Japan

အရေးပေါ်ကြေငြာချက်အရ ပိတ်သိမ်းရမည့် အဆောက်အအုံများကို တိုကျိုမြို့တော်ဝန်က ကြေငြာချက်ထုတ်ပြန်မည်ဖြစ်

Last Updated:

ဝန်ကြီးချုပ်၏ အရေးပေါ်အခြေအနေ ကြေညာချက်အရ ပိတ်သိမ်းရမည့် အဆောက် အအုံများ၏ အမည်စာရင်းကို လာမည့် ဧပြီ ၁၀ ရက်နေ့တွင် ကြေငြာချက် ထုတ်ပြန်မည် ဖြစ်ပါကြောင်း၊ တိုကျိုအာဏာပိုင်များအနေဖြင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားချိန်အတွင်း ပိတ်ထားရမည့် အဆောက်အအုံများ အမည်စာရင်း ကို ထုတ်ပြန်နိုင်ရေး ဗဟိုအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း တိုကျိုမြို့တော်ဝန် Ms.  Yuriko Koike က ပြောကြားခဲ့ပါသည်။

အဆောက်အအုံများ ပိတ်သိမ်းရန်ကိစ္စနှင့်ပတ်သက်၍  တိုကျိုမြို့တော်၊ အုပ်ချုပ်ရေး အဖွဲ့နှင့် ဗဟိုအစိုးရတို့အကြား သဘောထားကွဲလွဲမှုအချို့ ရှိနေခြင်းကြောင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တိုကျိုမြို့ အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ကုန်တိုက်၊ စျေးဝယ်စင်တာများနှင့် အိမ်သုံးပစ္စည်း အရောင်းဆိုင်များ တွင် အစားအသောက်၊ ဆေးဝါးနှင့် အခြား နေ့စဉ်သုံးကုန်ပစ္စည်းများ ရောင်းချသည့် ကောင်တာများမှလွဲ၍ ပိတ်ထားကြရန် တောင်းဆိုခဲ့ပြီး ဆံသဆိုင်များပါ ပိတ်သိမ်းရမည့် စာရင်းထဲ ထည့်သွင်းရန် အဆိုပြုခဲ့ပါသည်။

ဧပြီလ ၇ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်အရေးကိစ္စကို တာဝန်ယူဆောင်ရွက်နေသည့် ဝန်ကြီး Mr. Yasutoshi Nishimura က ဗဟိုအစိုးရအနေဖြင့် ဆံသဆိုင်၊ အလှပြင်ဆိုင်နဲ့ အိမ်တွင်းလက်မှု ပစ္စည်းကိရိယာ အရောင်းဆိုင်များသည် ပြည်သူလူထု၏ နေ့စဉ်ဘဝ တည်တည်ငြိမ်ငြိမ်လည်ပတ်ဆောင်ရွက်ရန် မရှိမဖြစ်နေရာများ ဖြစ်သည့်အတွက် ဆက်လက် ဖွင့်ထားစေရန် ရည်ရွယ်ပါကြောင်း ၎င်းက ဆိုပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan