India (Delhi)

အိန္ဒိယနိုင်ငံ၌ ရပ်နားထားရသည့် ပြည်ပပို့ကုန်လုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအား ထိရောက်စွာကာကွယ်ထိန်းချုပ်ရန်အတွက် တစ်နိုင်ငံလုံးရှိ အသွားအလာများကန့်သတ်တားမြစ်ခြင်းကို ရက်သတ္တ သုံးပတ်ကြာ ဆောင်ရွက် ခဲ့ပြီးနောက် ခေတ္တရပ်ဆိုင်းခဲ့ရသည့်  အဓိကလယ်ယာထွက်ကုန်များ ပြည်ပတင်ပို့ခြင်းကို ဧပြီလ တတိယပတ်၌ ပြန်လည်စတင်ခဲ့ပါသည်။

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနရှိ စိုက်ပျိုးရေး၊ သမဝါယမနှင့် တောင်သူလယ်သမားများ ဖူလုံရေးဦးစီးဌာနက ၁၅.၄.၂၀၂၀ နေ့၌ သတင်းထုတ်ပြန်ရာတွင် အဓိက ပို့ကုန်များဖြစ်သော ဆန်၊ မြေပဲ၊ ပြုပြင်ပြီးစားသောက်ကုန်၊ အေးခဲအသား၊ နို့ထွက်ပစ္စည်းနှင့် အော်ဂဲနစ်ထွက်ကုန်များအား ပြည်ပတင်ပို့ခြင်းကို ပြန်လည်လုပ်ဆောင်လျက်ရှိပြီဖြစ်ကြောင်း၊ အစိုးရအဖွဲ့အစည်းများ အချင်းချင်း သဘောတူညီချက်များအရ အိန္ဒိယအစိုးရ၏ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းဖြစ်သော NAFED သည် အာဖဂန်နစ္စတန်နိုင်ငံ သို့ ဂျုံတန်ချိန် ၅ သောင်းနှင့် လက်ဘနွန်နိုင်ငံသို့ ဂျုံတန်ချိန် ၄ သောင်းတင်ပို့မှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုလွယ်ကူစေရန်အတွက် အပင်နှင့် တိရစ္ဆာန်များ ရောဂါကင်းစင်မှု နှင့် ကျန်းမာသန့်ရှင်းမှုဆိုင်ရာ ထောက်ခံချက်လက်မှတ်များ (Phyto-sanitary Certificate) အား သွင်းကုန်အတွက် အီလက်ထရွန်းနစ်မိတ္တူ (Digital copies) များကို လက်ခံဆောင်ရွက်လျက်ရှိသကဲ့သို့ ပို့ကုန်အတွက်လည်း  Phyto-sanitary Certificate  စောင်ရေ ၉၇၅၉ ခုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ပြည်တွင်း၌ ကုန်စည်ပို့ဆောင်မှုများအတွက် ရထားပို့ဆောင်ရေး ခရီးစဉ် ၆၇ ခုတွင် ပါဆယ်အထူးရထား ၂၃၆ စင်းအား စီစဉ်ပြေးဆွဲပေးလျက်ရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

အိန္ဒိယသတင်းမီဒီယာများက ရေးသားဖော်ပြမှုများအရ Lockdown ကာလအား မေလ ၃ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ထားသော်လည်း အိန္ဒိယမှ ဆန်တင်ပို့သူ ကုန်သည်များအနေဖြင့် မေလနှင့် ဇွန်လတို့၌ ပြည်ပသို့ဆန်တင်ပို့ရေး အရောင်းအဝယ် စာချုပ် ချုပ်ဆိုမှုများ ဆောင်ရွက်လာကြကြောင်း၊ ကုန်သည်အချို့သည် မတ်လနှင့် ဧပြီလတို့တွင် တင်ပို့ရမည့်စာချုပ်များအရ လက်ရှိကာလ၌ လမ်းခုလတ်တွင်ကျန်ရှိနေသည့် လက်ကျန်ဆန်များ ဆက်လက်တင်ပို့နိုင်ရေး လုပ်ကိုင်လျက်ရှိကြောင်း၊  ဆန်ကုန်သည်များ၏အဆိုအရ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘီနင်၊ ဆီနီဂေါ စသည်နိုင်ငံများသို့ ဘာစမာတီမဟုတ်သော ဆန်တန်ချိန် ၄ သိန်းနှင့် ဆော်ဒီအာရေဘီးယား၊ အီရန်နှင့် အီရတ် နိုင်ငံများသို့ ပရီမီယံဘာစမာတီဆန် တန်ချိန် ၁ သိန်း တင်ပို့ရန်ကျန် ရှိကြောင်း၊ ယခုနှစ်တွင် အီရတ်နှင့် ဆော်ဒီအာရေဘီးယား တို့ရှိ ဝယ်လက်များထံမှ ဝယ်လိုအားမြင့်တက်ခဲ့ရာ ၂၀% မှ ၃၀% အထိ တိုးမြှင့်တင်ပို့ရဖွယ်ရှိကြောင်း၊ သို့ရာတွင် သယ်ယူပို့ဆောင်မှုစရိတ်များ ယခင်ထက် ၃၀% ခန့် ပိုမိုမြင့်တက်လာမှုက ပို့ကုန်လုပ်ငန်းရှင်များအဖို့ စိတ်မသက်သာဖွယ်ဖြစ်စေကြောင်း၊ လုပ်သားအင်အားပြတ်လပ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးစနစ် ပုံပျက်ယွင်းမှုများကြောင့် အိန္ဒိယ၏ ဆန်တင်ပို့မှုလုပ်ငန်းအား ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေးမှာ ကြန့်ကြာနေဦးမည် ဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယ၏ အေးခဲအမဲသားတင်ပို့မှုလုပ်ငန်းတွင် ပြည်ပမှအမှာစာများကို ပြန်လည်လက်ခံရရှိလာပြီး လုပ်ငန်းများလည်ပတ်လုပ်ကိုင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက် ရှိပါသည်။ အိန္ဒိယ အသားနှင့် မွေးမြူရေး ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ ပြောရေးဆိုခွင့် ရှိသူ Mr. Fauzan Alavi က ရာမာဒန် ဥပုသ်ကာလသည် ဧပြီလ ၂၃ ရက်၌ စတင်မည်ဖြစ်ရာ အီဂျစ်၊ ဆော်ဒီအာရေဘီးယား၊ အင်ဒိုနီးရှား၊ မလေးရှား စသည့်နိုင်ငံများထံမှ အေးခဲကျွဲသားဝယ်လိုအား မြင့်တက်လျက်ရှိပြီး ၎င်းတို့ထံ တင်ပို့ရောင်းချနိုင်မည့် အခြေအနေကို စုံစမ်းမှုများပြုလုပ်လာကြကြောင်း၊ အိန္ဒိယ အေးခဲအသားပို့ကုန်လုပ်ငန်းရှင်အချို့သည် အရောင်းအဝယ်စာချုပ်များ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ အေးခဲအသား ပြုပြင်ထုပ်ပိုးသည့်လုပ်ငန်းအချို့သည် လုပ်ငန်းခွင်သန့်ရှင်းစင်ကြယ်မှုနှင့် လုပ်သားများ၏ ကျန်းမာသန့်ရှင်းရေးဆိုင်ရာ ပြင်ဆင်မှုများ အပါအဝင် ထောက်ပံ့ပို့ဆောင်ရေးနှင့် သွင်းအားစုကွင်းဆက်ဆိုင်ရာလုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းဖြင့် Economic Times သတင်းဌာနသို့ ပြောကြားခဲ့သည်။

အလားတူ ဂူဂျရတ်နှင့် ပန်ဂျပ်ပြည်နယ်များရှိ ဝါဂွမ်းထုတ်လုပ်တင်ပို့သည့် လုပ်ငန်းများ သည်လည်း တရုတ်၊ ဗီယက်နမ်နှင့် ထိုင်ဝမ်ရှိ ဝယ်လက်များထံမှ ကုန်တင်ပို့ ရန် အမှာစာများ ပြန်လည်လက်ခံရရှိလာကြကြောင်း၊ တရုတ်နိုင်ငံသို့ ဝါဂွမ်းပို့ကုန်တင်ပို့မှု အား ၂ လကြာရပ်ဆိုင်းခဲ့ရာမှ ဧပြီလ ဒုတိယပတ်အတွင်း ကုန်သေတ္တာ အလုံးရေ ၃၀၀ ကို ပြန်လည်တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ ထိုသို့ ဝါဂွမ်းပြန်လည်တင်ပို့ရာ၌ ယခင်ကတင်ပို့ခဲ့သည့် ဈေးနှုန်းအောက် ၁၀% မှ ၁၂% အထိ လျော့ကျမှုရှိသော်လည်း လက်ရှိကာလ၌ အိန္ဒိယရူပီးငွေတန်ဖိုး ကျဆင်းလျက်ရှိခြင်းက သက်သာမှုအတန်အသင့်ရရှိမည်ဟု အိန္ဒိယဝါဂွမ်းတင်ပို့သည့် ကုန်သည်များက ပြောဆို လျက်ရှိကြောင်းဖြင့် Economic Times သတင်းဌာနက ဖော်ပြပါသည်။

အိန္ဒိယနိုင်ငံ၌ ဆေးဝါးထုတ်လုပ်တင်ပို့သည့် လုပ်ငန်းများအနေဖြင့် Lockdown ကာလအတွင်း ပြည်ပနိုင်ငံများထံမှ လက်ခံရရှိထားသည့် ကုန်အမှာစာများအရ ဆေးဝါးများ တင်ပို့မှုကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         1. Indian traders signing rice export deals again after three-week pause,  16 Apr 2020, Hindustan Times

                   2. Orders flow in for meat and cotton yarn exporters, 18 Apr 2020, Economic Times

                   3. Indian begins export of major farm items amid COVID-19 lockdown, 15 Apr 2020, Economic Times

                   4. Record basmati exports from India as Ramadan and pandemic surges demand, 15 Apr 2020, Economic Times

                   5. Initiatives of Department of Agriculture, Cooperation & Farmers Welfare to promote farming and allied sectors during lockdown, 15 Apr 2020, Press Information Bureau of India

Category: India (Delhi)