India (Delhi)

သန့်စင်ပြီး စားအုန်းဆီတင်သွင်းမှုအား အိန္ဒိယအစိုးရက ကန့်သတ်လိုက်ခြင်း

Last Updated:

        မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီမိုဟာမက်က အိန္ဒိယအစိုးရ၏ ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်အား အုပ်ချုပ်ပုံစနစ်ပြောင်းလဲမှုနှင့် နိုင်ငံသားဖြစ်မှုအက်ဥပဒေအား ပြင်ဆင်ပြဌာန်းမှုတို့အပေါ် ပြစ်တင်ဝေဖန်ခဲ့သည့် နောက်တွင် အိန္ဒိယအစိုးရသည် သန့်စင်ပြီး စားအုန်းဆီများ ပြည်တွင်းသို့ တင်သွင်းခွင့်ပြုသည့် မူဝါဒကို ပြင်ဆင် ပြောင်းလဲလိုက်ပါသည်။ အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန (DGFT) ၏ ၈.၁.၂၀၂၀ နေ့ ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ် 39/2015-2020 အရ HS code 151190 အောက်ရှိ အရောင်ချွတ်အနံ့သတ် သန့်စင်ပြီးဖြစ်သည့် စားအုန်းဆီကြမ်းနှင့် စားအုန်းဆီချောများအား အိန္ဒိယနိုင်ငံ အတွင်းသို့ တင်သွင်းရာတွင် ယခင်က လွတ်လပ်စွာခွင့်ပြုထားရာမှ ယခုကန့်သတ်ကုန်စည် (Restricted) အဖြစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

          ယခုပြင်ဆင်သည့် မူဝါဒအရ အိန္ဒိယရှိ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် သန့်စင်ခြင်း မပြုရသေးသော စားအုန်းဆီကြမ်းများကိုသာ လွတ်လပ်စွာ တင်သွင်းနိုင်မည်ဖြစ်ပြီး အိန္ဒိယသို့ သန့်စင်ပြီး စားအုန်းဆီ အမြောက် အမြား တင်ပို့လျက်ရှိသည့် မလေးရှားနိုင်ငံအပေါ်ထိခိုက်မှု ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။ သို့ရာတွင် အခြားတစ်ဘက်၌ သန့်စင်ခြင်း မပြုရသေးသော စားအုန်းဆီကြမ်းများအား တင်ပို့မှုများပြားသည့် အင်ဒိုနီးရှားနိုင်ငံအတွက် အခွင့်အရေး ပိုမိုရရှိမည်ဖြစ်သည်။

          ကုန်သည်လုပ်ငန်းရှင်များ အသိုင်းအဝိုင်းမှပြောဆိုမှုများအရ အိန္ဒိယအစိုးရအနေဖြင့် ပြည်တွင်းရေးကိစ္စအပေါ် မလေးရှားဝန်ကြီးချုပ်၏ ပြစ်တင်ဝေဖန်မှုအား တုံ့ပြန်နိုင်မည့် နည်း လမ်းများကို ရှာဖွေခဲ့ပြီး ဇန်နဝါရီလဆန်းပိုင်း၌ ပြည်တွင်းရှိ သွင်းကုန်လုပ်ငန်းရှင်များအား မလေးရှားနိုင်ငံထံမှ စားအုန်းဆီဝယ်ယူမှုကို ရှောင်ကြဉ်ရန်သွယ်ဝိုက်၍ တွန်းအားပေးခဲ့ကြောင်း သိရှိရသည်။

          အခွန်လျော့ပေါ့တင်သွင်းခွင့်ပြုထားမှုကြောင့် ယခင်နှစ်ကာလများ၌ သန့်စင်ပြီး စားအုန်းဆီများပြည်တွင်းသို့ တင်သွင်းမှုမြင့်တက်ခဲ့ရာ ပြည်တွင်းရှိ ဆီသန့်စင်သည့် လုပ်ငန်းများက ကန့်ကွက်တောင်းဆိုခဲ့ကြပြီး အိန္ဒိယကုန်သွယ်မှုကုစားရေးဦးစီးဌာန (DGTR) ကစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရပါသည်။ ယခုအမိန့်ကြော်ငြာစာ ထုတ်ပြန်မှုသည် ပြည်တွင်းကုန်ထုတ်လုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများအား ကောင်းစွာ အထောက်အပံ့ ပြုပြီး အလုပ်အကိုင်အသစ်များ ဖန်တီးမှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း မွန်ဘိုင်းမြို့အခြေစိုက်အိန္ဒိယ စားသုံးဆီ ထုတ်လုပ်သူများအသင်း (Solvent Extractors' Association) မှအမှုဆောင် ဒါရိုက်တာ B.V. Mehta က ပြောကြား ပါသည်။ အစိုးရ၏ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ပြည်တွင်းဈေးကွက်၌ သန့်စင်ခြင်း မပြုရသေးသည့် စားအုန်းဆီကုန်ကြမ်း၊ ဆီကြိတ်ပဲပုတ်စေ့နှင့် မုံညင်းစေ့တို့၏ ဈေးနှုန်းများမြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

 

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့)

 

 

Source:         1. India restricts imports of refined palm oil after Malaysia's criticism of Modi,9 Jan 2020, EconomicTimes

2. NOTIFICATIONNo: 39/2015-2020 dated 8th January 2020, Department of Commerce, Ministry of Commerce & Industry, India

 

Category: India (Delhi)