USA

အမေရိကန်နိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍသည် မျှော်မှန်းသည်ထက် တိုးတက်လာခဲ့

Last Updated:

အမေရိကန်နိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍသည် မျှော်မှန်းထားသည်ထက် တိုးတက်လာခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်းတွင် ၅-၂-၂၀၂၄ ရက်နေ့၌ “U.S. Service Activity Expands More Than Expected, Says ISM” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။  

အမေရိကန်နိုင်ငံ ဝန်ဆောင်မှုကဏ္ဍသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် မျှော်မှန်းထားသည်ထက် အရှိန်ဖြင့် တိုးတက်လာခဲ့ကြောင်း၊ အလုပ်သမားခန့်ထားမှုမှာ တိုးလာခဲ့ပြီး အလုပ်သမား လိုအပ်ချက်လည်း ထပ်မံမြင့်တက်လာခဲ့ကြောင်း၊ Institute for Supply Management က ထုတ်ပြန်သည့် ဝန်ဆောင်မှုလုပ်ငန်း အညွှန်းကိန်းသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် (၅၀.၅) ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် (၅၃.၄) အထိ တိုးလာခဲ့ကြောင်း၊ ဤအညွှန်းကိန်းတိုးနှုန်းသည် စီးပွားရေးပညာရှင်များက ခန့်မှန်းချက် ပမာဏထက် (၁.၄) အထိ တိုးလာခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် Institute for Supply Management ၏ အလုပ်ခန့်ထားမှု ညွှန်းကိန်းသည်လည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် (၄၃.၈) ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် (၅၀.၅) သို့ မြင့်တက်သွားခဲ့ကြောင်း၊  Institute for Supply Management ၏ စီးပွားရေးသုတေသနကော်မတီ ဥက္ကဋ္ဌက ၎င်းတို့၏ စစ်တမ်းကို ဖြေဆိုသူများအနေဖြင့် စီးပွားရေးလုပ်ငန်းများသည် တည်ငြိမ်မှုရှိသည်ဟု ဖြေဆိုခဲ့ကြပါကြောင်း၊ အတိုးနှုန်း လျှော့ချခြင်းကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုများကိုလည်း အပြုသဘောရှုမြင်ကြသည်ကို တွေ့မြင်ရသော်လည်း ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာမည့် ဈေးနှုန်းမြင့်တက်မှုနှင့် ပထဝီနိုင်ငံရေးပဋိပက္ခများ ဖြစ်လာမည်ကို စိုးရိမ်မှုရှိကြကြောင်း၊ ငွေကြေးဖောင်းပွမှုများကြောင့် ဈေးနှုန်းများ၏ အညွှန်းကိန်းသည် မြင့်တက်လာခဲ့ပြီး ဤသို့မြင့်တက်ခြင်းသည် အမေရိကန်ဗဟိုဘဏ်၏ မူဝါဒချမှတ်သူများကို စိုးရိမ်မှုဖြစ်စေကြောင်း၊ Institute for Supply Management ၏ လေ့လာမှုအရ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စိုက်ပျိုးရေးကဏ္ဍများသည် တိုးတက်မှု အမြင့်ဆုံးဖြစ်ပါကြောင်း၊ သို့ရာတွင် ဆိုလာနှင့် လေအားလျှပ်စစ်၊ သင်္ဘောတည်ဆောက်မှုနှင့် လျှပ်စစ်မော်တော်ယာဉ် စသည့်ကဏ္ဍများမှာ တိုးတက်မှုနှေးကွေးသည်ဟုဖြေဆိုသူများရှိသလို စီးပွားရေးတစ်ရပ်လုံးကို ခြုံငုံကြည့်ပါက စီးပွားရေးကျဆင်းနိုင်သည့် ခြိမ်းခြောက်မှုများကို မတွေ့ရဟု ဖြေဆိုသူများရှိကြောင်း တွေ့ရှိရပါသည်။        

အမေရိကန်နိုင်ငံ၏ စီးပွားရေးနှင့် ပတ်သက်သည့် လေ့လာမှုများကို အစိုးရအဖွဲ့အစည်းများ သာမက ပြည်တွင်းသုတေသန အဖွဲ့အစည်းများကလည်း လေ့လာလျက်ရှိကြရာ အမေရိကန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ တိုးတက်လျက်ရှိကြောင်း၊ စီးပွားရေးကျဆင်းမှုအန္တရာယ် မရှိနိုင်ကြောင်း သုတေသနတွေ့ရှိချက်များအရ ရေးသားဖော်ပြချက်များဖြစ်ပါကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA