India (Delhi)

အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုကို နှစ်ဆတိုးမြှင့်နိုင်မည့် အလားအလာများရှိကြောင်း အိန္ဒိယဒုတိယဝန်ကြီးကပြောကြားခြင်း

Last Updated:

အိန္ဒိယနိုင်ငံစက်မှုလုပ်ငန်းများအသင်းချုပ် (CII) ၏စီစဉ်မှုဖြင့် ပထမအကြိမ် အိန္ဒိယ၊ အာဆီယံနှင့် သမုဒ္ဒရာရပ်ဝန်းဒေသနိုင်ငံများ စီးပွားရေးဆွေးနွေးပွဲ (1st INDO ASEAN Oceanic Business Summit) ကို ၄.၈.၂၀၂၀ နေ့တွင် Virtual Platform အသုံးပြုလျက် ကျင်းပခဲ့ရာ ဖွင့်ပွဲအစီအစဉ်၌ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Hardeep Singh Puri က လက်ရှိချုပ်ဆိုထားသော အာဆီယံ- အိန္ဒိယ လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်အား ပြန်လည်ဆန်းစစ်ခြင်းဖြင့် အိန္ဒိယနှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုပမာဏကို နှစ်ဆတိုးမြှင့်နိုင် မည်ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံအနေဖြင့် အာဆီယံဒေသနှင့် သမုဒ္ဒရာဒေသတွင်းရှိ နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းခိုင်မာရေး လုပ်ဆောင်ရန်ဆန္ဒရှိကြောင်း၊ အထူးသဖြင့် ဒေသတွင်းနိုင်ငံများ အကြား E-commerce, Fintech, Artificial Intelligence, Blockchain စသည့် ဒီဂျစ်တယ်စနစ် အသုံးပြုဆောင်ရွက်သည့် နည်းပညာဆိုင်ရာလုပ်ငန်းနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင် သည့် အလားအလာကောင်းများရှိကြောင်း၊ ပြည်တွင်းရှိ ကုန်ထုတ်လုပ်ငန်းများအနေဖြင့် ဒေသတွင်းနိုင်ငံများမှ သွင်းအားစုကွင်းဆက်စနစ်နှင့် ပိုမိုကျယ်ပြန့်စွာ ချိတ်ဆက်နိုင်ရေး အိန္ဒိယအစိုးရက တွန်း အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊  အိန္ဒိယ၏ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုမှာ လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း ၃ ဆခန့် တိုးတက်လာခဲ့ကြောင်း၊ သို့ရာတွင် အာဆီယံဒေသနှင့် ကုန်သွယ်ရာ၌ အိန္ဒိယအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေပမာဏသည် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံခန့်အထိ ရောက်ရှိလာခဲ့ရာ ချိန်ညှိလျော့ချနိုင်မည့် နည်းလမ်းများကို ရှာဖွေ လျက်ရှိကြောင်း၊ အာဆီယံ- အိန္ဒိယ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်အား ပြန်လည်ဆန်းစစ်ရန် အိန္ဒိယနိုင်ငံ၏ အဆိုပြုချက်မှာ ဆိုင်းငံ့နေဆဲဖြစ်ပြီး ထိုသို့ ဆန်းစစ်သုံးသပ်ဆောင်ရွက်နိုင်ပါက နှစ်ဖက်ကုန် သွယ်မှုကို နှစ်ဆထပ်မံတိုးမြှင့်နိုင်မည့် အလားအလာများရှိကြောင်း၊ အိန္ဒိယအစိုးရသည် ပြည်တွင်း၌ လေဆိပ်လုပ်ငန်းများအား ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းလုပ်ကိုင်နိုင်ရန် ဆောင်ရွက်လျက် ရှိရာ ၎င်းလုပ်ငန်းများ၌ အာဆီယံနှင့် သမုဒ္ဒရာဒေသတွင်းနိုင်ငံများမှ ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်သည့် အခွင့်အလမ်းများရှိကြောင်း စသည်ဖြင့် ဒုတိယဝန်ကြီး Mr. Hardeep Singh Puri က ပြောဆို ပါသည်။

အဆိုပါဆွေးနွေးပွဲ၏ ဖွင့်ပွဲအစီအစဉ်သို့ ကမ္ဘောဒီးယား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဖီဂျီနိုင်ငံများမှ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဒုတိယဝန်ကြီးများက Virtual Platform ၌ ပါဝင်တက်ရောက် လျက် အမှာစကားအသီးသီး ပြောကြားခဲ့ကြသည်။ ၎င်းအစီအစဉ်အပြီးတွင် CII က သတင်းထုတ်ပြန်ရာ၌ မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူးက လယ်ယာစိုက်ပျိုးရေး၊ စားသောက်ကုန်ပြုပြင်ထုတ်လုပ်မှု၊ E-commerce နှင့် ဒီဂျစ်တယ်စနစ်ဖော်‌ဆောင်မှု လုပ်ငန်းကဏ္ဍများတွင် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုခဲ့ပြီး RCEP အစီအစဉ် အား ဖော်ဆောင်ရာတွင် ညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းစဉ်များ၌ အိန္ဒိယနိုင်ငံမှ ပြန်လည်ပါဝင်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ရေးသားဖော်ပြပါသည်။

CII ၏ သတင်းထုတ်ပြန်ချက်အရ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အိန္ဒိယနှင့် နှစ်နိုင်ငံ ကုန်သွယ်မှုသဘောတူညီချက် လက်မှတ်ရေးထိုး ဆောင်ရွက်ရန်ဆန္ဒရှိကြောင်း၊  မလေးရှားနိုင်ငံက E-commerce နှင့် ဒီဂျစ်တယ်စီးပွားရေးစနစ်၊ စားသောက်ကုန်ထုတ်လုပ်မှုနှင့် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်လုပ်ငန်းကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် အဆိုပြုကြောင်း၊  ဖိလစ်ပိုင်နိုင်ငံက သယ်ယူပို့ဆောင် ရေး အခြေခံအဆောက်အအုံ၊ အကြီးစားစက်မှုလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်မှုနှင့် အင်တာနက်ကွန်ယက်စနစ်ဖြင့် ပညာသင်ကြားမှုကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရန်အဆိုပြုပြီး အိန္ဒိယနိုင်ငံနှင့် ကုန်သွယ် မှုသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်မည့် နယ်ပယ်များကို လေ့လာဆောင်ရွက်လိုကြောင်း၊ ဖီဂျီနိုင်ငံအနေဖြင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက် နည်းပညာဝန်ဆောင်မှုဗဟိုဌာန တည်ထောင်လုပ်ဆောင်မှုတွင် ဒေသတွင်းနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများပူး‌ပေါင်းပါဝင်ရန် ဖိတ်ခေါ်လိုကြောင်းဖြင့် သက်ဆိုင်ရာနိုင်ငံများမှ ဒုတိယဝန်ကြီးများက ထုတ်ဖော်ဆွေးနွေးပြောကြားခဲ့ကြသည် ဟု သိရှိရသည်။

ဆွေးနွေးပွဲနောက်ပိုင်း၌ အိန္ဒိယ ဒုတိယဝန်ကြီး Mr. Hardeep Singh Puri က ၎င်း၏ တွစ်တာအင်တာနက်စာမျက်နှာတွင် Covid-19 ကပ်ရောဂါသည် ၎င်းတို့၏ ကုန်ထုတ်လုပ်ငန်း သွင်းအားစုဆိုင်ရာ မဟာဗျူဟာများအား ပြောင်းလဲဆောင်ရွက်ရန် ပြန်လည်စဉ်းစားရှုမြင်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ကျန်းမာရေး၊ ဆေးဝါးနှင့် သိပ္ပံပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုနယ်ပယ်၌ ဒေသတွင်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရမည့် အချိန်ကျရောက်နေပြီဖြစ် ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ပြန်လည်စုဖွဲ့မှု၊ သွင်းအားစုကွင်းဆက် ဖြန့်ကျက်မှု၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများအား လုပ်ဆောင်ရ မည့် အချိန်အခါလည်းဖြစ်ကြောင်း၊ ဝန်ဆောင်မှုကဏ္ဍ ဦးဆောင်သည့် စီးပွားရေးစနစ်ကို ဖော်ဆောင်လျက်ရှိရာတွင် အိန္ဒိယနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက် ရန်အတွက် အခြေခံအရင်းအမြစ်များ ရှိနှင့်ပြီး ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါသည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ စာရင်းများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာငွေ တန်ဖိုးအားဖြင့် ပို့ကုန်၌ ၃၁.၄၉၃ ဘီလီယံနှင့် သွင်းကုန်တွင် ၅၅.၃၇ ဘီလီယံရှိပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှအပ ကျန်နိုင်ငံများနှင့် ကုန်သွယ်ရာ၌ ကုန်သွယ်မှုလိုငွေဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိရ သည်။ သို့ဖြစ်ရာ နိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် အစဉ်တစိုက် လိုငွေပြလျက်ရှိသော အိန္ဒိယနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ချုပ်ဆိုထားရှိသည့် အချို့သော လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်များ ကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် လိုလားလျက်ရှိပြီး အာဆီယံ - အိန္ဒိယ FTA သည်လည်း ပါဝင်လျက်ရှိသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. India-ASEAN Free Trade Agreement review can double bilateral trade: Hardeep Puri, 4 Aug 2020, Economic Times

                   2. Diversification in supply chains will be key in post-COVID order: Hardeep Singh Puri, 5 Aug 2020, Economic Times

                   3. India to Deepen its Engagement and Strengthen its Ties with the Indo-ASEAN-Oceanic Region: Hardeep Puri, 4 Aug 2020, Media Releases of Confederation of Indian Industry (CII)

Category: India (Delhi)