China (HongKong)

ဟောင်ကောင်ဒေသ၌ COVID-19 ဖြစ်ပွားမှု တတိယလှိုင်းကြောင့် စီးပွားရေးကဏ္ဍထိခိုက်နိုင်ကြောင်း ဘဏ္ဍာရေးအတွင်းဝန်ကပြောကြားခြင်း

Last Updated:

ဟောင်ကောင်ဒေသအနေဖြင့် COVID-19 ကာကွယ်တိုက်ဖျက်မှုနှင့် ဒေသ၏ စီးပွားရေးကို ထိန်းသိမ်းနိုင်ရန် ဟန်ချက်ညီအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုဖြစ်ပွားနေသော COVID-19 တတိယလှိုင်းကြောင့် စီးပွားရေးလုပ်ငန်းကို ထိခိုက်နိုင်ကြောင်း၊ ဒေသ၏ စီးပွားရေးပြန်လည် ကောင်းမွန်စေရန် ဒေသတွင်းသုံးစွဲမှုများမြှင့်တင်နိုင်အောင် အမြဲတမ်းနေထိုင်ခွင့်ရသူများကို ဟောင်ကောင်ဒေါ်လာ (၁၀,၀၀၀) ထုတ်ပေးပြီး နောက်ပိုင်း တတိယလှိုင်းကူးစက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသအနေဖြင့် COVID-19 ကာကွယ်ရန်နှင့် စီးပွားရေးပြန်လည် ကောင်းမွန်လာရန် တစ်ချိန်တည်းတွင် ရေရှည်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ပုံမှန်အားဖြင့် ဟောင်ကောင်‌ဒေသခံများ ပြည်ပနိုင်ငံများသို့ ခရီးသွားလာမှုများကန့်သတ်ထားသဖြင့် နွေရာသီကာလတွင်ဒေသတွင်း လက်လီရောင်းချမှုများနှင့် အစားအစာအဖျော်ယမကာများ ရောင်းချရမှုများမြင့်တက်သည့်ကာလ ဖြစ်သော်လည်း COVID-19 ပြန်လည်ဖြစ်ပွားမှုကြောင့် ‌ဟောင်ကောင်ဒေသခံများ နေအိမ်ပြင်ပသို့ ထွက်ခွာမှုများ နည်းပါးပြီး သုံးစွဲမှုများလျော့ကျကာ ဒေသ၏စီးပွားရေးကိုထိခိုက်နိုင်သည့် အကြောင်းအရာတစ်ခုဖြစ်ကြောင်း၊ ဒေသ၌နေထိုင်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာခြင်းများ လျော့ချသင့်ကြောင်း၊ COVID-19 တတိယလှိုင်းအား ဖြတ်ကျော်နိုင်သည့် ကာလသို့ မရောက်မချင်း အွန်လိုင်းမှ ရောင်းချမှုများ မြှင့်တင်ဆောင်ရွက်သင့်ကြောင်း၊ ဟောင်ကောင်ဒေသ ဂျီဒီပီမှာ ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလပတ် အတွင်း (၈.၉) ရာခိုင်နှုန်းလျော့ကျခဲ့ရာ တစ်နှစ်ပတ်လုံးအတွက် (၄) ရာခိုင်နှုန်းမှ (၇) ရာခိုင်နှုန်းအထိလျော့ကျနိုင်ကြောင်း၊ ဒေသတွင်းကူးစက်မှ မရှိဘဲ (၃) ပတ်ကြာရှိခဲ့ ရာမှ ဇူလိုင်လ (၅) ရက်နောက်ပိုင်းတွင် ဒေသတွင်းပြန်လည်ကူးစက်မှုများဖြစ်လာပြီး စားသောက်ဆိုင်များ၊ ဘားများနှင့်အားကစားရုံများ၊ ပန်းခြံအစရှိသည့်အပမ်းဖြေနေရာများ၌ လူအချင်းချင်းခပ်ခွာခွာနေထိုင်မှု များ ပြန်လည်လုပ်ကိုင်လာရာ ဟောင်ကောင်မြို့စီးပွားရေးကို ပြင်းထန်စွာရိုက်ခတ်နိုင်ကြောင်း ဟောင်ကောင်ဘဏ္ဍာရေးအတွင်းဝန်(ဝန်ကြီး) Mr. Paul Chan Mo-po ကပြောကြားခဲ့မှုအား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ ထုတ် South China Morning Post သတင်းစာ၌  Zoe Low နှင့် Ng Kang- chung က “ Hong Kong third wave: finance chief warns of new coronavirus blow for business” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြ ထားပါသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)