USA

အမေရိကန်က တရုတ်ကုန်စည်တစ်ချို့အပေါ် အကောက်ခွန်တိုးမြှင့်ကောက်ခံခြင်းသည် ကမ္ဘာ့ကုန်သွယ်ရေးစည်းမျဉ်းချိုးဖောက်သည်ဟု WTO က ထုတ်ပြန်

Last Updated:

အမေရိကန်နိုင်ငံက တရုတ်ကုန်စည်တစ်ချို့အပေါ်  သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံခြင်းသည် နိုင်ငံတကာကုန်သွယ်ရေးဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ၁၅..၂၀၂၀ ရက်နေ့တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့- WTO မှထုတ်ပြန်ကြေညာခဲ့ပါသည်။ သို့ရာတွင် လက်တလော၌ WTO ၏အယူခံအဖွဲ့သည် လုပ်ငန်းဆောင်ရွက် ခြင်းမရှိသည့်အတွက် အမေရိကန်၏ အကောက်ခွန်မူဝါဒအပေါ် မည်သည့်ဆောင်ရွက်မှုမှ ဆောင်ရွက်ခြင်းမရှိနိုင်သေးကြောင်း The Wall Street Journal တွင် ဖော်ပြထားပါသည်။

၂၀၁၈ ခုနှစ်တွင် အမေရိကန်နိုင်ငံက တရုတ်ကုန်စည်များအပေါ် အခြားအဖွဲ့ဝင်နိုင်ငံများအား ကောက်ခံသည့် အကောက်ခွန်နှုန်းထားထက် ပိုမိုကောက်ခံသည့် အတွက် WTO ဥပဒေများကို ချိုးဖောက်ဆောင်ရွက်နေကြောင်း တရုတ်နိုင်ငံက WTO သို့တိုင်ကြားခဲ့ခြင်းဖြစ်ပါသည်။ တရုတ်ကုန်စည်များကိုသာ အကောက်ခွန် တိုးမြှင့်ကောက်ခံပြီး အလားတူ အခြားအဖွဲ့ဝင်နိုင်ငံများထုတ် အလားတူကုန်စည်များအပေါ် တိုးမြှင့်ကောက်ခံခြင်းမရှိကြောင်း၊  ကုန်သွယ်ရေးစည်းမျဉ်းများသည် မျှတမှုရှိရန်လိုအပ်ကြောင်း၊ အမေရိကန်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများကို လိုက်နာမည်ဟု မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၎င်းတို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရပါသည်။

သမ္မတထရမ့်၏ ကုန်သွယ်ရေးအကြံပေးဖြစ်သူ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Mr. Lighthizer က တရုတ်နိုင်ငံ၏ နည်းပညာခိုးယူဆောင်ရွက်မှုများ ရပ်တန့်ရေးကို WTO က ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ဆိုပါသည်။ သမ္မတထရမ့်လက်ထက်တွင် အမေရိကန်ကတရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး စစ်ပွဲကာလအတွင်း တရုတ်ကုန်စည်အချို့ကိုသာ အကောက်ခွန် ထပ်တိုးစည်းကြပ်ခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ တန်ဖိုးရှိ တရုတ်ကုန်စည်များ၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်စည်များအပါအဝင် အမေရိကန်ဒေါ်လာ ၃၇၀ ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်စည်များကိုသာ အကောက်ခွန်တိုးမြှင့် အရေးယူစည်းကြပ်ခြင်း ဖြစ်ပြီး ကုန်စည်အားလုံးအပေါ် စည်းကြပ်ခြင်းမဟုတ်ကြောင်း၊ တရုတ် နိုင်ငံဘက်မှ အမေရိကန် နည်းပညာများကို ခိုးယူခဲ့သည့် တရုတ်နိုင်ငံ၏ လုပ်ငန်းစဉ်နှင့်စပ်လျဉ်းသည့် အစီရင်ခံစာထုတ်ဝေခဲ့ပြီးမှ တရုတ် ကုန်စည်များအပေါ် အကောက်ခွန်တိုးမြှင့်စည်းကြပ်ခြင်းဖြစ်ကြောင်း၊  အမေရိကန်-တရုတ် ကုန်သွယ်ရေးအငြင်းပွားမှုအပေါ် ခုံသမာဓိအဖွဲ့စစ်ဆေးချက်တွင် တရုတ်နိုင်ငံက အမေရိကန် နိုင်ငံ၏ အသိဉာဏ်ပစ္စည်း ခိုးယူခဲ့သည့် အထောက်အထားများကို အမေရိကန်နိုင်ငံက တင်ပြမှုအပေါ် စစ်ဆေးမှုမပြုလုပ်ခဲ့သော်လည်း  WTO အနေနှင့် ယင်းကဲ့သို့ လက်မခံနိုင်သည့် အပြုအမူအပေါ် တစ်စုံတစ်ရာ ကုစားမှုမပြုလုပ်ကြောင်း Mr. Lighthizer က ဆိုပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အနေနှင့် အမေရိကန် တာဝန်ရှိသူများက နှစ်ပေါင်းများစွာ ပြစ်တင်ဝေဖန်မှုများကို ရင်ဆိုင်နေရကြောင်း၊ သမ္မတထရမ့်နှင့် ၎င်းထိပ်ပိုင်း ကုန်သွယ်ရေး အရာရှိများက WTO အား ၎င်း၏လုပ်ပိုင်ခွင့်အာဏာအား တရုတ်တို့အသိဉာဏ်ပစ္စည်းခိုးယူခဲ့မှုအပေါ် အရေးယူမှုမပြုပဲ စီးပွားရေးပိုမိုတိုးတက်လာစေ ရန် လုပ်ဆောင်ခွင့်ပြုပေးနေကြောင်း  စွပ်စွဲကြောင်း၊ တရုတ်တာဝန်ရှိသူများက ၎င်းတို့အနေနှင့် WTO ၏စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နေကြောင်း၊ နိုင်ငံတကာ ကုန်သွယ်ရေးတွင် WTO အား အုတ်မြစ်အဖြစ် လေစားပါ ကြောင်း ဖော်ပြထားပါသည်။

ယခုအခါ အမေရိကန်နှင့် WTO ခုံသမာဓိအဖွဲ့စစ်ဆေးချက်များတွင် အရေးနိမ့်ခဲ့သည့် နိုင်ငံများက ယခုစစ်ဆေးချက်အား တရားမဝင်သော၊ အသက်မဝင်သော စစ်ဆေးချက်အဖြစ် သတ်မှတ်ပြီး ၎င်းတို့ဆောင်ရွက်လျက်ရှိသည့် ကုန်သွယ်မှုလုပ်ငန်းစဉ်များအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံလုံးက အကောက်ခွန်ဆက်လက် တိုးမြှင့်ကောက်ခံ မှုများကို ရပ်နားရန်  ဇန်နဝါရီလကတည်းက သဘောတူလာခဲ့သည့်အတွက် WTO အနေနှင့် ယခုအငြင်းပွားသည့်ကိစ္စကို ယခုကဲ့သို့ မဖြေရှင်းသင့်ဟု အမေရိကန်ဘက်က စောဒက တက် ခဲ့ကြောင်း၊ WTO ၏ ဆုံးဖြတ်ချက်သည် အမေရိကန်နှင့်တရုတ် ကုန်သွယ်ရေး သဘော တူညီချက် ညှိနှိုင်းချက်များအပေါ် တိုက်ရိုက်သက်ရောက်မှုမရှိကြောင်း၊ အကောက်ခွန်တိုးမြှင့်ကောက်ခံမှုများကို နှစ်နိုင်ငံလုံးက ဆက်လက်စည်းကြပ် ကောက်ခံသွားမည်ဖြစ် သည့်အတွက် WTO ၏ဆုံးဖြတ်ချက်သည် သက်ရောက်မှုမရှိသည်ကို ဖော်ပြနေကြောင်း၊ နိုင်ငံတကာ ကုန်သွယ်ရေးစနစ်အတွက် WTO သည် ခေတ်နှင့် ကိုက်ညီမှုရှိ ရေး၊ ထိရောက်မှုရှိရေး အဆင့်မြှင့်တင်ရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Source: The Wall Street Journal

Category: USA