China(Nanning)

အင်ဒိုနီးရှားနိုင်ငံမှ နဂါးမောက်သီးများ တင်သွင်းခွင့်ပြုလိုက်သည့် တရုတ်နိုင်ငံ

Last Updated:

တရုတ်နိုင်ငံသည် ၎င်း၏ အကောက်ခွန်စစ်ဆေးရာတွင် လိုအပ်သော အပင်နှင့် ပိုးမွှားရောဂါကင်းရှင်းရေးစစ်ဆေးမှုများကို ပြည့်မီသည့် အင်ဒိုနီးရှားနိုင်ငံမှ နဂါးမောက်သီး (၃) မျိုးအား တင်သွင်းခွင့်လိုက်ပါသည်။ ၎င်းနဂါးမောက်သီးအမျိုးအစားများမှာ အလွန်နီရဲသည့် အမျိုးအစား (Super red dragon fruit)၊ အနီရောင်အမျိုးအစား (Red dragon fruit)နှင့် အဖြူရောင်အမျိုးအစား (White dragon fruit) တို့ဖြစ်ကြပါသည်။

တရုတ်နိုင်ငံသို့ တင်ပို့မည့် အင်ဒိုနီးရှားမှ နဂါးမောက်သီးစိုက်ပျိုးသော ခြံများသည် အင်ဒိုနီးရှားစိုက်ပျိုးရေးဆိုင်ရာ စစ်ဆေးရေးအေဂျင်စီ၏ စီမံခန့်ခွဲမှုအောက်၌ ကျန်းမာရေးနှင့်ညီညွတ်စေမှုကို အဆင့်မြင့်မြင့်ဆောင်ရွက်ရန်၊ သစ်သီးခူးဆွတ်ပြီးပါက သန့်ရှင်းရေးချက်ချင်းပြုလုပ်ပေးရန်နှင့် ရာသီကုန်ဆုံးမှသာ သစ်သီးခူးဆွွတ်ရန်တို့အပါအဝင် ကောင်းမွန်သော စိုက်ပျိုးရေးကျင့်စဉ်(GAP)များကို အကောင်အထည်ဖော်ရမည်ဖြစ်ပါသည်။

ပိုးမွှားနှင့် ရောဂါစောင့်ကြည့်စစ်ဆေးရေး၊ ဓာတုဗေဒဆိုင်ရာ သို့မဟုတ် ဇီဝဗေဒဆိုင်ရာထိန်းချုပ်ရေးနှင့်  စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများကဲ့သို့သော ထိန်းချုပ်ရေးစီမံဆောင်ရွက်မှုများအား အပြည်ပြည်ဆိုင်ရာပိုးမွှးစီမံခန့်ခွဲရေးဖြင့် နေရာတကျ ထားရှိသွားမည်ဖြစ်ပါသည်။

အင်ဒိုနီးရှားနိုင်ငံ၌ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ၌ GAP အသိအမှတ်ပြု နဂါးမောက်စိုက်ခင်းပေါင်း ဟက်တာ (၁၂၉,၆၄၈) ရှိပြီး၊ အရှေ့ဂျာဗား၊ အလယ်ပိုင်းဂျာဗားနှင့် ဘာလီတို့တွင် စိုက်ပျိုးထားခြင်းဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံတဝှမ်း၌ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများ၏ စားသောက်ကုန်စိတ်ချလုံခြုံရေးဌာနများက အတည်ပြုထားသော သစ်သီးဝလံထုပ်ပိုးသည့် ရုံပေါင်း (၅) ရုံရှိပြီး မလေးရှား၊ စင်ကာပူ၊ နယ်သာလန်၊ အီတလီ၊ စပိန်နှင့် ဂျပန်နိုင်ငံများသို့ အမေရိကန်ဒေါ်လာ (၁၄၃,၀၀၀) တန်ဖိုးရှိ နဂါးမောက် သီးများတင်ပို့ထားကြောင်း သိရပါသည်။

တရုတ်နိုင်ငံသည် နဂါးမောက်သီးများအား ဗီယက်နမ်နိုင်ငံမှလည်း ရထားဖြင့် တင်သွင်းလျက်ရှိပါသည်။ သစ်သီးဝလံတင်ပို့သည့်ရထားကို ၂၀၂၀ ခုနှစ်၊ မတ်လအတွင်း ဗီယက်နမ်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပထမဆုံးစတင်ပြေးဆွဲခဲ့ခြင်းဖြစ်ကာ၊ ၎င်းလမ်း ကြောင်းဖြင့် အာဆီယံနိုင်ငံများမှ ထွက်ရှိသော သစ်သီးဝလံများကို တရုတ်နိုင်ငံသို့ တင်သွင်းနိုင်ပြီဖြစ်ပါသည်။ တရုတ်နိုင်ငံဘက်မှ မီးရထားဆိုက်ရောက်သည့်ဘူတာမှာ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပင်းရှန်ဘူတာဖြစ်ပါသည်။ ၎င်းရထားဖြင့် သယ်ယူသောသစ်သီးများ မှာ တရုတ်အထွေထွေအကောက်ခွန်ဌာနမှ စစ်ဆေးမှုများကို အောင်မြင်စွာကျော်ဖြတ် နိုင်ရ မည်ဖြစ်ပြီး၊ ရက်သတ္တတစ်ပတ်လျှင် မီးရထားပြေးဆွဲမှု (၂) ကြိမ်မှ (၃) ကြိမ်ခန့်ရှိကြောင်း သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Fruitnet  (၂၆-၅-၂၀၂၀)

Category: China(Nanning)