India (Delhi)

အိန္ဒိယနိုင်ငံ၌ ယခုနှစ်မိုးသီးနှံ ပဲမျိုးစုံအား ယခင်နှစ်ထက် ၁၆၂ ရာခိုင်နှုန်းကျော် ပိုမိုစိုက်ပျိုးပြီးစီးခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၊ မိုးလေဝသဌာနမှ ဇူလိုင်လဒုတိယပတ်အတွက် မိုးလေဝသအခြေအနေ ခန့်မှန်းချက်နှင့်အတူ  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း သီးနှံစိုက်ပျိုးပြီးစီးမှု အခြေအနေကို ထုတ်ပြန်ခဲ့ရာတွင် ၁၀-၇-၂၀၂၀ နေ့အထိ အိန္ဒိယနိုင်ငံတစ်ဝန်း၌ မိုးသီးနှံစုစုပေါင်း စိုက်ပျိုးပြီးစီးမှုမှာ ဧရိယာဟက်တာ ၅၈၀ သိန်းကျော်ရှိပြီး ယခင်နှစ်အလားတူကာလထက် ၄၄% ပိုမိုစိုက်ပျိုးပြီးဖြစ်ကြောင်းသိရှိရပါသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အိန္ဒိယ စိုက်ပျိုးရေး၊ သမဝါယမနှင့် တောင်သူလယ်သမားများ ဖူလုံရေးဦးစီးဌာနရှိ ကောက်ပဲသီးနှံနှင့် ရာသီဥတုစောင့်ကြည့်လေ့လာရေးအဖွဲ့ (Crop Weather Watch Group) ၏စာရင်းများအရ ယခုနှစ်မိုးရာသီ၌ ၁၀-၇-၂၀၂၀ နေ့အထိ စပါးစိုက်ဧရိယာဟက်တာ ၁၂၁ သိန်းခန့်စိုက်ပျိုးထားပြီးဖြစ်ရာ ယခင်နှစ်ကာလတူထက် ၂၆% ပိုမိုလျက်ရှိကြောင်း၊ အခြားနှံစားသီးနှံ များမှာ ၂၉.၆% ခန့်ပိုမိုပြီး ဟက်တာ ၉၃ သိန်းကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း၊ မိုးသီးနှံပဲမျိုးစုံအား ယခင်နှစ်ကာလတူထက် ၁၆၂% ကျော်ပိုမိုလျက် ဧရိယာဟက်တာပေါင်း ၆၄ သိန်းကျော် စိုက်ပျိုးထား နိုင်ကြောင်း၊ အလားတူ ဆီထွက်သီးနှံများကိုလည်း ၈၅% ပိုမို၍ ဟက်တာ ၁၃၉ သိန်းအထိ စိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ မုတ်သုံရာသီကာလ မိုးရွာသွန်းမှု ကောင်းစွာရရှိခြင်းက ထိုကဲ့သို့ သီးနှံများအား ယခင် နှစ်ကာလတူထက် ပိုမိုဆောလျင်စွာ စိုက်ပျိုးနိုင်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

မိုးသီးနှံ ပဲမျိုးစုံစိုက်ပျိုးမှုအနက် အဓိကပါဝင်သည့် ပဲစင်းငုံအား ဧရိယာဟက်တာ ၂၆.၁၈ သိန်း စိုက်ပျိုးထားပြီးဖြစ်ရာ ယခင်နှစ်ကာလတူ၌ စိုက်ပျိုးနိုင်ခဲ့သော ဟက်တာ ၈.၇၅ သိန်း အပေါ်တွင် ၁၉၉% အထိ ပိုမိုစိုက်ပျိုးပြီးစီးကြောင်း တွေ့ရှိရပါသည်။ ထို့အတူ ယခုနှစ် မိုးရာသီ မတ်ပဲစိုက်ပျိုးပြီးစီးမှုဧရိယာမှာလည်း ဟက်တာ ၁၉.၇၉ သိန်းဖြစ်ရာ ယခင်နှစ်အလားတူကာလ စိုက်ပျိုးနိုင်မှု ဟက်တာ ၇.၀၉ သိန်းအပေါ် ၁၇၉% ပိုမိုစိုက်ပြီးကြောင်း တွေ့ရှိရသည်။ မိုးပဲတီစိမ်းစိုက်ပျိုးမှုမှာ ဟက်တာ ၁၅.၁၆ သိန်းရှိရာ ယခင်နှစ်ကာလတူထက် ၁၄၇% ခန့် ပိုမို စိုက်ပျိုးပြီးဖြစ်သည်။

အိန္ဒိယနိုင်ငံရှိ သီးနှံစိုက်ဧရိယာ စုစုပေါင်း၏ တစ်ဝက်နီးပါးခန့်သည် ဆည်ရေရရှိခြင်းမရှိပဲ မိုးရေရရှိနိုင်မှုအပေါ် အမှီပြုလျက်ရှိရာ မိုးရွာသွန်းမှုအခြေအနေအရ နှစ်စဉ် ဇူလိုင်လကုန်ပိုင်းခန့်အထိ စိုက်ပျိုးမှု ကြာမြင့်လေ့ရှိသည်။ အိန္ဒိယမိုးလေဝသဌာန၏ ဖော်ပြချက်အရ ယခုနှစ်ဇွန်လ ၁ ရက်နေ့မှစတင်၍ ဇူလိုင်လ ၈ ရက်နေ့အထိ မိုးဦးကောင်းမွန်မှုရှိပြီး ပျမ်းမျှမိုးရေချိန် ၂၃၄.၅ မီလီမီတာထက် ၁၃% ပိုမို လျက် ၂၆၅.၃ မီလီမီတာရရှိခဲ့ကြောင်း သိရှိရသည်။ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက အထက်ဖော်ပြပါ မိုးသီးနှံစိုက်ပျိုးပြီးစီးမှုစာရင်းများမှာ ကနဦးပြုစုရရှိမှုဖြစ်ပြီး ပိုမိုတိကျသည့် စာရင်းရရှိမှုအပေါ် မူတည်၍ ပြောင်းလဲနိုင်ကြောင်း ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. After vigorous monsoon rains, crop planting gathers pace in India, 11 Jul 2020, Hindustan Times

                   2. Kharif Acreage Extends Further, Sharp Spurt In Area Under Pulses, 13 Jul 2020, Business Standard

                   3. All India weather summary and forecast bulletin, 10 Jul 2020, India Meterological Department

Category: India (Delhi)