစ်ပွားခဲ့သော အလုပ်သမားရှားပါးမှုပြဿနာမှာပိုမိုကြီးထွားခဲ့ကြောင်းသိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံခြားအလုပ်သမားများပိုမိုလိုအပ်လျှက် ရှိနေသော်လည်းတရား မဝင်ဝင်ရောက်လာသည့်ရွှေ့ပြောင်းအလုပ်သမားများ၊အထူးသဖြင့် ၎င်းတို့နိုင်ငံတွင် နိုင်ငံရေးမငြိမ်မသက်မှုကြောင့် ရောက်ရှိလာသည့် မြန်မာအလုပ်သမားများမှနေ၍ ကိုဗစ်-၁၉ကပ်ရောဂါအသစ်ဖြစ်ပွားနိုင်ခြေအပေါ် စိုးရိမ်မှုအချို့ ရှိနေကြောင်းသိရှိရပါသည်။

FTI အနေဖြင့် အစိုးရအား တာ့ခ်ခရိုင်နှင့်မဲဆောက်ခရိုင်တို့တွင် Factory Sand Box အစီအစဉ်ကိုအကောင်အထည်ဖေါ်ဆောင်ရွက်ရန်ယခင်ကအကြံပြုခဲ့ကြောင်းMr. Kriengkrai က ဆိုပါသည်။ Factory Sand Box အစီအစဉ်တွင် အလုပ်သမားများအားQuarantine သီးသန့်ခွဲထားရန်၊ ကာကွယ်ဆေးထိုးရန်နှင့် နယ်စပ်မှနေ၍ စက်ရုံများဆီသို့တိုက်ရိုက်ပို့ဆောင်ပေးရန် အစီ အစဉ်များပါဝင်ကြောင်းသိရှိရပါသည်။

FTI အနေဖြင့် Factory Sand Box  အစီအစဉ်သည် အာဏာပိုင်များအတွက် ကူးစက်မှုအစုအဝေးသစ်များကို တားဆီးနိုင်မည်ဖြစ်သည့်အပြင် ရွှေ့ပြောင်းလုပ်သားများ တရားမဝင် ဝင်ရောက်မှုနှင့် လူကုန်ကူးမှုတို့ကိုလျှော့ချနိုင်မည်ဟု ယုံကြည်ကြောင်း၎င်းက ပြောကြားခဲ့ပါသည်။

 

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Bangkok Post

Category: Thailand