India (Delhi)

အိန္ဒိယနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မူဝါဒအား ပြင်ဆင်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ စက်မှုလုပ်ငန်းမြှင့်တင်ရေးနှင့် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန (DPIIT) သည် ၂၈.၈.၂၀၁၇ နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုမူဝါဒ (၂၀၁၇) တွင်ပါရှိသော ရင်းနှီးမြှုပ်နှံခွင့်ရှိသူဆိုင်ရာ သတ်မှတ်ချက်အချို့အား ပြောင်းလဲပြင်ဆင်ကျင့်သုံးမည်ဖြစ်ကြောင်း ၁၈.၄.၂၀၂၀ နေ့၌ သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုမူဝါဒ၏ အခန်း(၃) ၌ ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့မှ နိုင်ငံသား သို့မဟုတ် ၎င်းနိုင်ငံများ၌ အခြေစိုက်၍ လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/ လုပ်ငန်းအဖွဲ့အစည်း တစ်ရပ်အနေဖြင့် အိန္ဒိယနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက် ခြင်းကို အိန္ဒိယအစိုးရ၏ သတ်မှတ်လမ်းကြောင်းအတိုင်းသာ ကန့်သတ်ထားခြင်း မရှိသော လုပ်ငန်းနယ်ပယ်များ၌ ခွင့်ပြုမိန့်ရယူ လုပ်ဆောင်နိုင်ခွင့်ရှိကြောင်း ဖော်ပြထားပါသည်။

ယခု DPIIT ဌာနမှ သတင်းထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံနှင့် ကုန်းမြေနယ်နိမိတ် ထိစပ်လျက်ရှိသောနိုင်ငံများမှ နိုင်ငံသားများသို့မဟုတ် ၎င်းနိုင်ငံ များ၌ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် အိန္ဒိယနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်ခြင်းကို အိန္ဒိယအစိုးရ၏ သတ်မှတ်လမ်းကြောင်းအတိုင်းသာ ကန့်သတ်ထားခြင်းမရှိသော လုပ်ငန်းနယ်ပယ်များ၌ ခွင့်ပြုမိန့်ရယူ လုပ်ဆောင်နိုင်ခွင့်ရှိမည်ဟု ပြင်ဆင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့အပြင် အိန္ဒိယနိုင်ငံရှိ လက်ရှိတည်ရှိဆဲ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ သို့မဟုတ် အနာဂတ်ကာလ၌ ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ ပိုင်ဆိုင်ခွင့်များအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လွှဲပြောင်းခြင်းပြုရာတွင် ယခုပြင်ဆင်ဖော်ပြခဲ့သည့် နိုင်ငံများမှ နိုင်ငံသား သို့မဟုတ် လုပ်ငန်းအဖွဲ့အစည်းတစ်ရပ်ရပ်ထံသို့ လွှဲပြောင်းခြင်းဖြစ်ပါက အစိုးရထံမှ အတည်ပြုချက်ရယူဆောင် ရွက်ရမည်ဖြစ်ကြောင်းကိုလည်း ထပ်မံဖြည့်စွက် ခဲ့ပါသည်။

လက်ရှိကာလတွင် အိန္ဒိယကုမ္ပဏီများစွာ၏ CIVID-19 ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့နေရမှုအပေါ် အခွင့်ကောင်းယူ၍ လုပ်ငန်းများသိမ်းသွင်းရယူခြင်း၊ ပိုင်ဆိုင်မှုများလွှဲပြောင်းရယူခြင်းတို့ကို ထိန်းချုပ်နိုင်ရန်အတွက် အိန္ဒိယအစိုးရအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မူဝါဒ (၂၀၁၇) ကို ပြန်လည်သုံးသပ်ပြင်ဆင်ရခြင်းဖြစ်ကြောင်း၊ ယခုပြင်ဆင်ချက်များသည် နိုင်ငံခြားငွေလဲလှယ်မှုစီမံခန့်ခွဲရေးအက်ဥပဒေ (Foreign Exchange Management Act) အရ အမိန့်ကြော်ငြာစာအား ထုတ်ပြန်သည့် နေ့ရက်မှစတင်၍ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း DPIIT ဌာနက ဖော်ပြပါ သည်။

သို့ဖြစ်ရာ အိန္ဒိယအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒ ပြင်ဆင်ချက်သည် အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ တရုတ်၊ မြန်မာ၊ နီပေါနှင့် ပါကစ္စတန်နိုင်ငံ များမှ ရင်းနှီးမြှုပ်နှံမှုများအပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အိန္ဒိယ၏ ကုန်းမြေနယ်နိမိတ်ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများအနက် တရုတ်နိုင်ငံမှအပ ကျန်နိုင်ငံများမှ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုမှာ လွန်စွာနည်းပါးပြီး ယခုမူဝါဒပြင်ဆင်ချက်မှာ အထူးသဖြင့် ဆယ်စုနှစ် ၂ ခုတာကာလအတွင်း ရင်းနှီး မြှုပ်နှံမှုပမာဏ တိုးတက်များပြားလာသော တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအား ဦးတည်၍ ကန့်သတ်ခြင်းဖြစ်ကြောင်း သိသာထင်ရှားလျက်ရှိသည်။

တရုတ်နိုင်ငံဗဟိုဘဏ် (People's Bank of China) သည် အိန္ဒိယနိုင်ငံရှိ ပုဂ္ဂလိက စီးပွားရေးဘဏ်လုပ်ငန်းတစ်ခုဖြစ်သော HDFC Bank ၏ အစုရှယ်ယာ များတွင် မူလက ၀.၈% ရင်းနှီးမြှုပ်နှံထားရာမှ မကြာသေးမီကာလအတွင်း၌ ရှယ်ယာများပိုမိုဝယ်ယူလျက် ၁.၀၁% (ရူပီး ငွေ ၁၇.၅ သန်း) အထိ တိုးမြှင့် မြှုပ်နှံခဲ့ပါသည်။ ဤအချက်က လတ်တလောကာလ၌ နိုင်ငံ၏ စီးပွားရေး နှေးကွေးကျဆင်းမှုနှင့်အတူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အကျပ် အတည်းများနှင့် ရင်ဆိုင်နေရသည့် မိမိနိုင်ငံအတွင်းရှိ အရေးပါသောလုပ်ငန်းကဏ္ဍအချို့အား တရုတ်ကုမ္ပဏီ များက လွှဲပြောင်းရယူသွားမည်ကို အိန္ဒိယ လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ စိုးရိမ်မှုများအား များပြားလာစေခဲ့သည်။ အိန္ဒိယနိုင်ငံရှိ စက်မှုကုန်ထုတ်လုပ်ငန်းများစွာသည် လိုအပ်သောသွင်းအားစုများအတွက် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ်မှီခိုနေရပြီး ဟိုက်ဒရောဆီကလိုရိုကွင်း (HCQ) ကဲ့သို့သော ဆေးဝါးများအား ကမ္ဘာ့ထိပ်တန်းအဆင့်၌ ရပ်တည်ထုတ်လုပ်ရာ တွင် တရုတ်နိုင်ငံထံမှ Key Starter Materials (KSM) ခေါ် ကနဦးကုန်ကြမ်းများကို အမြောက်အမြားတင်သွင်းနေရသည်။

နယူးဒေလီမြို့ရှိ တရုတ်နိုင်ငံသံရုံးမှ ပြောရေးဆိုခွင့်ရှိသူ Ms. Ji Rong က အိန္ဒိယအစိုးရ၏ ယခုကဲ့သို့ မူဝါဒပြောင်းလဲပြင်ဆင်မှုသည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO) ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့ စေရေးနှင့် ဖြေ‌လျော့မှုပြုရေးဆိုင်ရာ ယေဘုယျသတ်မှတ်ချက်များအား ဆန့်ကျင်လျက် ခွဲခြားဆက်ဆံခြင်းမပြုရေး စည်းကမ်းချက်ကို ဖောက်ဖျက်ရာရောက်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ အိန္ဒိယနိုင်ငံရှိ မိုဘိုင်းဖုန်း၊ လျှပ်စစ်ပစ္စည်းကိရိယာ၊ ယာဉ်စက်ပစ္စည်းနှင့် အခြေခံအဆောက်အုံ စသည့်လုပ်ငန်း နယ်ပယ်များစွာ၌ ဒေါ်လာ ၈ ဘီလီယံ ကျော်အထိ ရင်းနှီးမြှုပ်နှံထားရှိပြီးဖြစ်ရာ အလုပ်အကိုင်များစွာ ရရှိစေပြီး နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းမှုရှိသည့် Win-Win Cooperation ပုံစံဖြင့် လုပ် ကိုင်လျက်ရှိကြောင်းနှင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် စီးပွားရေးကျဆင်းမှုနှင့် ကြုံတွေ့နေရချိန်တွင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းကို ဖန်တီးလျက် ထုတ်လုပ်မှုနှင့် စားသုံးမှုတို့ကို မြှင့်တင်ခြင်းအားအတူပူးပေါင်း ဆောင်ရွက်သင့်ကြောင်း စသည်ဖြင့် ပြောကြား ခဲ့ကြောင်း The Mint သတင်းဌာနမှ ရေးသားဖေါ်ပြချက်အရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         1. China objects to India tweaking FDI rules, says move violates WTO norms, 20 Apr 2020, Live Mint

                   2. S National security in focus as India amends FDI rules, 19 Apr 2020, Economic Times

                   3. Alarmed by Chinese Bank raising stake in HDFC, Centre revises FDI policy, 18 Apr 2020, India Today

                   4. Govt tweaks FDI rules to shield domestic firms, 18 Apr 2020, Hindustan Times

                   5. Press Note No.3(2020 Series) dated 17th April 2020 of Department for Promotion of Industry and Internal Trade, Ministry of Commerce and Industry of India

Category: India (Delhi)