China(Nanning)

လွတ်လပ်သည့်ကုန်သွယ်ရေးဇုန် (၂၁) ဇုန်ရှိလာသည့် တရုတ်နိုင်ငံ

Last Updated:

တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီက ပေကျင်း၊ ဟူနန်နှင့် အန်းဝေမြို့များတွင် လွတ်လပ်သောကုန်သွယ်ရေးဇုန် (၃) ဇုန် ထပ်မံခွင့်ပြုလိုက်သဖြင့် ယခုအချိန်တွင် တရုတ်နိုင်ငံတစ်ဝှမ်း၌ စုစုပေါင်း လွတ်လပ်သောကုန်သွယ်ရေးဇုန် (၂၁) ဇုန်ရှိသွားပြီဖြစ်ပါသည်။ ၎င်းဇုန်များက တရုတ်နိုင်ငံ၏ ပိုမိုနက်ရှိုင်းသော ပြုပြင်ပြောင်း လဲမှုများမှတဆင့် အရည်အသွေးမြင့် ဖွံ့ဖြိုးမှုကိုမြှင့်တင်သွားရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေး၊ အဆင့်မြင့်စက်မှုကုန်ထုတ်လုပ်မှုနှင့် ဒေသတွင်းဆိုင်ရာ ပေါင်းစည်းရေး တို့ကို အာရုံထားလျက် ပိုမိုတံခါးဖွင့်ပေးရေးတို့အတွက် ထပ်မံ ဖြေလျှော့ဆောင်ရွက်သွားမည်ဟု သိရပါသည်။

ယခုကဲ့သို့ ဇုန် (၃) ဇုန် ထပ်မံခွင့်ပြုပေးလိုက်ခြင်းမှာ စက်မှုကုန်ထုတ်လုပ်မှုနှင့် ကုန်စည်ထောက်ပံ့မှုကွင်းဆက်များ စိတ်ချလုံခြုံစေရေးနှင့် တည်ငြိမ်ရေး သေချာစေ ရန်နှင့် အဆင့်မြင့်တံခါးဖွင့်ပေးမှုများကို ထပ်ချပ်မကွာဆောင်ရွက်ရန် တရုတ်နိုင်ငံ၏ လှုပ်ရှားမှုကို ပြသခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Wang Shouwen  က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်ရန်နှင့် ကုန်သွယ်ရေးနှင့် ဒေသတွင်းဆိုင်ရာပေါင်းစည်းရေးကိုမြှင့်တင်ရန် ၎င်း၏ ပထမဆုံးလွတ်လပ် သည့်ကုန်သွယ်ရေးဇုန်ကို ရှန်ဟိုင်းမြို့တွင် ၂၀၁၃ ခုနှစ်က စတင်တည်ထောင်ခဲ့ပါသည်။ ၎င်းနောက် ကမ်းရိုးတန်းတလျှောက်တည်ရှိသည့် ဖူကျန်းနှင့် ကွမ်တုန်း ပြည်နယ်များနှင့် ကုန်းတွင်းပိုင်း၌တည်ရှိသော ရှန်းရှီးနှင့် စီချွမ်းပြည်နယ်များအပါအဝင် မတူညီသည့်နေရာများ၌ ဇုန်ပေါင်း (၂၀) ကို တည်ထောင်လာခဲ့ပါသည်။

ပေကျင်းရှိ လွတ်လပ်သောကုန်သွယ်ရေးဇုန်မှာ (၁၁၉.၆၈) စတုရန်းကီလို မီတာကျယ်ဝန်းပြီး သိပ္ပံနှင့် နည်းပညာတီထွင်ဆန်းသစ်မှု၊ အပြည်ပြည်ဆိုင်ရာစီးပွားရေး ဝန်ဆောင်မှုများ၊ အဆင့်မြင့်လုပ်ငန်းများပါဝင်ပါမည်။ ၎င်းဇုန်၌ လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသားများကို တရုတ်နိုင်ငံသားများနှင့် တန်းတူထားဆက်ဆံ မည်ဖြစ်ပြီး၊ ကုန်သွယ်မှုဝင်ရောက်ခွင့်ကို တိုးတက်စေလျက်၊ ဘေကျင်း-တီရန်ကျင်း-ဟာဘေဒေသတွင်  အခြေအနေပေါ်မူတည်၍ ဝန်ဆောင်မှုကုန်သွယ်ရေး ကန့်သတ်ထားသည်များကို ဖြေလျှော့ပေးသွားမည်ဟု ပေကျင်းဒုတိယမြို့တော်ဝန် Yang Jinbaiက ပြောကြားထားပါသည်။

ဟူနန်နှင့် အန်းဝေပြည်နယ်များရှိ လွတ်လပ်သောကုန်သွယ်ရေးဇုန်များမှာ (၁၁၉.၇၆) စတုရန်းကီလိုမီတာနှင့် (၁၁၉.၈၆) စတုရန်းကီလိုမီတာ အသီးသီးကျယ်ဝန်း မည်ဖြစ်ပါသည်။ ဟူနန်ပြည်နယ်ရှိဇုန်မှာ ပြည်ပမှ တိုက်ရိုက်လာရောက်ရင်းနှီးမြှုပ်နှံမှုများနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ရည်ရွယ်ထားပါသည်။ ၎င်းဇုန်တွင်  ပို့ကုန်ဉီးစားပေးစက်မှုကုန်ထုတ်လုပ်ငန်းများ၊ ဆောက်လုပ်ရေးစီမံကိန်းများနှင့် ဝန်ဆောင်မှုပေးသူများအတွက် မူဝါဒအသစ် ဖြင့် ပံ့ပိုးပေးမည်ဖြစ်ကြောင်းနှင့် အထူးသဖြင့် အာဖရိကနိုင်ငံများနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအောက်တွင် ပါရှိသည့်နိုင်ငံများအား ဉီးစားပေးသွားမည်ဖြစ် ကြောင်း  ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး He Baoxiangက ထုတ်ဖော်ပြောကြားပါသည်။

ရန်ဇီမြစ်ဝှမ်းတွင် တည်ရှိသော အန်းဝေ FTZ ကမူ  ဒေသတွင်းဖွံ့ဖြိုးရေးနှင့် အဆင့်မြင့်စက်မှုကုန်ထုတ်လုပ်မှုများ၊ ဆားကစ်ပြားထုတ်လုပ်မှုများ၊  ဉာဏ်ရည်တု (AI) နည်းပညာအသုံးပြုသည့်လုပ်ငန်းများ၊ နယ်စပ်ဖြတ်ကျော် e-commerce လုပ်ငန်းများကို ဉီးစားပေးမြှင့်တင်သွားမည်ဟု အန်းဝေ၏ ဒုတိယပြည်နယ်အုပ်ချုပ်ရေး မှူး Zhang Xi က ပြောကြားပါသည်။

တရုတ်နိုင်ငံသည် ၎င်း၏ ကြီးမားသော ပြည်တွင်းဈေးကွက်အား အပြည့်အဝဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိချိန်တွင် တစ်ကမ္ဘာလုံးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရန်လည်း ဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာ၌ ရင်းမြစ်များကို ထိရောက်စွာခွဲဝေအသုံးပြုရေး မြှင့်တင်ရန် လွတ်လပ်သော ကုန်သွယ်ရေးဇုန်များ၏ အခန်းကဏ္ဍက များစွာအရေးပါလိမ့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ http://www.newsgd.com  (၂၂-၉-၂၀၂၀)

Category: China(Nanning)