India (Delhi)

သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းဆိုင်ရာ အမှုကိစ္စတစ်ရပ်အား ရပ်စဲကြောင်း အိန္ဒိယတရားရုံးချုပ်က အမိန့်ချမှတ်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ မိုရေးမြို့နှင့် ထိုင်းနိုင်ငံရှိ မဲဆောက်မြို့တို့အကြား ဆက်သွယ်ဖောက်လုပ်မည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး၏ စီမံကိန်းလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရာ၌ ဥပဒေကြောင်းအရ နှောင့်နှေးကြန့်ကြာခက်ခဲမှု ဖြစ်ပေါ်စေလျက်ရှိသည့် စာချွန်တော်လျှောက်ထားမှုဆိုင်ရာ ကိစ္စရပ်တစ်ခုအား အိန္ဒိယတရားလွှတ်တော်ချုပ်က ၂၈.၇.၂၀၂၀ နေ့တွင် ကြားနာစစ်ဆေးလျက် အမှုအားဆိုင်းငံ့သည့်အမိန့်ကို ချမှတ်လိုက်ခြင်းဖြင့် ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း Hindustan Times သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။

၂၉.၈.၂၀၁၆ နေ့တွင် အဆိုပါ သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရေး သဘောတူညီချက်ကို အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့ရာ၌ တမူး- ကြည်ကုန်း- ကလေးဝ ချဉ်းကပ်လမ်းပိုင်းဖောက်လုပ်မှုအပါအဝင် အဝေးပြေးလမ်းမကြီးတစ်လျောက်ရှိ တံတား ၆၉ စင်းအား တည်ဆောက်ရေးနှင့် အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းလည်း ပါဝင်ခဲ့ပါသည်။ ရူပီးငွေ ၂၉၃၉ သန်းကျော်ကုန်ကျမည့် ၎င်းစီမံကိန်းလုပ်ငန်း၌ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနသို့ စီမံခန့်ခွဲရေး အတိုင်ပင်ခံဝန်ဆောင်မှု (Project Management Consultancy) ထောက် ပံ့ပေးရန် အိန္ဒိယနိုင်ငံရှိ Ircon ISL လီမိတက်က ၂၆.၁၀.၂၀၁၇ နေ့၌ စာချုပ်ချုပ်ဆိုခဲ့ပြီး အင်ဂျင်နီယာလုပ်ငန်း၊ ဝယ်ယူရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ (Engineering, Procurement & Construction - EPC) ဆောင်ရွက်ရန် မွန်ဘိုင်းမြို့ အခြေစိုက် Niraj Cement Structurals လီမိတက်နှင့် မဏိပူရ်ပြည်နယ်ရှိ Manipur Tribal Development Corporation လီမိတက်တို့ ပူးပေါင်းသည့် NCSL-MTDCL JV ဖက်စပ်လုပ်ငန်းအဖွဲ့က တင်ဒါအောင်မြင်လျက် ၈.၁၁.၂၀၁၇ နေ့တွင် ကန်ထရိုက်စာချုပ်ချုပ်ဆိုခဲ့ကြသည်။ သို့သော် ၎င်းဖက်စပ်လုပ်ငန်းအဖွဲ့အနေဖြင့် လုပ်ငန်းစတင်သည့် ၂၈.၁၁.၂၀၁၇ နေ့မှ ၁၃ လကြာမြင့်သည့်တိုင် တစ်စုံတစ်ရာမျှ ဆောင်ရွက်နိုင်ခြင်းမရှိပဲ ပျက်ကွက်လျက်ရှိသဖြင့် ၂၄.၁၂.၂၀၁၈ နေ့တွင် EPC စာချုပ်ရပ်စဲခြင်းကို အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက Ircon ISL အတိုင်ပင်ခံ လီမိတက်မှတစ်ဆင့် ဆောင်ရွက်ခဲ့သည်။ ထိုသို့ ကန်ထရိုက်စာချုပ်ရပ်စဲမှုအပေါ် NCSL-MTDCL JV အဖွဲ့က ၂၉.၁၂.၂၀၁၈ နေ့တွင် မဏိပူရ်ပြည်နယ်တရားရုံးချုပ်၌ အမှုဖွင့်လှစ်ရင်ဆိုင်ခဲ့ ရာ ၎င်းတရားရုံးက စီရင်ပိုင်ခွင့်အာဏာအတွင်း ကျရောက်မှုမရှိကြောင်းဖော်ပြလျက် အမှုစွဲဆိုထားရှိခြင်းကို ၂၉.၃.၂၀၁၉ နေ့၌ပယ်ချခဲ့သည်။ သို့ဖြစ်ရာ ၎င်းဖက်စပ်လုပ်ငန်းအဖွဲ့က မဏိပူရ်ပြည်နယ် အယူခံတရားရုံး၌ စာချွန်တော်လျှောက်ထားမှု ထပ်မံဖွင့်လှစ်ခဲ့ရာမှ အမှုပြီးပြတ်နိုင်ခြင်းမရှိပဲ တင်ဒါအသစ်ခေါ်ယူလျက် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရေးမှာ ကြန့်ကြာနေခဲ့ခြင်းဖြစ် သည်။

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းလုပ်ငန်းများအား မြန်မာနိုင်ငံအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို အိန္ဒိယအစိုးရ၏ အရှေ့လှမ်းမူဝါဒနှင့်အညီ ဖွံ့ဖြိုးမှု အထောက်အပံ့များပေးအပ်ရေးအစီအစဉ်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘက်မှ အဆိုပါစီမံကိန်းအား ဆောလျင်စွာပြီးစီးရန် မျှော်လင့်ရှိသည်ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ၂၄.၆.၂၀၂၀ နေ့တွင် ဗဟိုအစိုးရထံ စာရေးသားတင်ပြခဲ့ကြောင်း၊ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနမှ ဗဟိုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားတင်ပြရာတွင် မဏိပူရ်ပြည်နယ် တရားရုံး၌ အမှုကြန့်ကြာ လျက်ရှိခြင်းက အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးအပေါ် ထိခိုက်မှုရှိလာနိုင်ပြီး နိုင်ငံဖြတ်ကျော်၍ ဆက်သွယ်မှုကွန်ယက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား လုပ်ဆောင်ရာတွင် အိန္ဒိယနိုင်ငံ၏ ပုံရိပ်ကိုလည်း ကျဆင်းစေနိုင်သည်ဟု ဖော်ပြခဲ့ကြောင်း၊ ယခုအမှုအား တရားလွှတ်တော်၌ ကြားနာစစ်ဆေးရာတွင် အိန္ဒိယအစိုးရဘက်မှ ရှေ့နေချုပ် Mr. KK Venugopal ကိုယ်တိုင်တက် ရောက်ခဲ့ကြောင်းဖြင့် Hindustan Times သတင်းဌာနက ရေးသားဖော်ပြပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Supreme Court clears hurdle in highway connecting India, Thailand, 30 Jul 2020, Hindustan Times

 

2. Annual Report 2018-2019 of IRCON Infrastructure and Services Limited

Category: India (Delhi)