India (Delhi)

အိန္ဒိယနိုင်ငံရှိ ပြည်နယ်အချို့၌ ရေကြီးမှုများကြောင့် သီးနှံစိုက်ခင်းများ ထိခိုက်ဖွယ်ရှိခြင်း

Last Updated:

အိန္ဒိယနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း နိုင်ငံတစ်ဝန်းလုံး၌ မိုးရွာသွန်းမှုအားကောင်းခဲ့ရာ ပုံမှန်ပျမ်းမျှမိုးရေချိန်ထက် ၂၇% ပိုမိုလျက် နှစ်ပေါင်း ၄၄ နှစ်အတွင်း ဩဂုတ်လ၏ မိုးရေချိန်အများဆုံးရရှိသည့်ကာလအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း အိန္ဒိယ မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ ထိုကဲ့သို့ မိုးရေချိန်ပိုမိုရရှိမှုနှင့်အတူ နိုင်ငံ၏အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသ ရှိ ဂူဂျရတ်၊ မဟာရတ္ထ၊ ရာဂျပ်စတန်၊ မဒ္ဒရာပရာဒေ့ရှ်၊ ကာနာတကာ စသည့် ပြည်နယ်များ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ မိုးသီးနှံစိုက်ခင်းအချို့မှာ ထိခိုက်ပျက်စီးနိုင် ဖွယ်ရာရှိကြောင်း အိန္ဒိယသတင်းဌာနများက ဖော်ပြကြပါသည်။

ဩဂုတ်လကုန်ပိုင်း ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များ၌ မိုးရွာသွန်းမှုအားကောင်းခဲ့ခြင်းကြောင့် မဟာရတ္ထပြည်နယ် Vidarbha ဒေသ အရှေ့ပိုင်း၊ Nagpur နယ်မြေရှိ ခရိုင် ၆ ခုတွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့ရာ ပဲပုတ်စိုက်ခင်းပေါင်း ဟက်တာ ၇၀၀၀၀ မှ ၇၅၀၀၀ အထိ ထိခိုက်ဖွယ်ရှိကြောင်း၊ ၎င်းနယ်မြေရှိ ခရိုင် ၃ ခုမှ သီးနှံစိုက်ခင်းများ ပျက်စီးမှုရှိသည်ဟု သတင်းပို့ခဲ့ကြကြောင်း၊ အလားတူ Vidarbha ဒေသအနောက်ပိုင်း၊ Amravati နယ်မြေရှိ ခရိုင် ၂ ခုတွင်လည်း ပဲတီစိမ်းနှင့် မတ်ပဲစိုက်ခင်းများ ရေနစ်မြုပ်မှုကြောင့် သီးနှံစိုက်ဧရိယာ ဟက်တာ ၂၀၀၀၀ ကျော် ထိခိုက်ပျက်စီးနိုင်ဖွယ်ရှိကြောင်း၊ ၎င်းဒေသများ၌ စပါးနှင့် ဝါစိုက်ခင်းများမှာ ထိခိုက်မှု မရှိဟု သိရှိရပြီး သက်ဆိုင်ရာအာဏာပိုင်များက အသေးစိတ်စာရင်းအချက်အလက်များ ကောက်ယူပြုစုလျက်ရှိကြောင်း၊ Vidarbha ဒေသ၌ ယခုနှစ်တွင် ပဲပုတ်စိုက်ဧရိယာ ဟက်တာ ၁၄ သိန်း၊ မတ်ပဲ ဟက်တာ ၄ သိန်းနှင့် ပဲတီစိမ်း ဟက်တာ ၃ သိန်း ခန့်စိုက်ပျိုးထားရှိရာ မိုးဆက်လက်အားကောင်းနေပါက ပဲပုတ်စိုက်ခင်းများထိခိုက်မှုမှာ ပိုမိုလာနိုင်ဖွယ်ရှိကြောင်းဖြင့် စိုက်ပျိုးရေး ဌာနမှ အဆင့် မြင့်အရာရှိ တစ်ဦး၏ပြောကြားမှုကို Times of India သတင်းဌာနက ရေးသားဖော်ပြပါသည်။

ကာနာတကာပြည်နယ်တွင် ပဲတီစိမ်းများ စတင်ရိတ်သိမ်းလျက်ရှိရာ ဩဂုတ်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုက တောင်သူ များအတွက် ရိတ်သိမ်းမှုနှင့် အခြောက်ခံမှု အခက်အခဲဖြစ်ပေါ်စေလျက်ရှိကြောင်း၊ ပဲတီစိမ်းများ၌ အစိုဓာတ်ပါဝင်မှု ၁၇% မှ ၂၅% အထိရှိပြီး အရည်အသွေးထိခိုက်မှုများရှိသဖြင့် ပဲရောင်းဝယ်သူလုပ်ငန်းရှင်များက ဝယ်ယူလိုခြင်းမရှိကြောင်း၊ ၎င်းဒေသတွင်းရှိ ကုန်စည်ဒိုင်များတွင် ပဲတီစိမ်းအသစ် ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ငွေ ၄၀၀၀ မှ ၇၀၀၀ အတွင်း ဈေးနှုန်းဖြင့်သာ ဝယ်ယူလျက်ရှိကြရာ တောင်သူများအနေဖြင့် အစိုးရ၏ ဝယ်ယူရေးလုပ်ငန်းများ စတင်ရန် လိုလားလျက်ရှိကြောင်း၊ ကာနာတကာ ပြည်နယ်၌ မိုးပဲတီစိမ်းအား ယခင်နှစ်ကထက် ၅၀% ခန့်ပိုမိုလျက် ယခုနှစ်တွင် ဟက်တာ ၃.၈၅ သိန်းအထိ တိုးမြှင့်စိုက်ပျိုးထား ကြောင်း The Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။ ၂၀၂၀-၂၁ ခုနှစ် မိုးသီးနှံရာသီ၌ စိုက်ပျိုးထွက်ရှိသည့် သီးနှံများအတွက် အထောက်အပံ့ပြုသည့်အနေဖြင့် အနိမ့်ဆုံးဈေးနှုန်းပေး၍ဝယ်ယူမည့် အခြေခံရည်ညွှန်းဈေးနှုန်းများအား ၁.၆.၂၀၂၀ နေ့၌ အိန္ဒိယ အစိုးရကထုတ်ပြန်ခဲ့ရာ ပဲတီစိမ်း ၁ ကွင်တယ်လျှင် ၇၁၉၆ ရူပီးနှုန်း သတ်မှတ်ထားပါသည်။

ဂူဂျရတ်ပြည်နယ်၌ စိုက်ပျိုးထားသည့် မိုးသီးနှံဧရိယာ ဟက်တာ စုစုပေါင်း ၈၄.၅ သိန်း၏ ၉% ခန့်မှာ မိုးသည်းထန်စွာ ရွာသွန်း မှုနှင့် ရေကြီးမှုများကြောင့် ထိခိုက်ဖွယ်ရှိကြောင်း ပြည်နယ်စိုက်ပျိုးရေးဌာနက ခန့်မှန်းလျက်ရှိသည်။ အထူးသဖြင့် ပြည်နယ် အတွင်း သီးနှံစိုက်ခင်းများ ထိ ခိုက်မှု၏ ၇၅% ခန့်သည် Saurashtra ဒေသတွင် ဖြစ်ပေါ်ခဲ့ကြောင်း၊ မြေပဲနှင့် ဝါ စိုက်ခင်းများ အဓိကပျက်စီးမှုရှိပြီး နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် မတ်ပဲ စိုက်ခင်းများလည်းပါဝင်ကြောင်း Times of India သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။

အလားတူ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းလျက် ရေကြီးမှုများကြောင့် ခရိုင် ၁၄ ခုရှိ မိုးသီးနှံစိုက် ဧရိယာ ဟက်တာ ၇ သိန်းခန့်မှာ ထိခိုက်ပျက်စီးဖွယ်ရှိသည်ဟု ၎င်းပြည်နယ်၏ ဝန်ကြီးချုပ် Mr. Shivraj Singh Chouhan က ၃၁.၈.၂၀၂၀ နေ့တွင် ထုတ်ဖော် ပြောကြားခဲ့ကြောင်း၊ ပဲပုတ်သီးနှံမှာ ရေကြီးမှုအပြင် ပင်စည်ထိုးယင်ကောင် ကျရောက်မှုကြောင့် ပျက်စီးမှုပိုမိုများပြားကြောင်း၊ မြေပဲ၊ ဝါ၊ မတ်ပဲနှင့် ပဲတီစိမ်း သီးနှံစိုက်ခင်းများသည်လည်း ရေကြီး မှုကြောင့် ထိခိုက်မှုရှိကြောင်း သိရှိရသည်။ ၎င်းပြည်နယ်၏ ယခုနှစ်မိုးရာသီ ဆီထွက်သီးနှံထုတ်လုပ်မှုမှာ ၁၀% မှ ၁၂% အထိ လျော့ကျဖွယ်ရှိသည်ဟု အိန္ဒိယ ဆီကြိတ်စက်လုပ်ငန်းရှင်များ အသင်းနှင့် ပဲပုတ်စေ့လုပ်ငန်းရှင်များအသင်းတို့က ခန့်မှန်းလျက်ရှိကြောင်း၊ ရေကြီးမှုကြောင့် ပဲတီ စိမ်းနှင့် မတ်ပဲစိုက်ခင်းများ ထိခိုက်ပျက်စီးမှုနှင့်အတူ ပြည်တွင်းသို့ မတ်ပဲတင်သွင်းမှုအား ဩဂုတ်လ ၃၁ ရက်နေ့ နောက်ပိုင်း ကာလအထိ အချိန်တိုးမြှင့်ပေးရန် အိန္ဒိယအစိုးရ၏ ငြင်းဆန် နေခြင်းက မတ်ပဲဈေးနှုန်းအား ၈% မှ ၁၀% အထိလည်းကောင်း၊ ပဲတီစိမ်းဈေးနှုန်းအား ၅% မှ ၆% အထိလည်းကောင်း မြင့်တက်စေခဲ့သည်ဟု အိန္ဒိယပဲခွဲစက်လုပ်ငန်းရှင်များအသင်းက ပြော ဆိုကြောင်း Economic Times သတင်းဌာနက ဖော်ပြပါသည်။

အိန္ဒိယနိုင်ငံ ကောက်ပဲသီးနှံ သိုလှောင်ထိန်းသိမ်း‌ရေး ကော်ပိုရေးရှင်း (National Bulk Handling Corporation) ၏ သုတေသန ဌာနအကြီးအကဲ Mr. Hanish Kumar Sinha က ယခုနှစ် မိုးရာသီကာလ၌ ဧရိယာတိုးတက်စိုက်ပျိုးနိုင်သော်လည်း မိုးသည်းထန် စွာရွာသွန်းမှုက ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ ပိုမိုထုတ်လုပ်ရရှိနိုင်မှုကို အဟန့်အတားဖြစ်စေကြောင်း၊ လက်ရှိအခြေအနေအရ မိုးသီးနှံ ပဲပုတ်စေ့ထုတ်လုပ်နိုင်မှုမှာ ၁၅% မှ ၂၀% အထိ လျော့ကျဖွယ်ရှိပြီး စက်တင်ဘာလအတွင်း မိုးရွာသွန်းမှု ဆက်လက်အား ကောင်းခဲ့ပါက ထို့ထက်ပိုမိုနိုင်‌ကြောင်း ပြောဆိုပါသည်။ ထို့အတူ မြေပဲစိုက်ပျိုးသည့်ဒေသများ၌ ရေကြီးမှုများက မိုးသီးနှံမြေပဲ ထုတ်လုပ်မှုအား ၁၀% အထိ လျော့ကျစေနိုင်ကြောင်း စားသုံးဆီလုပ်ငန်းနယ်ပယ်မှ ပညာရှင် Mr. Govindbhai Patel က The Hindu Business Line သတင်းဌာနသို့ ပြောကြားပါသည်။

အန္တရာပရာဒေ့ရှ်၊ တဲလန်ဂါနာ၊ ဘီဟာ၊ ဩရိသျှ စသည့် ပြည်နယ်များတွင်လည်း ရေကြီး ရေလျှံမှုများကြောင့် စပါးနှင့် အခြားသီးနှံ စိုက်ခင်းများ ထိခိုက်မှုရှိနိုင်ကြောင်း၊ ရေကြီးနစ်မြုပ်နေမှုများ ကျဆင်းသွားချိန်မှသာ  သီးနှံစိုက်ခင်းများ ထိခိုက်မှုစုစုပေါင်း ပမာဏကို စာရင်းကောက်ယူ မှန်းဆနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Rains to impact pulses’ crop in Vidarbha region, 31 Aug 2020, Times of India

2. Crops in 7 lakh hectare area of MP damaged by rain, flood, 13 Aug 2020, Outlook India

3. Crop damage likely across 8L ha - Ahmedabad News, 2 Sept 2020, Times of India

4. Rains impact moong harvest in Karnataka, 24 Aug 2020, The Hindu Business Line

5. Excessive rains raising fears of floods and pest attack, likely to affect crop output, 28 Aug 2020, Economic Times

6. MP soybean output might drop 10-12% due to pest attack, 26 Aug 2020, Business Standard

7. Heavy rains cloud kharif oilseed crop prospects in Central India, 1 Sept 2020, The Hindu Business Line

8. Farmers Reeling from Crop Losses Due to Floods Across India, 31 Aug 2020, www.grainmart.in

Category: India (Delhi)