Japan

အနည်းဆုံး လုပ်ခလစာ တိုးမြှင့်ရေး၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ အတွက် ထည့်သွင်းစဉ်းစားနိုင်ရေးတို့နှင့်စပ်လျဉ်း၍ MHLW က ဆွေးနွေးခဲ့ကြောင်း သိရ

Last Updated:

အနည်းဆုံး လုပ်ခလစာတိုးမြှင့်ရေးအတွက် ဆုံးဖြတ်နိုင်ရန် ဂျပန်နိုင်ငံ၊ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန (MHLW) ၏  Central Minimum Wages Council သည် အနိမ့်ဆုံးလုပ်အားခတိုးမြှင့်ရေး၊  အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် အထောက်အကူပြုနိုင်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးပွဲကျင်းပခဲ့ကြောင်းသိရပါသည်။ မကြာသေးမီနှစ်များမှစ၍ လေးနှစ်ဆက်တိုက်လုပ်ခလစာအား ၃% ခန့် တိုးမြှင့်ပေးခဲ့သော်လည်း ယခု ၂၀၂၀ ပြည့်နှစ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါ ပြန့်ပွားမှုကြောင့် နိုင်ငံ၏ စီးပွားရေးသည် လျင်မြန်စွာ ကျဆင်းလာနေပါသည်။ 

 လက်ရှိအကျပ်အတည်းများကြောင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင် အဖွဲ့အစည်းများသည် လုပ်ခလစာ တိုးမြှင့်ရေးအတွက် တုန့်ဆိုင်းနေဆဲဖြစ်ပြီး အစိုးရအနေဖြင့်လည်း အထူးသတိပြုဆောင်ရွက်နေသည့် အခြေအနေဖြစ်ပါသည်။ အနည်းဆုံးလုပ်ခလစာဆိုင်ရာ စိစစ်မှုနှင့် စပ်လျဉ်း၍ ဂျပန်ဝန်ကြီးချုပ် Mr. Shinzo Abe သည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ အကျပ်အတည်းဖြစ်နေသည့် အခြေအနေများကို ထည့်သွင်းစဉ်းစား၍ စိစစ်ရန် ညွှန်ကြားခဲ့ကြောင်း သိရပါသည်။ 

၂၀၁၇ ခုနှစ်တွင် အနည်းဆုံးလုပ်ခလစာနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာအတွက် ပျမ်းမျှအားဖြင့် ၂၇ ယန်း တိုးမြှင့်ပေးခဲ့ပြီးနောက် ၉၀၁ ယန်းနှုန်းဖြစ်လာ ခဲ့ပါသည်။ ၎င်းနောက် ဂျပန်အစိုးရသည် လုပ်အားခကို တိုးမြှင့်ခြင်းဖြင့် စားသုံးမှုကိုပါ တိုးမြှင့်လာစေနိုင်ပြီး ငွေကြေးဖောင်းပွမှုကိုပါ လျော့ချပစ်နိုင်ခဲ့သဖြင့်  တစ်နိုင်ငံ လုံးအတွက် အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကို ပျမ်းမျှ ၁၀၀၀ ယန်းအဖြစ် သတ်မှတ်သည့် မူဝါဒကို အစိုးရအဖွဲ့တွင် အတည်ပြုချမှတ်ခဲ့ပါသည်။ 

သို့သော်လည်း ယခု ၂၀၂၀ ပြည့်နှစ်တွင် လုပ်ခလစာတိုးမြှင့်ပေးမှုကို ရပ်ဆိုင်းသင့်ကြောင်း ဂျပန် ကုန်သည်/စက်မှုအသင်းချုပ်ဥက္ကဌ Mr. Akio Mimura က အခိုင်အမာ ပြောဆိုခဲ့ပါသည်။ အချို့စီးပွားရေး ပညာရှင်များကမူ လုပ်အားခတိုးမြှင့်မှုကို ရပ်ဆိုင်းပါက စီးပွားရေးသည်လည်း ကျဆင်းလာနိုင်ပြီး အလုပ်အကိုင်ကဏ္ဍကိုပါ ထိခိုက် လာနိုင်ကြောင်း ထောက်ပြပြောဆိုခဲ့ပြီး ဆွေးနွေးရန် ခက်ခဲသည့် ကိစ္စတစ်ရပ်သဖွယ်ဖြစ်နေပါသည်။ 

Central Minimum Wages Council တွင် အလုပ်သမားနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိုယ်စားလှယ်များ၊ လူထုအကျိုးစီးပွားဆောင်ရွက်နေကြသူ ကိုယ်စားလှယ်ပါဝင်ကြပြီး ယခု ဇူလိုင်လနှောင်းပိုင်းတွင် လုပ်အားခနှင့်ပတ်သက်သည့် စံနှုန်းတစ်ခုကို သတ်မှတ်နိုင်ကြမည်ဟု မျှော်လင့်နေကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan