China(Nanning)

အလုပ်သမားနေ့ အားလပ်ရက်ရှည်ကာလပြီးနောက် တရုတ်နိုင်ငံ၏ခရီးသွားလုပ်ငန်း ပြန်လည်နိုးထလာသည့်လက္ခဏာများတွေ့ရ

Last Updated:

တရုတ်နိုင်ငံတွင် မေလ (၁) ရက်နေ့၌ကျရောက်သည့် အလုပ်သမားနေ့နှင့်ဆက်စပ်၍ အားလပ်ရက် (၅) ရက်ရရှိခဲ့ပြီး၊ ၎င်းပိတ်ရက်ရှည်မှာ တစ်နိုင်ငံလုံး ယာယီ ပိတ်ပင်မှုများနှင့် ပြည်တွင်းခရီးသွားလာမှုကန့်သတ်ချက်များကို ရုပ်သိမ်းပြီးနောက် ပထမဆုံး အကြိမ်ပိတ်ရက်ရှည်ဖြစ်ပါသည်။ ပြည်သူများ၏ COVID19 ရောဂါ ဖြစ်ပွားမှုကျဆင်းလာခြင်းအပေါ် ယုံကြည်မှုမြင့်လာကြသဖြင့် ကိုရိုနာကပ်ရောဂါဖြစ်ပွားမှု စတင်ခဲ့စဉ်ချိန်မှစ၍ ဆိုးရွားစွာထိခိုက်ခဲ့သော ခရီးသွားလာမှု၊ အပန်းဖြေ အနားယူမှုနှင့် ယဉ်ကျေးမှု ကဏ္ဍများမှာ ၎င်းပိတ်ရက်ရှည်အတွင်း  ခိုင်မာစွာပြန်လည်နာလန်ထူလာသည့်လက္ခဏာများတွေ့ခဲ့ရပါသည်။

မေလ (၅) ရက်နေ့ရှိ စာရင်းများအရ တရုတ်နိုင်ငံတဝှမ်း ခရီးသွားလာမှုပေါင်း (၁၁၅) သန်းရှိခဲ့ပြီး၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများအတွက် ဝင်ငွေရရှိမှုတန်ဖိုးမှာ ယွမ်ငွေ (၄၇.၅၆) ဘီလီယံ (အမေရိကန်ဒေါ်လာ ၆.၇၄ ဘီလီယံ) ရှိခဲ့ကြောင်း၊ အားလပ်ရက် စတင်သည့် မေလ (၁) ရက်နေ့မှာပင် နိုင်ငံအဝှမ်းရှိ လည်ပတ်စရာ နေရာများ အနက် (၇၀) ရာခိုင်နှုန်းအား ဖွင့်လှစ်ခဲ့ပြီး၊ ၎င်းနေရာများသို့ လာရောက်လည်ပတ်သူပေါင်း (၂၃.၂) သန်း ရှိခဲ့ပြီး၊ ဝင်ငွေယွမ် (၉.၇၇) ဘီလီယံ (အမေရိကန် ဒေါ်လာ ၁.၃၈ ဘီလီယံ) ရရှိခဲ့ကြောင်း ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ ဘေကျင်း၏ Forbidden City အား (၃) လတာ ပိတ်ထားပြီးနောက် မေလအားလပ်ရက်ရှည်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါသည်။

ကပ်ရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံ၏ မေလပထမပတ်အားလပ်ရက်အတွင်း ခရီးသွားလာမှုများမှာ ယခင်နှစ်၏ စံချိန်ဖြစ်သော ခရီးသွားလာမှုပေါင်း (၁၉၅) သန်းမှ ကျဆင်းသွားခဲ့သော်လည်း ဧပြီလအတွင်း ပိတ်ရက်ရှည်ဖြစ်သော Qingming ပွဲတော်ရက် အတွင်း ခရီးသွားလာမှုပေါင်း (၄၃) သန်းထက် နှစ်ဆခန့် ပိုမိုလာခြင်းဖြစ်ပါ သည်။

 တရုတ်နိုင်ငံတွင် လုပ်သားပြည်သူများအား အသိအမှတ်ပြုအလေးထားသော အနေဖြင့် နှစ်စဉ်မေလ (၁) ရက်နေ့ (အလုပ်သမားနေ့) အား အားလပ်ရက်အဖြစ် ခွင့်ပြု ပေးပြီး၊ အကယ်၍ ရုံးနားရက်များတွင် ကျရောက်ပါက အလုပ်တက်ရက် (၂) ရက်အား အစားထိုး ရုံးပိတ်ပေးပါသည်။  ယခုနှစ်တွင်မူ ၎င်းကာလ၌ ခရီးများသွား လာစေရန်အားပေးသည့်အနေဖြင့် (၅) ရက်ဆက်တိုက် အားလပ်ရက်အဖြစ် စီစဉ်ပေးခဲ့ခြင်းဖြစ်ကာ၊ (၁၂)နှစ်တာအတွင်း ပထမဆုံးအကြိမ် စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။

ပြည်တွင်းခရီးသွားလာမှုကန့်သတ်ထားချက်များအား ဖြေလျှော့ပေးကြောင်း ကြေငြာပြီးနောက် နာရီဝက်အတွင်းမှာပင် ဘေကျင်းမှ ထွက်ခွာမည့်လေယာဉ်များအတွက် ကြိုတင်လက်မှတ်ဝယ်ယူသူပေါင်း (၁၅) ဆမြင့်တက်ခဲ့ကြောင်း၊ ခရီးသွားလာသူ အများစုတို့က ၎င်းတို့ဇာတိမြေအတွင်းနှင့် အနီးတဝိုက်နေရာများသို့ ခရီးတိုသွား ရောက်ရန် ရွေးချယ်ခဲ့ကြကြောင်း ဘေကျင်းအခြေစိုက် အွန်လိုင်းခရီးသွားဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် Qunar နှင့် တကိုယ်တော်ခရီးသွားလာမှုများအပေါ် အထူး ဝန်ဆောင်မှု ပေးသည့် Lvmama တို့က မှတ်ချက်ပြုခဲ့ကြပါသည်။  

မေလပထမပတ်အားလပ်ရက်ရှည်အတွင်း နေရာထိုင်ခင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအနက် (၇၅) ရာခိုင်နှုန်းကျော်တို့ကလည်း လုပ်ငန်းများ ပြန်လည် စတင်လာကြပါသည်။   ခရီးသွားလာမှုအများဆုံးနေရာများမှာ ရှန်ဟိုင်း၊ ဟန်ကျိုး၊ စူးကျိုး၊ ဘေကျင်း၊ ရှန်းကျန့်၊ နန်ကျင်းနှင့် ကျန်းရှကဲ့သို့သော မြို့တော်များ ဖြစ်ကြပါသည်။ ယခင် ခရီးသွားလာမှုများပြားခဲ့သည့် ရှီးအန်းနှင့် ကူမင်းတို့မှာမူ ရောဂါကူးစက်နိုင်မည်လားဟူသော စိုးရိမ်မှုများကြောင့် ခရီးသွားလာရောက်မှုများ ကျဆင်းခဲ့ပါသည်။ 

ထိုကဲ့သို့ တရုတ်ပြည်တွင်း၌ ခရီးသွားလာမှုများ လျင်မြန်စွာ ပြန်လည်များပြား လာကြသော်လည်း လိုအပ်သောကျန်းမာရေးနှင့်စိတ်ချလုံခြုံရေးကြိုတင်သတိပြုပြင်ဆင် မှုတို့ကို ဆောင်ရွက်နေဆဲဖြစ်ကြပါသည်။ ခရီးသွားလာကြရာတွင် လူအများနှင့် ထိတွေ့ နိုင်မှုနည်းပါးသော  မော်တော်ယာဉ်စင်းလုံးငှားရမ်း၍ ခရီးသွားလာမှုမျိုးနှင့် စိတ်ချရပြီး အရည်အသွေးမြင့်သည့် ကြယ်(၄)ပွင့်နှင့် ကြယ်(၅)ပွင့်အဆင့်ရှိ ဟိုတယ်များကို ပိုမို ရွေးချယ်လာကြပါသည်။  ပြည်နယ်အစိုးရများကလည်း လုပ်ငန်းများ အား အကျိုးကျေးဇူးရရှိဖြစ်ထွန်းစေရန်နှင့် အများပြည်သူတို့၏ အကျိုးအတွက် စိတ်ချလုံခြုံမှုရှိစေရန် အစွန်း နှစ်ဖက်ကြား၌ ကောင်းမွန်စွာဆောင်ရွက်လျက်ရှိပါသည်။  မေလအားလပ်ရက်ရှည်ကာလ အတွင်း အများပြည်သူလာရောက်လည်ပတ်သည့်နေရာများ၌ နေ့စဉ်အများဆုံးလက်ခံနိုင် သည့် လူဉီးရေ၏ (၃၀)ရာခိုင်နှုန်းအောက်အား ကန့်သတ်ထားရန် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အမျိုးသားကျန်းမာရေးကော်မရှင်တို့က ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပါသည်။  အလားတူပင် လာရောက် လည်ပတ်မှုများသော နေရာများ၌ ဝင်ခွင့်လက်မှတ်ဝယ်ယူရန်အတွက် အွန်လိုင်းမှ ကြိုတင်မှတ်ပုံတင်ခြင်း၊ ကျန်းမာရေးကုဒ် နံပတ်ဖြင့် အဝင်အထွက်ပြုစေခြင်း၊ လူဝင်ခွင့်များကို လူအချင်းချင်း မထိတွေ့စေဘဲ ဆောင်ရွက်ပေးခြင်းနှင့်  ခရီးသည် ဝင်ထွက်မှုများအား ထိန်းကျောင်းကြပ်မတ်ခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိပါသည်။

ယခုအခါ အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူတို့မှာ ကျန်းမာရေးအခြေအနေနှင့် လိုက်လျောညီထွေရှိသည့် နည်းပညာများကို အသုံးပြုလာ လျက် ရှိပါသည်။ ဉပမာ - “Wuhan War Epidemic”နှင့် “Visiting Yunnan” App များတွင် မြေပြင်ရှိ စာရင်းနှင့် အချက်အလက်အမှန်များကို ကောက်ယူလျက် လာရောက်လည်ပတ်မှုများသောနေရာများတွင် လူထူထပ်များပြားမှုများကို ရှောင်ကြဉ်ရန် လက်ခံနိုင်သော လူဉီးရေမည်မျှသာ ကျန်ရှိတော့သည် ကြည့်ရှုနိုင်ပြီး၊ အများဆုံး လက်ခံမည့် လူဉီးရေပြည့်ပြီးနောက် အွန်လိုင်းပေါ်မှ လက်မှတ်ရောင်းချမှုကို အလိုအလျောက်ရပ်တန့်လိုက်နိုင် သည့် ပြုလုပ်မှုမျိုးကို ဆောင်ရွက်ပေးပါသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ပြန်လည်နာလန်ထမည့် လက္ခဏာများဖြင့် အားယူနေသည့် အစပျိုးကာလဖြစ်ပြီး၊ ခရီးသွားလုပ်ငန်း၊ အပန်းဖြေလုပ်ငန်းနှင့် ယဉ်ကျေးမှု လုပ်ငန်းများကို ပုံမှန်အနေအထားသို့ တည်ငြိမ်စွာပြန်လည်ရောက်ရှိလာစေရန် သတိကြီးစွာ ထား၍ ထိန်းကျောင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ 

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ China Briefing (၈-၅-၂၀၂၀)

Category: China(Nanning)