Thailand

လွန်ခဲ့သည့် ခြောက်လအတွင်း စက်ရုံသစ်ပေါင်း (၁,၀၀၀) ကျော်တည်ထောင်ခဲ့ကြခြင်း

Last Updated:

ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် (၆) လအတွင်း စက်ရုံအသစ်ပေါင်း (၁,၀၀၀) ကျော်တည်ထောင်ခဲ့ကြကြောင်း၊ အများစုမှာ စားသောက်ကုန်လုပ်ငန်းများ ဖြစ်ကြကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ဘတ်ငွေ (၅၆.၃) ဘီလီယံရှိကြောင်း၊ ၎င်းမှာ ပြည်တွင်းစီးပွားရေးအနေနှင့် နှေးကွေးစွာပြန်လည် နာလန် ထူလာသည့် လက္ခဏာဖြစ်ကြောင်း စက်မှုလုပ်ငန်းဉီးစီးဌာန၏ အဆိုအရ သိရှိရပါသည်။

၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ် ပထမနှစ်ဝက်တွင် ပိတ်သိမ်းခဲ့သော စက်ရုံပေါင်း (၃၆၁) ခုရှိပြီး ၎င်းမှာ (၈.၃၈%) ကျဆင်းသွားခြင်းဖြစ်ကြောင်း၊ အလုပ် သမားပေါင်း (၁၂,၁၇၂) မှာ အလုပ်ထုတ်ခံခဲ့ရကြောင်းနှင့် ၎င်းမှာ ယခင်နှစ်ကာလတူကထက် (၈.၇၄%) ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ကပ်ရောဂါကာလအတွင်း စက်ရုံငယ်များအပေါ် ပြင်းထန်သော သက်ရောက်မှုများရှိခဲ့ကြောင်း၊ အဆိုပါ ကိန်းဂဏန်းများသည် တိုးတက်လာသော စီးပွားရေးကို ထင်ဟပ်နေကြောင်း ဌာနအကြီး အကဲ Wanchai Phanomchai ၏အဆိုအရ သိရှိရပါသည်။

အစားအစာသည် စက်ရုံအသစ်များအကြားတွင် ရေပန်းအစားဆုံးလုပ်ငန်းဖြစ်ပြီး ၎င်းနောက်တွင် သစ်အချောထည်နှင့် စတီးလုပ်ငန်းတို့ရှိနေကြောင်း သိရှိရပါသည်။ စက်ရုံအသစ်များမှ အလုပ်သမားပေါင်း (၃၁,၃၃၀) ကို အလုပ်အကိုင်ရရှိစေခဲ့ကြောင်း ဌာန၏ အဆိုအရ သိရှိရပါသည်။ အဆိုပါ စက်ရုံ အသစ်အရေအတွက်သည် ပြီးခဲ့သည့်နှစ် ဘဏ္ဍာနှစ်ကာလတူထက် လျှော့နည်းခဲ့သော်လည်း ကိုဗစ်-၁၉ အခြေအနေကို ဆက်လက်၍ ထိန်းသိမ်းထား နိုင်ပါက ယခုလမှစတင်၍ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးလာမည်ဟု ယုံကြည်လျှက်ရှိနေကြောင်း Mr. Wanchai ကပြောကြားခဲ့ပါသည်။

၎င်းက  ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်တွင် ၎င်းတို့၏  ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ပေးမည့် စက်ရုံသစ်အရေအတွက်သည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်ထက် လျှော့နည်းမည်မဟုတ်ဟု ယုံကြည်လျှက်ရှိနေကြောင်း ၊သို့ရာတွင် ရုရှား- ယူကရိန်း ပဋိပက္ခ၏ သက်ရောက်မှုက အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ် ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

စက်ရုံအများစုအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသေးကြောင်း ဌာနအနေဖြင့် ဝန်ခံပြောကြားသွားခဲ့ပါသည်။ ဉပဒေချိုးဖေါက်သည့် စက်ရုံပိုင်ရှင်များကို အာဏာပိုင်များမှ ဉပဒေနှင့်အညီ အရေးယူလျှက်ရှိကြောင်း သိရှိရပါသည်။  ဌာနအနေဖြင့် လုပ်ငန်းစွန့်ပစ် ပစ္စည်းများနှင့် စွန့်ပစ်ရေဆိုးများကို လှို့ဝှက်စွာစွန့်ပစ်နေကြသည့် စက်ရုံများအပေါ် ဒါဏ်ခတ်မှုများ ပိုမိုချမှတ်ထားကြောင်း၊ စွန့်ပစ်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်၍ တိုင်ကြားခံရသည့် စက်ရုံများအနေဖြင့် ၎င်းတို့၏ ပျက်ကွက်မှုအတွက် အရေးယူခံရလျှက်ရှိကြောင်းနှင့် လုပ်ငန်း ရှင်ပေါင်း (၄၀,၀၀၀ ) ကျော် စွဲချက်တင်ထားခြင်းခံရကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Bangkok Post

Category: Thailand