USA

အမေရိကန်စီးပွားရေးနိုးကြားမှုအထောက်အပံ့ အမေရိကန်ဒေါ်လာ၂ ထရီလီယံ သုံးစွဲရန် သဘောတူညီချက်ရရှိ

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ထိခိုက်လျက်ရှိသည့် စီးပွားရေးပြန်လည်ထူထောင်နိုင်ရန် ကမ္ဘာ့နိုင်ငံအစိုးရများက နိုးကြားရေးအစီအစဉ်များ ချမှတ် ဆောင်ရွက်လျက် ရှိပါသည်။ ထို့ပြင် ကမ္ဘာ့တစ်ဝန်လုံးမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရန် နေအိမ်မှ အလုပ်လုပ်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ကွာကွာနေကြရန်၊ လက်မကြာခဏ ဆေးရန် ညွှန်ကြားချက်များထုတ်ပြန် ဆောင်ရွက်လျက်ရှိပါသည်။

အမေရိကန်ပြည်ထောင်စုတွင် ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် အလုပ်လက်မဲ့နှုန်းများ တိုးတက်လျက်ရှိရာ အလုပ်သမားဌာနမှ နောက်ဆုံးထုတ်ပြန်ချက်အရ အလုပ်လက်မဲ့ နှုန်းသည် ၂၈၁,၀၀၀ ဦးထိရှိပြီဖြစ်ကြောင်းသိရပါသည်။ စီးပွားရေးမူဝါဒသိပ္ပံမှ သုတေသီ များက အလုပ်လက်မဲ့နှုန်း ၃.၄ သန်းထိရောက်ရှိနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါသည်။

သမ္မတထရမ့်အစိုးရမှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်နစ်နာလျက်ရှိသည့် အလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းများကို အကူအညီပေးနိုင်ရန် နိုးကြားရေး အစီအစဉ်များကို အဆိုပြုလျက်ရှိရာ သမ္မတအိမ်ဖြူတော် (အောက်လွှတ်တော်) နှင့် ဆိနိတ် (အထက်လွှတ်တော်) ခေါင်းဆောင်များသည် ၅ ရက်ကြာ အပြင်းအထန် စေ့စပ်ညှိနှုင်းမှုများဆောင်ရွက်ပြီးနောက်တွင် မတ်လ ၂၅ ရက် နံနက်ပိုင်းတွင် အမေရိကန် ၂ ထရီလီယံ သုံးစွဲရန် သဘောတူညီချက် ရရှိခဲ့ပါသည်။ အဆိုပါ အမေရိကန် ၂ ထရီလီယံ နိုးကြားရေးအထောက်အပံ့ပေးသည့် ဥပဒေသည် အမေရိကန်ကွန်ဂရက်တွင် အတည်ပြုပြီးပါက အမေရိကန်သမိုင်းတွင် အကြီးမားဆုံး အရေးပေါ်အကူအညီပေးသည့် ဥပေဒေတစ်ရပ် ဖြစ်လာမည် ဖြစ်ပါသည်။

အဆိုပါ နိုးကြားရေးအစီအစဉ်ကို အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးသော်လည်း အဆိုပြုချက်တွင်ပါဝင်သည့် ဆောင်ရွက်မှုများတွင် အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံအား အခွန်ထမ်းပြည်သူများနှင့် အိမ်ထောင်စုများအား တိုက်ရိုက်ငွေသား (ချက်လက်မှတ်) ပေးသွားမည်ဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံအား အသေးစားစီးပွားရေးလုပ်ငန်းများကို ချေးငွေထုတ်ချေးသွား မည်ဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာ ၂၅၀ အား အလုပ်လက်မဲ့အာမခံ ခံစားခွင့်အတွက် အသုံးပြု မည်ဖြစ် ကြောင်းနှင့် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံအား ဗိုင်းရပ်စ်ကြောင့် ထိခိုက်နစ်နာသည့် ကုမ္ပဏီများကို ချေးငွေထုတ်ချေးသွားမည်ဖြစ်ကြောင်း ပါရှိပါသည်။

နိုးကြားရေးအစီအစဉ်အရ သမ္မတထရမ့်နှင့်၎င်းမိသားစု၊ ထိပ်တန်းအစိုးရအရာရှိကြီးများ၊ လွှတ်တော်အမတ်များသည် အဆိုပါထောက်ပံ့ငွေကြေးမှ ချေးငွေ (သို့) ရင်းနှီးမြှုပ်နှံငွေ တစ်စုံတစ်ရာ ရယူခြင်းကို တားမြစ်သည်ဟူသော စည်းကမ်းချက်တစ်ရပ် ပါဝင်ကြောင်း လူနည်းစု ခေါင်းဆောင် Mr. Chuck Schumer ရုံးခန်းမှ ပြောကြားခဲ့ပါသည်။

ယင်းအစီအစဉ်အရ ပျှမ်းမျှတစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၅,၀၀၀  ရရှိသည့် အမေရိကန် နိုင်ငံသားအား အမေရိကန်ဒေါ်လာ ၁,၂၀၀ စီ၊ အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ရရှိသည့် အမေရိကန် နိုင်ငံသား လက်ထက်ထားသည့်စုံတွဲအား အမေရိကန်ဒေါ်လာ ၂၄၀၀ နှင့် ကလေးတစ်ယောက်စီ အတွက် အမေရိကန်ဒေါ်လာ ၅၀၀ စီရရှိမည်ဖြစ်ပါသည်။ အဆိုပါငွေ သားထောက်ပံ့မှုသည် သတ်မှတ်ဝင်ငွေပမာဏနှင့်အောက် ဝင်ငွေရရှိသူများသာ ခံစားခွင့်ရရှိ ကြမည်ဖြစ်ပါသည်။ တစ်ဦးတည်း အမေရိကန်ဒေါ်လာ ၉၉,၀၀၀ ဝင်ငွေရရှိသူနှင့် အမေရိကန် ဒေါ်လာ ၁၉၈,၀၀၀ ဝင်ငွေရရှိသည့်စုံတွဲများ ခံစားခွင့်ရရှိမည် မဟုတ်ပေ။

အဆိုပါ ဥပေဒေအား မထုတ်ပြန်ခင် တစ်ချို့သော စည်းကမ်းချက်များကို စေ့စပ်ညှိနှိုင်းလျက်ရှိနေပါသည်။ ခရီးသည်တင်လေကြောင်းကုမ္ပဏီများအား အမေရိကန် ဒေါ်လာ ၅၀ ဘီလီယံ ထုတ်ချေးမည့် ချေးငွေအပါအဝင် ထိခိုက်နစ်နာသည့် ကုမ္ပဏီများအား အမေရိကန် ဒေါ်လာ ၅၀၀ ဘီလီယံ ချေးငွေထုတ်ချေးမည့် သတ်မှတ် ချက်အား အပြင်းအထန် ညှိနှိုင်းလျက်ရှိပါသည်။ ထို့ပြင် စေ့စပ်ညှိနှိုင်းသူများသည် အလုပ်လက်မဲ့များအား ခံစားခွင့်ပေးရာတွင် ၄ လ ပေးရေးနှင့် ကိုယ်ပိုင် အလုပ်လုပ်ကိုင်သည့် အလုပ်သမားများအား ကာလတိုးမြှင့် ထောက်ပံ့ပေးရေး စသဖြင့် အသေးစိတ် အချက်များကို စေ့စပ်ညှိနှိုင်းလျက်ရှိပါသည်။

ယင်းကဲ့သို့ အမေရိကန်ဒေါ်လာ ၂ ထရီလီယံ အထောက်အကူပြုမည့် အစီအစဉ်အား သဘောတူညီမှုရရှိခဲ့ပြီးနောက်တွင် အမေရိကန်၏ စတော့ရှယ်ယာဈေးများ ပြန်လည်မြင့်တက်ခဲ့ကြောင်း လေ့လာတွေ့ရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အမေရိကန်ပြည်ထောင်စု)

https://www.cnn.com/2020/03/25/politics/stimulus-senate-action-coronavirus/index.

https://www.theguardian.com/business/2020/mar/25/us-unemployment-coronavirus-hospitality-food-industries-claims

Category: USA