USA

အမေရိကန်နိုင်ငံက ၁၈ လကျော်ကြာ နိုင်ငံခြားသားခရီးသည်များအား နိုင်ငံအတွင်းသို့ ဝင်ရောက်မှု ကန့်သတ်ခဲ့ခြင်းကို ပယ်ဖျက်

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အပြည့်အဝထိုးပြီးသူများအား ယခင်က အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့်တားမြစ်ခဲ့ခြင်းမှ ဖယ်ရှားသည့်ကြေညာချက်ကို ယနေ့ ၈-၁၁-၂၀၂၁ ရက်နေ့တွင် အမေရိကန်၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina M. Raimondo က ထုတ်ပြန်ခဲ့ကြောင်း အမေရိကန်နိုင်ငံ၊ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဝဘ်ဆိုဒ်တွင် ဖော်ပြထားပါသည်။

အဆိုပါကြေညာချက်တွင် ခရီးသွားလာရေးလုပ်ငန်းသည် အမေရိကန်စီးပွားရေးအတွက် အရေးကြီး သည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ သန်းပေါင်းများစွာသော အမေရိကန်နိုင်ငံသားများအား အလုပ်အကိုင် အခွင့်အလမ်းများပေးနိုင်ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအား များစွာထောက်ပံ့ပေးသည့် လုပ်ငန်းဖြစ်ကြောင်း၊ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့သည် အမေရိကန်နိုင်ငံ၏ စီးပွားရေးအတွက် နိုင်ငံခြားသားခရီးသည်များအား အမေရိကန်နိုင်ငံအတွင်း ပြန်လည်ဝင်ရောက် ခွင့်ပြုကာ အမေရိကန်စီးပွားရေး ပြန်လည်ဖွင့်လှစ်သည့် နေ့သစ်တစ်ရက်ဖြစ်ကြောင်း၊ အမေရိကန်အနေနှင့် နိုင်ငံတကာမှ ကာကွယ်ဆေးထိုးပြီးသည့် ခရီးသည်များကို လုံခြုံစွာ ကြိုဆိုပါကြောင်း ထည့်သွင်းဖော်ပြထားပါသည်။

အမေရိကန်၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနှင့် ပြည်နယ် (၃၄) ခုနှင့် ဒီစီ (District of Columbia) အတွက် ခရီးသွားလုပ်ငန်းနှင့် အပန်းဖြေလုပ်ငန်းများ ပြန်လည်မြှင့်တင်နိုင်စေရေး အတွက် အမေရိကန်ဒေါ်လာ ၃၂၄ သန်းအား ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ထောက်ပံ့မှုသည် အမေရိကန် လေဆိပ်များနှင့် ခရီးတစ်ထောက်နားများအတွက် လိုအပ်သည့် အခြေခံအဆာက်အဦများမြှင့်တင်ရန် အရေးကြီးသည့် ရင်းနှီးမြှုပ်နှံမှုများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည့် အတွက် ခရီးသွားလုပ်ငန်း ပြန်လည်မြှင့်တင်ခြင်းအတွက်သာမက နောင်အနာဂတ်တွင် စီးပွားရေးပိုမိုတောင့်တင်းအောင် တည်ထောင်ခြင်းအတွက်လည်း အထောက် အကူ ဖြစ်စေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ၁၈ လကျော်ကြာ ကန့်သတ်တားဆီးထားသည့်အတားအဆီးများကို ပယ်ဖျက်ပြီး နိုင်ငံပေါင်း (၃၃) နိုင်ငံမှ နိုင်ငံခြားသားများအား အမေရိကန်နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုလိုက်ပြီးနောက် ဥရောပနိုင်ငံများနှင့် အခြားသောနိုင်ငံများမှ ထောင်ပေါင်းများ စွာ သောလေကြောင်းခရီးစဉ်များ စတင်ပျံသန်းနေပြီဖြစ်ကြောင်း၊ ယခင်က ကာကွယ်ဆေးထိုးပြီးသော အမေရိကန်နိုင်ငံသား မဟုတ်သူများအား ကာကွယ်ဆေး ထိုးပြီးကြောင်းနှင့် () ရက်အလိုတွင် စစ်ဆေးခဲ့သည့် ကိုရိုနာဗိုင်းစ်ကူးစက်မှု မရှိကြောင်း သက်သေခံအထောက်အထားပြနိုင်မှသာ အမေရိကန်နိုင်ငံသို့ ဝင်ရောက် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ၏ ၅၃ ရာခိုင်နှုန်းကို ဝင်ရောက်ခွင့်တားမြစ်ခဲ့သည်ဟု အမေရိကန် ခရီးသွား လာရေးအသင်းက ထုတ်ပြန်ထားကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် သမ္မတထရမ့်က အမျိုးသားခရီးသွားလာရေးကန့်သတ်မှုကို ဆက်လက်ဆောင်ရွက်သည့် အနေနှင့် ဥရောပနိုင်ငံများနှင့် အခြားသောနိုင်ငံများမှ အမေရိကန်နိုင်ငံသို့ ဝင်ရောက်မှုကို ပိတ်ပင်ခဲ့ကြောင်း၊  အဆိုပါ ခရီးသွားလာမှု ပိတ်ပင်ခဲ့မှုကြောင့် ခရီးသွား များအနေနှင့် အမေရိကန်ရှိ ၎င်းတို့မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် ဝေးကွာနေကြရကြောင်း၊ စီးပွားရေးသမားများအားလည်း အမေရိကန်ရှိ ရုံးချုပ်နှင့် အရောင်းစင်တာများသို့ စီးပွားဖက်မိတ်ဆွေများအား လည်ပတ်ခွင့် တားမြစ်ထားခဲ့ကြောင်း၊ ဥရောပမှ ခရီးသွားများသည် အမေရိကန်နိုင်ငံသို့ ပြန်လည်လည်ပတ်ခွင့် ရရှိရေးကို စိတ်အားထက်သန်ခဲ့ကြကြောင်း The Wall Street Journal The Washington Post စသည့်သတင်းစာများတွင် ဖော်ပြထားပါသည်။

United Airlines Holdings Inc. က နိုဝင်ဘာလ ၈ ရက်နေ့တွင် ခရီးသွားကန့်သတ်မှုအား ပြန်လည်ဖြေလျှော့မှုကြောင့် ခရီးစဉ် (၃၃) ကြိမ် ပျံသန်းပြေးဆွဲရန် အချိန် သတ်မှတ်‌ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုသီတင်းပတ်အတွင်း ၎င်းတို့လေကြောင်းလိုင်းကို စီးနှင်းလိုက်ပါ၍ အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်မည့် ခရီးသည် များသည် ယခင်သီတင်းပတ်ထက် ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာမည်ဟု မျှော်လင့်ကြကြောင်း၊ Delta Air Lines Inc. ကလည်း အမေရိကန်နိုင်ငံပြင်ပမှ လေယာဉ်လက်မှတ် မှာယူမှုသည် ၄၅၀ ရာခိုင်နှုန်းကျော် မှတ်တမ်းတင် မြင့်တက်လာသည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA