Japan

အရည်အသွေးမီ မြန်မာ့ကော်ဖီများ ဂျပန်နိုင်ငံ၏ Muji ကုန်တိုက်များတွင်သာမက အင်တာနက်မှပါ စက်တင်ဘာ တတိယအပတ်မှ စတင်ရောင်းချပေးမည်ဖြစ်

Last Updated:

မြန်မာနိုင်ငံတောင်ပိုင်း ရှမ်းပြည်နယ်ရှိ ကော်ဖီစိုက်ပျိုးသူ တောင်သူများ၏ဘဝ ရေရှည်တည်တံ့စေရေး ပံ့ပိုးဆောင်ရွက်မှုတစ်ခုအနေဖြင့် ဂျပန် နိုင်ငံတွင် လူသုံးကုန်နှင့်စားသောက်ကုန်များ လက်လီရောင်းချသည့် Muji ကုန်တိုက်က ရှမ်းပြည်နယ်မှထွက်ရှိသည့် မြန်မာ့ကော်ဖီစေ့များကို စက်တင်ဘာလ တတိယပတ်အတွင်း၌ စတင်ရောင်းချမည်ဟု သိရပါသည်။

ဂျပန်နှင့် အခြားပြည်ပနိုင်ငံများတွင် Muji ကုန်တိုက်များကို ဖွင့်လှစ်ဆောင်ရွက်နေသည့် Ryohin Keikaku Co., Ltd., သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ Arabica ကော်ဖီစိုက်တောင်သူများနှင့် စုပေါင်းဖွဲ့စည်းထားသည့် The Green Gold Cooperative နှင့်အတူ အကျိုးတူပူးပေါင်း ဆောင်ရွက်ကာ အရည် အသွေးမြင့် မြန်မာ့ကော်ဖီစေ့များကို စိုက်ပျိုးထုတ်လုပ်နေပါသည်။

လာမည့်စက်တင်ဘာလ ၂၃ ရက်နေ့မှစတင်ကာ “Myanmar Coffee Beans” ဟု အမည်တပ်ထားသည့် ကော်ဖီစေ့များကို ဂျပန်နိုင်ငံအတွင်းရှိ Muji ကုန်တိုက် ၃၉ ခုတွင်သာမက အင်တာနက်တွင်ပါ ကြော်ငြာရောင်းချသွားမည် ဖြစ်ကြောင်းသိရပါသည်။

The Green Gold Cooperative သည် ရှမ်းပြည်နယ်ရှိ ကော်ဖီစိုက်တောင်သူ ၉၀၀ ခန့်နှင့် စုဖွဲ့ထားသည့် ၂၀၁၅ ခုနှစ်တွင် စတင်ဖွဲ့စည်းထားသည့် သမဝါယမအစုအဖွဲ့တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတော်အစိုးရနှင့် United Nations Office on Drugs and Crime (UNODC) တို့၏ ကူညီပံ့ပိုးမှု ဖြင့် ဒေသခံတောင်သူများကို မိရိုးဖလာဘိန်းစိုက်ပျိုးမှုနှင့် အသက်မွေးဝမ်းကျောင်းပြုနေမှုကို အဆုံးသတ်ပြီး အကျိုးရှိသည့် ဘိန်းအစားထိုးသီးနှံ ကော်ဖီစိုက်ပျိုးရေးကို အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

အဆိုပါသမဝါယမအစုအဖွဲ့သည် ယခင်ကဘိန်းစိုက်ပျိုးခဲ့သည့် စိုက်ခင်းများနေရာတွင် ရာသီအလိုက် အလှည့်ကျစိုက်ပျိုးကြသည့် ဘိန်းအစားထိုး သစ်သီးစိုက်ခင်းများ၏ ဘေးတလျှောက်တွင် Arabica ကော်ဖီမျိုးကို စိုက်ပျိုးခြင်းဖြစ်ကြောင်းသိရပါသည်။ ပင်လယ်ရေမျက်နှာပြင်မှ မြေမျက်နှာသွင်ပြင်အမြင့် ၁၀၀၀ မီတာမှ ၁၈၀၀ မီတာအကြားရှိသည့် ရှမ်းပြည်နယ်ရှိ မြင့်မားသည့် တောင်ကုန်းဒေသများ၏ ရာသီဥတုသည် အရည်အသွေးမြင့် ကော်ဖီနှင့် ဘယ်ရီသီးများ စိုက်ပျိုးထုတ်လုပ်ရန်အတွက် အထူးသင့်လျော်လှပါသည်။

ရှမ်းပြည်နယ်မှ ထွက်ရှိသည့် ကော်ဖီကို ဥရောပနိုင်ငံများသို့ အများဆုံးတင်ပို့နေပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု အားလုံး၏ ၈၅ % ကို တင်ပို့နေပြီး ၂၀၁၈ ခုနှစ်မှစတင်၍ ၎င်းတို့ဝယ်လိုအား ကျဆင်းလာခဲ့ပါကြောင်း၊ ကျန်သည့် ၁၅ % ကို ပြည်တွင်းစျေးကွက်သို့ ဖြန့်ဖြူးနေပါကြောင်း၊ ဂျပန် နိုင်ငံသည် ဒုတိယမြောက် ပို့ကုန်စျေးကွက်ဖြစ်ပါကြောင်း၊ လက်ရှိတွင် ကနဦးအစပျိုးကာစဖြစ်၍ ပမာဏမှာမများပြားလှသော်လည်း ဂျပန်နိုင်ငံ စျေးကွက်ကို ပိုမိုချဲ့ထွင်ကာ ရေရှည်လက်တွဲဆောင်ရွက်ရန် မျှော်လင့်ပါကြောင်းဟု The Green Gold Cooperative ၏ အထွေထွေမန်နေဂျာ ဖြစ်သူ ဦးစိုင်းဟန်မျိုးအောင်က ဆိုပါသည်။

လက်ရှိ၌ Ryohin Keikaku Co., Ltd., အနေဖြင့် မြန်မာ့ကော်ဖီကို ပမာဏအနည်းငယ်သာ ဝယ်ယူနေသော်လည်း ၎င်းတို့အနေဖြင့် မြန်မာ့ကော်ဖီအရည်အသွေးကို လွန်စွာကျေနပ်သဘောကျကြောင်းသိရပါသည်။ အခြားသော ကော်ဖီမျိုးများထက် မြန်မာ့ကော်ဖီစေ့က အရွယ်အစားသေးငယ်သော်လည်း အနံ့အရသာအဆင့်အတန်းမှာ အတူတူပင်ဖြစ်သည်ဟုဆိုပါသည်။ Muji ကုန်တိုက်တွင် မြန်မာ့ကော်ဖီစေ့များကို ၂၀၀ ဂရမ်တစ်ထုပ်လျှင် ယန်း - ၉၉၀ နှုန်းဖြင့် ရောင်းချသွားမည်ဟုသိရပါသည်။

Ryohin Keikaku Co., Ltd., က ၎င်းတို့ မြန်မာနိုင်ငံသို့ သွားရောက်ပြီး ကော်ဖီစိုက်တောင်သူများ နှင့် တွေ့ဆုံစဉ်က အရွယ်အစားသေးငယ်သည့် ကော်ဖီစေ့များသည် ပြည်ပသို့ တင်ပို့နိုင်ခြင်းမရှိဘဲ စျေးနိမ့်နိမ့်ဖြင့် ပြည်တွင်း ၌သာ ရောင်းချနိုင်သည်ဟု သိခဲ့ရပါကြောင်း၊ အဆိုပါတောင်သူများ၏ ကော်ဖီအမျိုးအစားမှာ အရသာကောင်းမွန်လှသော်လည်း ပြည်ပတင်ပို့ရာတွင် ကော်ဖီစေ့အရွယ်အစားကြီးမားမှုကို နှစ်သက်သည့် ဝယ်သူအကြိုက်နှင့် အကိုက်ညီဘဲ အခက်အခဲများ ရင်ဆိုင်နေရသည်ကို သိရှိခဲ့ရကြောင်းဆိုပါသည်။

ထို့သို့ ရှမ်းပြည်နယ်မှ ကော်ဖီစိုက်တောင်သူများ၏ အခက်အခဲများကို သဘောပေါက်နားလည်ပြီး Ryohin Keikaku Co., Ltd., က ၎င်းတို့၏ ဝင်ငွေကိုမြှင့်တင်ရန်သာမက ဘိန်းသီးနှံစိုက်ပျိုးခြင်းမှ ကော်ဖီစိုက်ပျိုးခြင်းသို့ ပြောင်းလဲလုပ်ကိုင်နိုင်စေရန်အတွက် ပံ့ပိုးပေးရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။

The Green Gold Cooperative က ၂၀၁၉ ခုနှစ်တွင် ကော်ဖီတန်ချိန် ၁၀၀ ခန့် စိုက်ပျိုး ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

ရင်းမြစ်။ NNA Business News (Kyodo News Group) ၏ ယနေ့ (၁၈-၉-၂၀၂၀) ရက်စွဲပါ ဆောင်းပါး

 

Category: Japan