India (Delhi)

အိန္ဒိယနိုင်ငံ၌ ကလေးကစားစရာပစ္စည်းများအား အရည်အသွေးစစ်ဆေးပြီးမှသာ တင်သွင်းခွင့်ပြုမည်

Last Updated:

အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်မှုလုပ်ငန်းမြှင့်တင်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဦးစီးဌာန (DPIIT) က ၂၅.၂.၂၀၂၀ နေ့၌ ထုတ်ပြန်ခဲ့သော ကစားစရာ ပစ္စည်းများ အရည်အသွေးထိန်းချုပ်မှုဆိုင်ရာ အမိန့်သည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်အာဏာသက်ရောက်မည်ဖြစ်ရာ ၎င်းနေ့ရက်မှစတင်၍ အိန္ဒိယနိုင်ငံ၏ မဖြစ်မနေ လိုက်နာ ရမည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့်ကစားစရာပစ္စည်းများသည်သာ ပြည်တွင်းသို့ တင်သွင်းခွင့်ရရှိတော့ မည်ဖြစ်ပါသည်။

၂၁.၈.၂၀၂၀ နေ့တွင် သတင်းဌာနများနှင့်တွေ့ဆုံရာ၌ အိန္ဒိယစားသုံးသူရေးရာ၊ အစားအစာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီး Mr. Ram Vilas Paswan က ပြည်တွင်းသို့ ကလေးကစားစရာပစ္စည်းများ တင်သွင်းမှုနှင့်ပတ်သက်၍ မဖြစ်မနေလိုက်နာရမည့် အရည်အသွေးထိန်းချုပ်မှု စံသတ်မှတ်ချက်များ (mandatory quality control standard) အား ပြဌာန်းထားရှိပြီးဖြစ်ကြောင်း၊ အိန္ဒိယ စံချိန်စံညွှန်း များဗျူရို (BIS) သည် အဓိကဆိပ်ကမ်းများ၌ ပြည်တွင်းသို့တင်သွင်းသည့် ကလေးကစားစရာပစ္စည်းများအပေါ် နမူနာကောက်ယူမှုနှင့် အရည်အသွေးစမ်းသပ်စစ်ဆေးမှုများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အစိုးရသည် စတီးလ်ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ အီလက်ထရွန်းနစ်ကုန်ပစ္စည်းများ၊ အကြီးစားစက်မှုထုတ်ကုန်များနှင့် ထုတ်ပိုးပြုပြင်ထားသည့် စားသောက်ကုန်များ၏ မဖြစ်မနေလိုက်နာရ မည့် အရည်အသွေးစံသတ်မှတ်ချက်များကိုလည်း ပြုစုရေးဆွဲလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

DPIIT က ထုတ်ပြန်ထားသည့် အထက်ဖော်ပြပါ အရည်အသွေးထိန်းချုပ်မှုအမိန့်အရ အသက် ၁၄ နှစ်အောက် ကလေးများအတွက် ကစားစရာပစ္စည်းများအား ပြည်တွင်း၌ထုတ်လုပ်ခြင်း၊ ပြည်ပမှ တင်သွင်းခြင်းများပြုရာတွင် မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်း (၇) ချက်ကို သတ်မှတ်ထားပါသည်။ ယေဘုယျအားဖြင့် ကလေးကစားစရာပစ္စည်းများကို လျှပ်စစ်ဓာတ်အား အသုံးပြုရသော အုပ်စုနှင့် အသုံးမပြုသောအုပ်စုဟူ၍ အရည်အသွေးပိုင်းဆိုင်ရာ စံသတ်မှတ်ထားခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံအတွင်း ဖြန့်ဖြူးရောင်းချနိုင်ရန်အတွက် ပြည်တွင်း/ ပြည်ပမှ ကုန်ပစ္စည်းထုတ်လုပ်သူများအနေဖြင့် အိန္ဒိယ စံချိန်စံညွှန်းများဗျူရိုတွင် ကုန်စည်အမျိုးအစားအလိုက် မှတ်ပုံတင်ခြင်း အိန္ဒိယစံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိကြောင်း ဖော်ပြသည့် ISI အမှတ်တံဆိပ်အား ရိုက်နှိပ်သုံးစွဲခွင့်ရရှိရန် လိုင်စင်လျှောက်ထားရယူ ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။

အိန္ဒိယစံချိန်စံညွှန်းများဗျူရို၏ ညွှန်ကြားရေးမှူးချုပ် Mr. Pramod Kumar Tiwari က ၎င်းတို့အနေဖြင့် ကလေးကစားစရာပစ္စည်းများ၏ အရည်အသွေးစံသတ်မှတ်ချက် ကိုက်ညီမှုရှိ/ မရှိကို လုပ်ငန်း အဆင့်နှစ်ရပ်ဖြင့် ဆောင်ရွက်ကြောင်း၊ ပထမအဆင့်သည် ၎င်းပစ္စည်းများအား ထုတ်လုပ်သည့်စက်ရုံနေရာသို့ မျက်မြင်သွားရောက်စစ်ဆေးခြင်းဖြစ်ပြီး ဒုတိယအဆင့်မှာ အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်း၌တင် သွင်းလာသည့် ကုန်စည်များအနက်မှ အချို့ကို နမူနာကောက်ယူ၍ စစ်ဆေးခြင်းဖြစ်ကြောင်း၊ သို့ရာတွင် တင်သွင်းလာသည့် ကုန်စည်များအား ဆိပ်ကမ်း၌ တားဆီးပိတ်ပင်ခြင်း ပြုမည်မဟုတ်ကြောင်း၊ လက်ရှိကာလ၌ BIS သည် အခြားသော မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်းပေါင်း ၂၆၈ ခုကို ပြုစုရေးဆွဲလျက်ရှိကြောင်း ပြောဆိုပါသည်။

အရေးကြီးကုန်စည်အုပ်စုစာရင်းမဝင်သော ကုန်ပစ္စည်းများနှင့် အရည်အသွေးနိမ့်ကျသည့် ကုန်စည်များအား ပြည်တွင်းသို့တင်သွင်းခြင်းမပြုစေရေးအတွက် အိန္ဒိယအစိုးရသည် ကုန်စည်အမျိုးအမည် ပေါင်း ၃၇၁ ခု၏ အရည်အသွေးဆိုင်ရာ အရည်အသွေး စံသတ်မှတ်ချက်များကို ပြဌာန်းနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း Economic Times သတင်းဌာနမှ ဖော်ပြပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. From September 1, entry of imported toys in India only after quality testing, 21 Aug 2020, Economic Times

                   2. Order No. S.O. 853 (E) dated 25th February 2020 of Department for Promotion of Industry and Internal Trade of India

Category: India (Delhi)