India (Delhi)

အရေးကြီးကုန်စည်များအား အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် သယ်ယူပို့ဆောင်ရန် မီဇိုရမ်ပြည်နယ်အစိုးရက အဆိုပြုခဲ့ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ရှိ မီဇိုရမ်ပြည်နယ်နှင့် အာသံပြည်နယ်တို့ နယ်နိမိတ်ထိစပ်လျက်ရှိသော Vairengte နှင့် Lailapur ဒေသများတွင် နယ်မြေအငြင်းပွား မှုပြဿနာအပေါ် အခြေပြု၍ ၁၇-၁၀-၂၀၂၀ နေ့၌ နှစ်ဘက်ဒေသခံလူမျိုးစုများ အပြန်အလှန် အကြမ်းဖက်ဖျက်ဆီးမှုများဖြစ်ပေါ်ရာမှ ပြည်နယ်နှစ်ခုအကြား ဆက် သွယ်ထားသည့် အဝေးပြေးလမ်းမကြီး ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပါသည်။

အာသံပြည်နယ်ဘက်ခြမ်းရှိ Lailapur ဒေသခံများက အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် အဝေးပြေးလမ်းမကြီးအမှတ် (၃၀၆) အား ပိတ်ဆို့ထားရှိရာ ပြည်တွင်းရှိ အခြားဒေသများမှ တင်ပို့သည့် LPG ဓာတ်ငွေ့ကဲ့သို့သော လောင်စာနှင့်စက်သုံးဆီများအပါအဝင် အရေးကြီးကုန်စည်များမှာ မီဇိုရမ်ပြည်နယ်သို့ သယ်ယူ ပို့ဆောင်နိုင်ခြင်းမရှိသဖြင့် ၎င်းတို့အနေဖြင့် မဏိပူနှင့် တြိပူရပြည်နယ်များအပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ကို ဖြတ်သန်း၍ သယ်ယူ နိုင်ရေး စဉ်းစားလျက်ရှိကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Mr. Zoramthanga က ထုတ်ဖော်ပြောကြားပါသည်။ ၁၉-၁၀-၂၀၂၀ နေ့တွင် ပြည်ထဲရေးဝန်ကြီး Mr. Amit Shah နှင့် တယ်လီဖုန်းဆက်သွယ်ရာ၌ မီဇိုရမ်ပြည်နယ်ရှိ ပြည်သူများအတွက် အသက်သွေးကြောသဖွယ်ဖြစ်သည့် ဆက်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ခံထား ရမှုက အခြားသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ရှာဖွေရန်အကြောင်းဖြစ်ပေါ်ခဲ့ကြောင်း Mr. Zoramthanga က ပြောဆိုခဲ့ခြင်းဖြစ်ပြီး Mr. Amit Shah ကမူ နှစ်ဘက်တင်းမာမှုအခြေအနေလျော့ပါးရေး ဗဟိုအစိုးရက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားလျက် ထိုကဲ့သို့ဆောင်ရွက်မည့် အဆိုပြုချက်ကို ငြင်းပယ်ခဲ့ပါသည်။

နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် ဆက်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ၂၂-၁၀-၂၀၂၀ နေ့၌  ပြည်ထဲရေးဝန်ကြီးဌာနမှ အရှေ့ မြောက်ဒေသဆိုင်ရာ တွဲဖက်အတွင်းဝန်ဦးဆောင်၍ နှစ်ဘက်ပြည်နယ်အစိုးရအဖွဲ့များမှ ပြည်ထဲရေးအတွင်းဝန်များပါဝင်သည့် ကိုယ်စားလှယ်များ ညှိနှိုင်းဆွေးနွေးခဲ့ ကြကြောင်း၊ ၎င်းဆွေးနွေးပွဲ၌ နယ်မြေအငြင်းပွားမှုကိစ္စရပ်အပေါ် ဆွေးနွေးမှု တစ်စုံတစ်ရာမရှိသော်လည်း အာသံပြည်နယ်ဘက်ခြမ်းသို့ ဝင်ရောက်တပ်စွဲထားသည့်  မီဇိုရမ်ပြည်နယ်ဘက်မှ လုံခြုံရေးတပ်ဖွဲ့များအား ပြန်လည်ရုတ်သိမ်းရန် သဘောတူညီမှုရရှိခဲ့ကြောင်း၊ အဝေးပြေးလမ်းမကြီးပေါ်၌ ပိတ်မိနေသည့် ကုန်တင်မော်တော် ယာဉ်များ ယခင်အတိုင်း ပုံမှန်သွားလာနိုင်ရေးမှာ ဆက်လက်ဆောင်ရွက်ဆဲဖြစ်ကြောင်းဖြင့် Hindustan Times သတင်းဌာနက ဖော်ပြပါသည်။

အာသံပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်တို့အကြား နယ်နိမိတ်ထိစပ်မှုမှာ ၁၆၄.၆ ကီလိုမီတာ ရှိကြောင်း၊ ၁၉၇၂ ခုနှစ်မတိုင်မီက မီဇိုရမ်ပြည်နယ်သည် အာသံပြည်နယ်၏ နယ်မြေအစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့ကြောင်း၊ ထို့နောက် အိန္ဒိယနိုင်ငံ၏ ပြည်ထောင်စုနယ်မြေအဖြစ်မှ ၁၉၈၇ ခုနှစ်၌ သီးခြားအုပ်ချုပ်ပိုင်ခွင့်ရှိသည့် ပြည်နယ်အဖြစ်သို့ ရောက်ရှိလာခဲ့ကြောင်း၊ ၁၈၇၃ ခုနှစ် အရှေ့ဘင်ဂေါဒေသ နယ်မြေစည်းမျဉ်းသတ်မှတ်ချက်အပေါ် အခြေပြု၍ နယ်နိမိတ်အသေးစိတ် ပိုင်းခြားသတ်မှတ်ရန် မီဇိုရမ် ပြည်နယ်က ကြိုးပမ်းလာသည့်နောက်ပိုင်း အတိတ်ကာလတွင် ပြည်နယ်နှစ်ခုကြား အသေးစားထိတွေ့တိုက်ပွဲဖြစ်ပေါ်မှုများရှိခဲ့ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွား‌ရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Looking at Myanmar, Bangladesh supply routes, says Mizoram's Chief Minister Zoramthanga, 21 Oct 2020, Economic Times

2. Northeast border row: Mizoram agrees to pull back forces from Assam, 22 Oct 2020, Hindustan Times

Category: India (Delhi)